ကံ၊ ကံ၏အကျိုး

ကံ၊ ကံ၏အကျိုး
Published 15 September 2015
အရှင်သုမင်္ဂလ (စစ်ကိုင်း)

(၁)
ဤမြေအပြင်၌ ပေါက်ရောက်သမျှသော သစ်ပင်ကြီးငယ်တို့သည် တစ်ပင်နှင့်တစ်ပင် မတူညီကြ။ ကွဲပြားခြားနားခြင်း အသွင်ကိုဆောင်သည်။ အမည်နာမအားဖြင့်လည်း မတူ၊ အရွယ်ပမာဏအားဖြင့်လည်း မတူ၊ ပေါက်ရောက်ရာ နယ်မြေချင်းလည်း မတူ၊ အသုံးဝင်ပုံဝင်နည်းချင်းလည်း မတူညီကြပါ။ အချို့က အပွင့်ပွင့်သည်။ အချို့က မပွင့်။ အချို့က အသီးသီးသည်။ အချို့က မသီး။ အချို့က ပွင့်လည်းပွင့် သီးလည်း သီးသည်။
အသီးသီးသော အပင်တို့၌ပင် အချို့အပင်မှ သီးသောအသီးက ချို၍၊ အချို့အပင်မှ သီးသောအသီးက ခါးသည်။ အချို့အသီး က ချဉ်သည်၊ စပ်သည်၊ ဖန်သည် စသည်ဖြင့် အရသာကိစ္စ၌လည်း ကွဲပြားခြားနားကြ သည်။ အကြောင်းကား ထိုအပင်တို့၏ မူလအရင်းခံမျိုးစေ့တို့ မတူကွဲပြားကြသောကြောင့် ဖြစ်သည်။
ဘာသာရေးစာပေတို့၌ ‘ကံ’ ကို မျိုးစေ့နှင့် ထပ်တူပြု၍ ခိုင်းနှိုင်းပြဆိုသည်။ လူ့အဖြစ် လူ့ဘဝကို ရလာသူ ဟူသရွေ့တို့သည် မျိုးစေ့တည်းဟူသော ကံ၏ မတူကွဲပြားခြင်းကြောင့် မင်း၊ ပုဏ္ဏား၊ သူဌေး၊ သူကြွယ်၊ ကုန် သည်၊ လယ်လုပ် စသည်ဖြင့် ကွဲပြား ခြားနားကြရခြင်း ဖြစ်ကြောင်း ကျမ်းဂန်တို့က ဆိုသည်။ သရက်စေ့ကို စိုက်ပျိုးခဲ့လျှင် သရက်ပင်ပေါက်၍ သရက်သီးကို စားရမည်ဖြစ်သကဲ့သို့ သံပရာစေ့ကို စိုက်ပျိုးခဲ့လျှင်လည်း သံပရာပင်ပေါက်၍ သံပရာသီးကို စားရမည်ဖြစ်သည်။ တစ်စုံတစ်ယောက်သည် “ကောင်းမှုကို ပြုလုပ်ခဲ့လျှင် ကောင်းကျိုးကို ခံစားရမည်ဖြစ်သည့်နည်းတူ၊ မကောင်းမှုကို ပြုခဲ့လျှင်လည်း မကောင်းကျိုးကို ခံစားကြရမည် ဧကန်” ဟု ဆိုလိုရင်းဖြစ်သည်။
(၂)
