မကွေးနှင့် ရတနာပုံပွဲတွင် ရတနာပုံ ကစားသမားအား ကွင်းလယ်ဒိုင်က မှားယွင်းစွာ ထုတ်ပယ်ကြောင်း ယူဆသဖြင့် ယင်းပြစ်ဒဏ်အတွက် ရတနာပုံအသင်း အယူခံဝင်မည်

မကွေးနှင့် ရတနာပုံပွဲတွင် ရတနာပုံ ကစားသမားအား ကွင်းလယ်ဒိုင်က မှားယွင်းစွာ ထုတ်ပယ်ကြောင်း ယူဆသဖြင့် ယင်းပြစ်ဒဏ်အတွက် ရတနာပုံအသင်း အယူခံဝင်မည်
Published 15 September 2015

          မကွေးနှင့် ရတနာပုံအသင်းတို့သည် ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်က MNL ပွဲစဉ် (၁၇) အဖြစ် ရန်ကုန်မြို့ရှိ သုဝဏ္ဏအား ကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဂိုးစီ သရေကျခဲ့ကြောင်း သိရသည်။ ယင်းပွဲကို တာဝန်ယူ ကိုင်တွယ်ခဲ့သည့် ကွင်းလယ်ဒိုင်လူကြီး ဦးသန့်ဇင်ဦးသည် ပွဲကစားချိန် ၈၄ မိနစ်တွင် ရတနာပုံ နောက်ခံလူ မွန်ကာလူး (နိုင်ဂျီးရီးယား) အား အဝါကတ်တစ်ကြိမ် ပြသပြီးနောက် အနီကတ် ထပ်မံပြသကာ မှားယွင်းစွာ ထုတ်ပယ်ခဲ့ကြောင်း ရတနာပုံအသင်းက ယူဆခဲ့သည်။
ဦးသန့်ဇင်ဦးသည် မွန်ကာလူးအား မထုတ်ပယ်မီ ပွဲကစားချိန်  မိနစ် ၅၀ တွင် ရတနာပုံ ကွင်းလယ်ကစားသမားဖြစ်သူ မက်ဆီမင်(အိုင်ဗရီကို့စ်) ကို အဝါကတ် ပြသထားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ကွင်းလယ်ဒိုင်လူကြီး ဦးသန့်ဇင်ဦးသည် ရတနာပုံ နောက်တန်းကစားသမား မွန်ကာလူးအား မက်ဆီမင်နှင့် မှားယွင်းကာ ထုတ်ပယ်ခဲ့ဖွယ်ရှိကြောင်း ရတနာပုံအသင်း တာဝန်ရှိသူများက သုံးသပ် ယူဆခဲ့ခြင်းဖြစ်သည်။ ယင်းပွဲတွင် အရန်ဒိုင်အဖြစ် တာဝန်ယူခဲ့သူ ဦးအောင်သူသည် ရတနာပုံ နောက်ခံလူ မွန် ကာလူးအား ဦးသန့်ဇင်ဦးက အနီကတ်ပြထုတ်ပယ်စဉ် သတိပေးမှု ပြုလုပ်ခဲ့သော်လည်း ဦးသန့်ဇင်ဦးက လက်ခံခြင်းမရှိဘဲ ၎င်းင်း၏ ဆုံးဖြတ်ချက်ကိုသာ အတည်ပြု၍ ထုတ်ပယ်ခဲ့ခြင်း ဖြစ်ကြောင်း ရတနာပုံ အသင်းက ယူဆခဲ့သည်။ ထို့ကြောင့် ရတနာပုံအသင်းသည် ၎င်းတို့ကစားသမားအား ယင်းကဲ့သို့ မှားယွင်းစွာ ထုတ်ပယ်ခဲ့မှုနှင့် ပတ်သက်၍ ကွင်းလယ်ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်အား ကန့်ကွက်ကြောင်း မြန်မာနေ ရှင်နယ်လိဂ် ကော်မတီထံ  အယူခံဝင်သွားမည် ဖြစ်ကြောင်း သိရသည်။
ရတနာပုံအသင်း တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ ပြိုင်ပွဲကျင်းပရေးကော်မတီ၊ ဒိုင်ကော်မတီနဲ့ စည်းကမ်းထိန်းသိမ်းရေး ကော်မတီတို့ကို ကန့်ကွက်သွားမှာပါ။ ဒီဖြစ်ရပ်ကြောင့် ကျွန်တော်တို့အသင်း နစ်နာခဲ့ သလို မှားယွင်းတဲ့အခြေအနေက ရှင်းရှင်းလင်းလင်း ဖြစ်နေတာကြောင့်ပါ” ဟု ပြောကြားခဲ့သည်။

Most Read

Most Recent