အိမ်တစ်အိမ်မှာရှိတဲ့ မိသားစုဝင်အားလုံးဟာ ကာယသုခ၊ စိတ္တသုခ၊ လူမှုရေးသုခဆိုတဲ့ သုခသုံးဖြာနဲ့ ပြည့်စုံပြီး မသန်မစွမ်း ကိုယ်အင်္ဂါချိုတဲ့မှုက ကင်းရှင်းမှသာ ကျန်းမာမည်ဖြစ်ရာ သာယာဝပြောပြီး ပျော်ရွှင်နှစ်မြို့ဖွယ်ရာ သီရိဂေဟာဖန်တီးဖို့ သန်မာတဲ့ နှလုံးကို ပိုင်ဆိုင်ဖို့လိုတယ်။ နှစ်စဉ် စက်တင်ဘာလ၏ နောက်ဆုံးတနင်္ဂနွေကို “ကမ္ဘာ့နှလုံး ကျန်းမာရေးနေ့” လို့ သတ်မှတ်ပြီး မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာမှာ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်မှ စတင်ကျင်းပခဲ့တာ ၁၆ ကြိမ်တိုင်ခဲ့ပေပြီ။ ကမ္ဘာ့နှလုံး စောင့်ရှောက်ရေး အဖွဲ့ကြီး (World Heart Foundation – WHF) နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO တို့က ဦးဆောင်ဆင်နွှဲရာမှ World Economic Forum ကဲ့သို့ အဖွဲ့အစည်းကြီးတွေကပါ ပူးပေါင်း ဆောင်ရွက်လာကြပါတယ်။ နှလုံးကျန်းမာရေးအတွက် လုပ်ငန်းခွင် ကျန်းမာရေး Work with heart တို့ ကမ္ဘာတစ်ဝန်း မိသားစုဝင်တွေရဲ့ အိမ်တွင်းနှလုံး ကျန်းမာရေး One World, One Home, One Heart တို့ကဲ့သို့ လှုံ့ဆော်ချက်တွေကို ရွေးချယ်သတ်မှတ် ဆောင်ရွက်ခဲ့ကြပါတယ်။
ကူးစက်ရောဂါများ ရှိသလို၊ ကူးစက်မဟုတ်တဲ့ ရောဂါဆိုးတွေလည်း လူသားမျိုးနွယ်ဝင်တွေကို သေကျေဖျက်စီး စေလျက်ရှိတယ်။ နှလုံးနဲ့ သွေးကြောရောဂါ (Cordiovascular Disease – CVD) တွေ၊ ၎င်းရဲ့ နောက်ဆက်တွဲဖြစ်တဲ့ လေဖြတ်ရောဂါတွေဟာ လူမျိုးဘာသာ ဆင်းရဲချမ်းသာ တောင်ပေါ်မြေပြန့် အဖြူအမည်း မခွဲခြားဘဲ သေဆုံးစေလျက်ရှိတယ်။ ကမ္ဘာ့နှလုံး စောင့်ရှောက်ရေးအဖွဲ့ (World Heart Foundation) ရဲ့ ထုတ်ပြန်ချက်အရ နှလုံးရောဂါ လေဖြတ်ရောဂါ ဝေဒနာတွေကြောင့် နှစ်စဉ်ကမ္ဘာမှာ လူ ၁၇ ဒသမ ၃ သန်းခန့် သေဆုံးလျက် ရှိကြတယ်။ ဒီကိန်းဏန်းဟာ လျော့မကျဘဲ တိုး၍တိုး၍ ဖြစ်ပွားနေလို့ ၂၀၃၀ ပြည့်နှစ်မှာ ကမ္ဘာ့လူဦးရေ ၂၃ သန်းကျော် (သြစတြေးလျနိုင်ငံရဲ့ လူဦးရေ) မျှ သေဆုံးစေမယ်လို့ ခန်းမှန်းရပါတယ်။
နှလုံးနဲ့ လေဖြတ်ရောဂါတွေကြောင့် သေဆုံးကြတဲ့ ၁၇ ဒသမ ၃ သန်းခန့်တို့အနက် ထက်ဝက်ကျော်ဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်နေတယ်။ အဲဒါကြောင့် ကမ္ဘာ့နှလုံး စောင့်ရှောက်ရေး အဖွဲ့နဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့တို့က မိသားစုဝင်တွေနေထိုင်ရာ အိမ်တွင်းမှာ နှလုံးကျန်းမာရေးကို ရှေ့တန်းတင်ကြဖို့ တိုက်တွန်းနှိုးဆော်ကြတယ်။ နှလုံးရောဂါ လျော့ပါးပြီး ကျန်းမာပျော်ရွှင်တဲ့ သီရိစာဟာ ဖြစ်ရေးကို လိုလားကြပါတယ်။ လူအတော်များများဟာ နှလုံးနဲ့ လေဖြတ်ရောဂါကို အသက်ကြီးသူတွေရဲ့ ရောဂါလို့ ထင်မှတ်ကြတယ်။ ဒီအယူအဆဟာ မှားပါတယ်။ အမှန်စင်စစ် ကလေးငယ်တွေမှာရော အမျိုးသမီးတွေမှာပါ ခံနိုင်ရည်နည်းလို့ လူကြီးတွေနဲ့ အမျိုးသားတွေထက် နှလုံးနဲ့ လေဖြတ်ရောဂါဖြစ်တာ မနည်းလှပါ။
နှလုံးရောဂါနဲ့ လေဖြတ်ရောဂါလို နာတာရှည် ရောဂါတွေကြောင့် သေဆုံးတဲ့လူနာတွေရဲ့ ထက်ဝက်နီးပါးဟာ လူ့ဘဝသက်တမ်းရဲ့ အကောင်းဆုံးနဲ့ အသုံးဝင်ဆုံး အသက်အရွယ်ဖြစ်တဲ့ အသက် ၁၅ နှစ်ကနေ ၆၉ နှစ်အတွင်း ဖြစ်တယ်ဆိုတာ မှတ်သားခဲ့ဖူးပါတယ်။
နှလုံးရောဂါခံစားရတဲ့ လူနာတွေရဲ့ အဆင့်ခွဲခြားမှုကို ဖော်ပြရမယ်ဆိုရင်၊ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ အကျော်အမော် နှလုံးရောဂါ သမားတော် ပညာရှင်များအဖွဲ့ (New York Heart Association – NYHA) ရဲ့ သတ်မှတ်ချက် အဆင့်လေးဆင့် ရှိပါတယ်။
ပထမအဆင့် နှလုံးရောဂါ ဝေဒနာရှင်တွေဟာ နေ့စဉ်ပုံမှန်လုပ်ငန်း ဆောင်တာတွေကို ဆောင်ရွက်ရာမှာ မောပန်းတာမျိုး၊ ရင်တုန်တာမျိုး၊ ရင်ဘတ်အောင့်တာမျိုး၊ မအီမသာ ဖြစ်တာမျိုး၊ နုံးခွေတာမျိုး၊ စိုးရိမ်စိတ် ပေါ်တာမျိုး မဖြစ်ပါ။
ဒုတိယအဆင့်မှာ နေ့စဉ်ပုံမှန် လုပ်ငန်းဆောင်တာတွေ ပြုလုပ်တဲ့အခါ အနည်းငယ်မောတာ၊ ရင်ဘတ်အောင့်တာ၊ ရင်တုန်တာ၊ မအီမသာဖြစ်တာ၊ နုံးခွေတာမျိုး အနည်းငယ် ခံစားရတာ၊ အနားယူလိုက်ရင် ပျောက်သွားတာမျိုးကို ခေါ်ဆိုပါတယ်။
တတိယအဆင့်ကျရင် နေ့စဉ်ပုံမှန် လုပ်ငန်းဆောင်တာတွေကို အနည်းငယ်လုပ်ရုံမျှနဲ့ ပိုပြီးပြင်းပြင်းထန်ထန် ခံစားရတယ်။ အနားယူရုံနဲ့လည်း မသက်သာဘဲ နေတတ်တယ်။
စတုတ္ထ အဆင့်မှာတော့ ဘယ်နေ့စဉ်ပုံမှန် လုပ်ငန်းဆောင်တာကိုမှ မလုပ်ဘဲ အနားယူချိန်မှာလည်း ပိုမိုပြင်းပြင်ထန်ထန် ခံစားရတဲ့ အဆိုးရွားဆုံး အဆင့်ဖြစ်တယ်။
နေ့စဉ်ပုံမှန် လုပ်ငန်းဆောင်တာတွေဆိုတာ အိပ်ရာနိုးပြီး ထထိုင်တာ၊ ရပ်တာ၊ ရေချိုးခန်း အိမ်သာသွားတာ၊ လျှောက်တာ၊ မျက်နှာသစ်တာ၊ သွားတိုက်တာ၊ နံနက်စာ စားတာ၊ ဧည့်ခန်းအိမ်ရှေ့ဘက်ကို လျှောက်တာ၊ စာဖတ်တာ၊ ရုပ်မြင်သံကြားကြည့်တာ၊ ဖုန်းပြောတာ၊ ဖုန်းနားထောင်တာ၊ စကားပြောတာ၊ ချောင်းဆိုးတာ၊ နှာချေတာ၊ မီးခလုတ် ပန်ကာခလုတ်၊ Remote နှင့် ပိတ်တာ၊ တံခါး ပြတင်းပေါက်ဖွင့်တာ ပိတ်တာ၊ ရေချိုးတာ၊ အဝတ်အစားလဲတာ၊ မိသားစုဝင်တွေ၊ စောင့် ရှောက်ပေးသူတွေကို တောင်းဆိုတာ၊ ညွှန်ကြားတာ စတာတွေပဲ ဖြစ်တယ်။
ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းတယ်လု့ိ ဆိုထားပါတယ်။ ကျန်းမာအောင်နေထိုင်တဲ့ စနစ်ကို ကျင့်သုံးမယ်ဆိုရင် အရွယ်မတိုင်မီ သေဆုံးမှုကို အနည်းဆုံး ၈၀ ရာခိုင်နှုန်းအထိ ကြိုတင်ကာကွယ် နိုင်တယ်လို့ သာဓက အခြေပြ လေ့လာချက်တွေအရ သိရှိရပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်ခြင်းကို အားလုံးသိရှိ ကြပါလိမ့်မယ်။ အနည်းငယ် ပြန်နွှေးရမယ်ဆိုရင်-
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရဖြစ်စေတဲ့ အစားအစာတွေကို စားသုံးပါ။ ဆန်ဂျုံ ပဲစတဲ့ အင်အားကို ဖြစ်ထွန်းစေတဲ့ ကာဘိုဟိုက်ဒရိတ် အုပ်စုဝင် အစားအစာတွေ၊ ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးစေတဲ့ ပရိုတိန်း အုပ်စုဝင် အသား၊ အဆီ၊ ဥ၊ ပဲအမျိုးမျိုးတွေ၊ ဗီတာမင် အေ၊ ဘီ၊ စီ၊ ဒီ၊ အီး၊ အက်ဖ်၊ ကေ၊ ဖောလစ်အက်ဆစ်၊ သတ္တုဓာတ်အစုံပါတဲ့ ရောဂါမှ ကာကွယ်ပေးတဲ့ သက်စောင့်ဓာတ် အုပ်စုဝင် အသီး၊ အနှံ၊ အရွက်၊ အဆစ်၊ အခွံမာအသီး စတာတွေ၊ Micro-nutrients နဲ့ ရေအုပ်စုကို မျှမျှတတ စားသောက်ပါ။ မိမိကာယ လုပ်ငန်းနှင့် လိုက်လျောညီထွေစားပါ။ အလွန်အကျွံ မစားပါနဲ့။ အငန်၊ အချို၊ အဆီ လျှော့စားပါ။ အထူးသဖြင့် ပြည့်ဝဆီ၊ ပြန်ကြော်ဆီ၊ တာရှည်ခံ အသင့်ပြုလုပ်ထားတဲ့ အစားအစာ၊ အကြော် အလှော်၊ အချိုရည် ပုလင်း/ဘူး၊ အရောင်ဆိုးထားသော အစားအစာ စတာတွေကို ရှောင်ပါ။
ရေများများသောက်ပါ။
ရောင်စုံအသီးအနှံ အရွက်တွေစားပါ။ ဖြစ်နိုင်ရင် တစ်နေ့ငါးကြိမ်စားပါ။
ဆေးလိပ်ကို ရှောင်ပါ။
ကွမ်းယာကို ရှောင်ပါ။
အရက်ကို အလွန်အကျွံ မသောက်ပါနဲ့။
ပြည့်ပြည့်၀၀ အိပ်စက်အနားယူပါ။
ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။
စိတ်ဖိစီးမှုကို ထိန်းသိမ်းပါ။
လောဘ၊ ဒေါသ၊ မောဟ ရှောင်ပါ။
တရားမှာ မွေ့လျော်ပါ။
မိမိနှင့် လိုက်လျောညီထွေ ကိုယ်လက်လှုပ်ရှားမှုကို ပြုလုပ်ပါ။ နေ့စဉ် မိနစ် ၃၀ လောက် ခပ်သွက်သွက် လမ်းလျှောက်ပါ။ မိသားစုဝင်တွေ၊ အပေါင်းအသင်း သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ကပါ၊ ခုန်ပါ၊ ကာရာအိုကေဆိုပါ၊ အော်ဟစ်ပါ။
တတ်ကျွမ်းသူများနဲ့ ကုသမှုခံယူပါ။ ရက်ချိန်းများ မပျက်ကွက်ပါစေနဲ့။
လူသားအားလုံး နှလုံးသန်မာ လူကျန်းမာ စိတ်ချမ်းသာကြပါစေ။