‘ကမ္မ’ ဟူသော ပါဠိဝေါဟာရကိုပင် ‘ကံ’ ဟု မြန်မာမှု ပြုထားခြင်းဖြစ်သည်။ ကမ္မဟူသော ပါဠိက ‘အလုပ်၊ လုပ်ခြင်း’ အနက်ကို ဟောသည်။ ထိုအလုပ်သည် ‘ကိုယ်ဖြင့်ပြုမူခြင်း၊ နှုတ်ဖြင့်ပြောဆိုခြင်း၊ စိတ်ဖြင့်တွေး ကြံခြင်း’ အားဖြင့် သုံးမျိုးသုံးစားရှိသည်။ ထိုသုံးမျိုးကိုပင် ‘ကံသုံးပါး’ ခေါ်ကြခြင်းဖြစ်သည်။ အကောင်းဘက်၌ သုံးပါးရှိသည့် နည်းတူ၊ အဆိုးဘက်၌လည်း သုံးပါးပင်ရှိသည်။ အကောင်းဘက်ဆိုင်ရာကံကို ‘ကုသိုလ်ကံ’ ဟုခေါ်၍၊ အဆိုးဘက်ဆိုင်ရာကံကို ‘အကုသိုလ်ကံ’ ဟုခေါ်သည်။ “ကံကောင်းလှချည်းလား” ဟူသော အရပ်စကားသည် ကုသိုလ်ကံ၏ အကျိုးပေးခြင်းကို ရည်ညွှန်းခြင်းဖြစ်ပြီး “တယ်လည်းကံဆိုးသကိုး” ဟူသည့် စကားကတော့ အကုသိုလ်ကံ အကျိုးပေးကို ရည်ညွှန်းပြောဆိုခြင်းဖြစ်ကြောင်း ထင်ရှားသည်။
လုပ်ဆောင်ချက်ကို ‘ကံ’ ခေါ်၏ဆိုသော်လည်း ‘ကံ’ ၏ ဓမ္မစစ်တရားကိုယ်က ‘စေတနာ’ စေတသိက်ဖြစ်သည်။
‘ကောင်း၊ မကောင်း’ တစ်စုံတစ်ရာကို ‘ပြု၊ ပြော၊ ကြံ’ နေဆဲခဏ၌ ထိုတစ်ယောက်၏ အတွင်းအဇ္ဈတ္တဝယ် အမှန်တကယ် ဖြစ်တည်နေသော စေတနာကသာ ‘ကံ’ အစစ် ဖြစ်သည်။ သို့ရကား၊ တစ်ဖက်နှင့်တစ်ဖက် စေ့စပ်ပြေငြိမ်းမှု မရနိုင်သေးသူနှစ်ဦး၏ ‘တွေ့ရတာမင်္ဂလာပါ’ ဟူသော စားပွဲဝိုင်း လောကဝတ် စကားမျိုးကို ‘ကုသိုလ်ဝစီကံ’ ဟု သတ်မှတ်ဖို့ ခဲယဉ်းသည်။
‘ကံ’ အမျိုးအစားနှင့် ၎င်းတို့၏ အမည်နာမတို့က အရေအတွက်အားဖြင့် များလှသည်။ မိမိတို့ မမြင်မသိနိုင်သော ရှေးယခင် ဘဝများစွာက မိမိတို့ကိုယ်တိုင် ‘ပြု၊ ပြော၊ ကြံ’ ခဲ့သော ကံအချို့ရှိ၏။ ထိုကံတို့သည် ပြုမိလေရာ ရှေးယခင်ဘဝ၌ပင် အကျိုးပေးပြီး ဖြစ်နေသည့် ကံမျိုးလည်းရှိ၏။ ဘဝတစ်ခုခု သို့ရောက်မှ အကျိုးပေးရန် အခွင့်ကို စောင့်နေသည့် ကံမျိုးလည်းရှိ၏။ မျက်မှောက်ဘဝ၌ ပြုမိလေသမျှ ကံတို့သည်လည်း အလားတူ သဘောရှိသည်သာ။ အချို့ကံတို့သည် လက်ငင်းဘဝ၌ပင် အကျိုးပေးတတ်ခြင်း သဘောရှိသော်လည်း ကံအချို့သည်ကား သံသရာတစ်ကွေ့ကွေ့၌ အကျိုးပေးရမည့် အခွင့်အခါကို စောင့်ဆိုင်းနေခြင်း သဘောကို ဆောင်သည်။
(၃)
အချို့ကုသိုလ်ကံများသည် သူ၏ဆန့်ကျင်ဘက် အကုသိုလ်ကံကို ချေဖျက်နိုင်စွမ်း၊ အမြစ်ပြတ် ပယ်သတ်နိုင်စွမ်းရှိ၏။ အလားတူပင် အကုသိုလ်ကံကလည်း ဆန့်ကျင်ဘက်ဖြစ်သော ကုသိုလ်ကံကို ချေဖျက်နိုင်စွမ်း ရှိသည်သာ။
တစ်ခါက လက်ညှိုးပေါင်းတစ်ထောင် ပြည့်လုပြည့်ခင်အထိ လူများကို ဖမ်းဆီးသတ်ဖြတ်ခဲ့သူ အင်္ဂုလိမာလမည်သော လူမုဆိုးကြီးတစ်ဦးရှိခဲ့၏။ “လူဆိုးဗိုလ်၊ အင်္ဂုလိမာလဟာ၊ သန်လျက်ဓားကို သူ့လက်ဖျားက မချပါ” ဟု သီချင်းထဲ ထည့်ဆိုရသည်အထိ ဗုဒ္ဓစာပေတို့၌ ထင်ရှားခဲ့သူကြီးဖြစ်သည်။ အဆုံး၌ ဘုရားမြတ်စွာနှင့်တွေ့ပြီး အကျွတ်တရားရသွားသည်။ ဘုရားကျောင်းတော်သို့ လိုက်ပါပြီး ရဟန်းဘဝကို ခံယူခဲ့သည်။ ရဟန်းပြုပြီးနောက် မြို့တွင်း ရွာတွင်း ဆွမ်းခံကြွလေတိုင်း အေးအေးလူလူ ပြန်လာခဲ့ရသည် မရှိ။ “ငါ့အဖေကို သတ်ခဲ့တဲ့ ကိုယ်တော်၊ ငါ့ အမေကို ဒုက္ခပေးခဲ့တဲ့ ကိုယ်တော်” စသော ခံစားချက်ဖြင့် အချို့က ကျောက်ခဲဖြင့် လှမ်းပေါက်သည်။ အချို့က တုတ်တိုဖြင့် လှမ်းပစ်သည်။ ထို့ကြောင့် အရှင်၏ ဆွမ်းခံခရီး၌ ရံခါ၊ ခေါင်းပေါက်ပြီး ပြန်လာရခြင်းမျိုးရှိသည်။ ရံခါ သပိတ်ကွဲပြီး ပြန်လာရခြင်းမျိုးလည်း ရှိသည်။ သို့သော် အရှင်အင်္ဂုလိမာလက ဒေါသမထွက်။ သူ့သန္တာန်၌ ထွက်စရာ ဒေါသကလည်း မရှိတော့။ အရှင်က အာသဝေါတို့ ကင်းကွာခဲ့ပြီးဖြစ်နေပြီ။
ထိုပြဿနာကို ဘုရားက ဖြေရှင်းပေးသည်။ အသက်များစွာကို ဖျက်ဆီးခဲ့သူ အရှင့်အတွက် အသက်များစွာကို ကယ်တင်ရာရောက်သည့် ဂါထာမန္တာန်ကို ဘုရားက သင်ပေးလိုက်သည်။ ထိုဂါထာကို သရဇ္ဈာယ်ပေးခြင်းဖြင့် မီးအဖွားရခက်နေသော အမျိုးသမီးတို့အား ကူညီကယ်တင်ပေးနိုင်ခဲ့သည်။ ထိုအခါ “ငါ့သားလေးအသက်ကို ကယ်ခဲ့တဲ့ အရှင်၊ ငါ့ဇနီးအသက်ကို ကယ်ခဲ့တဲ့အရှင်” ဟု လူတို့၏အမြင်က ပြောင်းသွားသည်။ ထို မန္တာန်ကား အခြားမဟုတ်၊ ပရိတ်ကြီး (၁၁)သုတ်၌ အထင်အရှားပါဝင်ခဲ့သည့် အင်္ဂုလိမာလသုတ် ဖြစ်သည်။
အရှင်အင်္ဂုလိမာလအနေဖြင့် လူမုဆိုးကြီးဘဝက လွန်ကျူးခဲ့သော အကုသိုလ်ပြစ်ဒဏ်၊ အကုသိုလ်ကံကို အရဟတ္တမဂ် ကုသိုလ်ကံက လွှွမ်းမိုးအနိုင်ယူသွားခြင်းဖြစ်သည်။ တစ်နည်းဆိုရသော် အကုသိုလ်ကံ၏ အကျိုးပေးခွင့်ကို ကုသိုလ်ကံက ချေဖျက်အနိုင်ယူသွားခြင်းဖြစ်သည်။ ထိုကံမျိုးကို “ဥပဃာတကကံ” ဟု ခေါ်သည်။
(၄)
အကုသိုလ်ကံက ကုသိုလ်ကံကို ချေဖျက်အနိုင်ယူခြင်းနှင့် စပ်လျဉ်း၍ အဇာတသတ်မင်း၏ ဖြစ်စဉ်ကို ကျမ်းဂန်တို့က ထုတ်ဆောင်ပြဆိုသည်။ အဇာတသတ်၏ ဘဝ၌ အကြီးကျယ်ဆုံးနှင့် အရင်းအမြစ်အကျဆုံး သော အမှားတစ်ချက်က “လူပေါင်းမှားခြင်း” ဖြစ်သည်။ လူပေါင်းမှားခြင်းကို အရင်းတည်၍ ဘုရင်အဖြစ်ကို ဖြတ်လမ်းနည်းဖြင့် ရယူလိုခြင်း၊ ကျေးဇူးရှင် ခမည်းတော် ဗိမ္ဗိသာရမင်းကြီးကို ထောင်သွင်းအကျဉ်းချခဲ့ခြင်း အ ကုသိုလ်မှုတို့ ဖြစ်ပေါ်လာရသည်။ သို့ဖြင့်အဆုံး၌ “အဖသတ်သား၊ အများကမသတီ” ဘ၀ ရောက်ခဲ့ရသည်။
“မင်းသားသည် သင့်အဖကိုသတ်၍ မင်းလုပ်လေ၊ ငါလည်း၊ ဘုရားကို သတ်၍ ဘုရားလုပ်မည်” ဟူသော ရှင်ဒေဝဒတ်၏ စကားကို အဇာတသတ် နားယောင်ခဲ့သည်။ အဆုံး၌ သူ့ပယောဂဖြင့် ခမည်းတော်မင်းကြီး နတ်ရွာစံ ကံတော်ကုန်ပြီးချိန်မှစ၍ ကယောင်ခြောက်ခြား ရောဂါစွဲကပ်ခဲ့ရသည်။ ညည အိပ်မရနိုင်၊ လှံအစင်းပေါင်းများစွာဖြင့် သူ့ကို ချိန်ရွယ်နေသော၊ သူ့ကို ထိုးသတ်ဟန်ပြုနေသော ချောက်အိပ်မက်များကို ဆက်တိုက်မက်ခဲ့သည်။ နောက်ဆုံး သူ၏ဂနာမငြိမ်ခြင်းများကို ကုစားရန် ဘုရားထံမှောက် ဆိုက် ရောက်ခဲ့ရသည်။
သမားတော် ဇီဝက၏ အကူအညီဖြင့် မြတ်စွာဘုရားကို ဖူးတွေ့ခွင့်ရပြီးချိန်မှစ၍ သူ့စိတ်ထဲ “ဘုရားမှဘုရား” ဖြစ်ခဲ့ရသည်။ အဇာတသတ်အနေဖြင့် မြတ်စွာဘုရားကို မည်မျှအရူးအမူး ကြည်ညိုခဲ့ပါသနည်းဆိုလျှင် ဘုရားရှင် ပရိနိဗ္ဗာန်စံသည့်အကြောင်းကိုသော်မျှ အမတ်တို့က မလျှောက်တင်ရဲသည်အထိ ဖြစ်သည်။ ဥပါယ်တံမျဉ်ဖြင့် ဘုရင်ကို ထောပတ် စားကျင်းထဲ လျောင်းစက်စေပြီးမှ ဘုရားပရိနိဗ္ဗာန် စံတော်မူသည့် အကြောင်း လျှောက်တင်ရသည်။ မင်း၏နှလုံးသားက မခံမရပ်နိုင်အောင် ပူပြင်းလေရာ ထောပတ်တွေ ထပွက်ပြီး အခိုးခြောင်းခြောင်းထသည်ဟု အဆိုရှိသည်။

Most Read

Most Recent