ဒုက္ခသည်ဟူသော စကားရပ်ကို အလွန့်အလွန်ပဲ ရင်းနှီးကျွမ်းဝင် ကြားနာမှုရှိပေမယ့် ဒုက္ခသည်များ စခန်းကိုတော့ ထိုင်းနိုင်ငံမြောက်ပိုင်း နယ်စပ်တွင်ရှိသည့် မြန်မာဒုက္ခသည်များ စခန်းကို ၂၀၁၀ ခုနှစ်တုန်းက ပထမဆုံးရောက်ဖူး၍ မျက်မြင်ကိုယ်တွေ့ ကြုံဖူးခဲ့ပါသည်။ အဲဒီတုန်းက မိမိ စိတ်ထဲမှာ ဒီအရပ်က ဒုက္ခသည် စခန်းဆိုပေမယ့် ကိုယ့်ရွာထက် အများကြီးသာတာပါလားဟု ထင်နေမိခဲ့တာ အမှတ်ရမိသေးသည်။
ဒုက္ခသည်စခန်းမှာက အိမ်လေးတွေက အသင့်အတင့် သပ်သပ် ရပ်ရပ်ရှိ၍ နေချင်စဖွယ် ဖြစ်သည်။ စခန်းတွင် နေသည့်သူအားလုံးက ဟန်းဖုန်းကိုယ်စီနဲ့ဖြစ်သည်။ နောက် လျှပ်စစ်မီးအချိန်ပြည့်ရသည်။ တစ်အိမ်မှာ တီဗွီတစ်လုံးစီနှင့် ဖြစ်သည်။ ကိုယ့်ရွာမှာက ကိုယ့်အိမ်ဆိုလျှင် ထန်းရွက်များမိုးထားသည့် တဲအိမ်အဆင့်ပဲ ဆောက်ထားနိုင်သည်။ ဟန်းဖုန်း ဆိုလျှင် အဲဒီအချိန်က မြင်တောင် မမြင်ဖူးကြသေးပေ။ လျှပ်စစ်မီးဆိုတာ တော့ အခုချိန်အထိပင် အိပ်မက်မမက်နိုင်သေး။ ဘာပဲဖြစ်ဖြစ် သူတို့သည် ဒုက္ခသည်များပဲ ဖြစ်ပါသည်။ မိမိတို့ရွာက လူတွေကိုတော့ ဒုက္ခသည်လို့တော့မခေါ်ပေမယ့် ဆင်းရဲမွဲတေသူများလို့တော့ ခေါ်နိုင်ပါသည်။
မကြာသေးမီက မိမိ၏မိတ်ဆွေတစ်ယောက် ဖင်လန်နိုင်ငံကို ရောက်သွားလေသည်။ သူက ဖင်လန်မှာ မြန်မာလူမျိုး သုံးသောင်းနီးပါးလောက်ရှိသည်ဟု ဆိုပါသည်။ အများစုက ဒုက္ခသည်စခန်းများမှ တစ်ဆင့် ဒုက္ခသည် အဖြစ်နှင့်ရောက်ရှိ နေထိုင်ကြသူတွေဟု ဆိုပါသည်။ သူတို့သည် နေစရာ၊ ထိုင်စရာ၊ စားစရာ၊ သောက်စရာ ဘာမှမပူရ၍ မြန်မာပြည်ကို မပြန်ချင်ကြဘူးဟု ဆိုသည်။ ဒုက္ခသည်စခန်းများမှ တဆင့် ချမ်းသာသော နိုင်ငံများသို့ရောက်ရှိကာ ချမ်းသာစွာနေသူများဖြစ်သည်။
ကမ္ဘာကြီးသည် ဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ ဒုက္ခသည်များနှင့် ဆင်းရဲမွဲတေမှုများကို လျှော့ချဖို့ ကြိုးပမ်းဆောင်ရွက်နေရင်းက ဒုက္ခသည်များသည် ပိုမိုကာ များသည်ထက် များများလာနေသည်။ စစ်ဘေးဒုက္ခသည်များ၊ ရွှေ့ပြောင်းဒုက္ခသည်များ၊ သဘာဝဘေးဒဏ်ကျရောက်၍ အိုးမဲ့ အိမ်မဲ့ဖြစ်ရသော ဒုက္ခသည်များ စသည်ဖြင့် ကမ္ဘာကြီးသည် ဒုက္ခသည်များ များသည်ထက် များလာလေသည်။
ယခုရက်ပိုင်းအတွင်းမှာပင် ဥရောပသို့ အစုလိုက်အပြုံလိုက်ဝင် ရောက်လာသော ရွှေ့ပြောင်း ဒုက္ခသည်များ၏ အရေးသည် ဥရောပ ခေါင်းဆောင်များကို အတော်အကျပ်ရိုက်သွားစေသည်။ ရွှေ့ပြောင်း အခြေချဖို့ကြိုးစားသူ ဒုက္ခသည်အများစုသည် စစ်ပွဲများဖြင့် မငြိမ်းချမ်းသော ဆီးရီးယား၊ အီရတ် စသည့် နိုင်ငံများမှ ဖြစ်လေသည်။ သူတို့သည် စစ်ပွဲများ၊ အကြမ်းဖက်မှုများကြောင့် ကိုယ့်အိမ်ကိုယ့်ဒေသ၊ ကိုယ့်အရပ် ကိုယ့်နိုင်ငံများမှာ ဘယ်အချိန်သေဆုံးမလဲ စိုးတထိတ်ထိတ် နေနေကြရင်းက မတတ်သာသည့် အဆုံး အသက်စွန့်ကာ ပင်လယ်များ ကိုဖြတ်သန်း၍ ရွှေ့ပြောင်းနေထိုင်ကြဖို့ ကြိုးစားကြတာ ဖြစ်လေသည်။
ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသမှာ မနေရဲတော့လို့ ရွှေ့ပြောင်းနေထိုင်ကြဖို့ ကြိုးစားကြရင်းက အသက်ဆုံးရှုံး သွားကြသော ဒုက္ခသည် အရေအတွက်ကလည်း များလှပါသည်။ ဒုက္ခဆင်းရဲခြင်းများက ထို သူများသွားရာနောက် တကောက်ကောက်လိုက်နေ သလိုဖြစ်နေသည်။ သြဂုတ် ၂၆ ရက် က မြေထဲပင်လယ်အတွင်း မျောနေသည့် သင်္ဘောငယ်များအတွင်း သေဆုံးနေသည့် ရွှေ့ပြောင်းခိုလှုံသူ ၅၅ ဦး၏ အလောင်းများကို တွေ့ရှိခဲ့ပြီး နောက်တစ်ရက်ဖြစ်သည့် သြဂုတ် ၂၇ ရက်တွင် စွန့်ပစ်ထားသော ထရပ်ကားတစ်စီးပေါ်၌ ပုံပျက်ပန်းပျက် ဖြစ်နေသည့် ရွှေ့ပြောင်းအခြေချသူ ၇၀ ကျော်၏ အလောင်းများကို သြစတြီးယားရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ လေသည်။ စက်တင်ဘာ ၂ ရက်က ရွှေ့ပြောင်းအခြေချသူတို့ လိုက်ပါ လာသော သင်္ဘောတစ်စင်းနစ်မြုပ်ပြီး တူရကီကမ်းခြေတွင် မှောက်လျက်အနေအထားဖြင့် လာရောက် သောင်တင်နေသော သုံးနှစ်အရွယ် ဆီးရီးယားကလေးငယ်၏ ဓာတ်ပုံကြောင့် တစ်ကမ္ဘာလုံး အုတ်အုတ် ကျက်ကျက်ဖြစ်ကာ ဥရောပ၏ ဒုက္ခသည် အကျပ်အတည်းမှာ ပိုမိုကာ ထင်ရှားလာခဲ့လေသည်။
ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း လူအများဆုံး ပြောင်းရွှေ့အခြေချမှုကို ကိုင်တွယ်ဖြေရှင်းရန် ရုန်းကန်နေရသည့် ဥရောပနိုင်ငံများအနက် တစ်ခုဖြစ်သည့် သြစတြီးယားနိုင်ငံထဲမှ ဗီယင်နာမြို့သို့ စက်တင်ဘာ ၃၁ ရက်က ရွှေ့ပြောင်းအခြေချသူ ၃၆၅၀ ခန့် ရောက်ရှိလာခဲ့ရာ ယင်းဖြစ်ရပ်သည် ယခုနှစ်အတွင်း တစ်ရက်တည်းနှင့် ဒုက္ခသည်အများဆုံး စုပြုံဝင်ရောက်မှု ဖြစ်လာခဲ့သည်။ စက်တင်ဘာ ၁ ရက်မှ ၃ ရက်အတွင်း ဂရိနိုင်ငံသို့လည်း ရွှေ့ပြောင်းအခြေချသူ ဒုက္ခသည် ၄၃၀၀ ခန့် ရောက်ရှိခဲ့သည်ဟု သတင်းများတွင် ဖတ်ရပြန်သည်။
မည်သူမဆို ကိုယ့်အရပ်၊ ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံမှာပဲ နေချင်ကြသူများပဲ ဖြစ်ပေမည်။ ကိုယ့်နိုင်ငံ ကိုယ့်အရပ် ကိုယ်ဒေသက အကြမ်းဖက်မှုများ၊ စစ်ပွဲများကြောင့် မငြိမ်းမချမ်း ဖြစ်နေတော့လည်း ငြိမ်းချမ်းရာ အရပ်ဒေသများဆီ သက်စွန့်ဆံဖျား သွားရောက်ကြတာ ဖြစ်ပေလိမ့်မည်။ နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ဘိုကိုဟာရမ် အစ္စလာမ္မစ် စစ်သွေးကြွများ၏ ကြမ်းကြုတ်ရက်စက်သော တိုက်ခိုက်မှုများ မြင့်တက်လာသောကြောင့် နေရပ်စွန့်ခွာရသူ ၂ ဒသမ ၁ သန်းကျော် ရှိလာပြီဟု အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း အခြေချသူများအဖွဲ့က စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန်ခဲ့လေသည်။ ဆီးရီးယားနိုင်ငံမှ ထွက်ပြေးလာသည့် ဒုက္ခသည်အပေါင်းသည် ယခုနှစ် သြဂုတ်လကုန်အထိ လေးသန်းကျော်သွားပြီဟု ဆိုပါသည်။
အစုအပြုံ ဝင်ရောက်လာသော ရွှေ့ပြောင်းဒုက္ခသည်များ၏ ပြဿနာကို လတ်တလော မည်သို့ဖြေရှင်းရမည် မသိဖြစ်၍ မိမိတို့နိုင်ငံ နယ်စပ်များတွင် မြင့်မားသည့် သံဆူးကြိုးများ ကာရံခြင်းများဖြင့် ရွှေ့ပြောင်း ဒုက္ခသည်များကို ဟန့်တားဖို့ ကြိုးစားကြလေသည်။ သို့သော် ဂျာမနီနိုင်ငံကတော့ ယခုနှစ်တွင် ဒုက္ခသည် ဦးရေရှစ်သိန်းအထိ လက်ခံဖို့ ကြိုးစားသွားမည် ဟုဆိုသည်။ ကုလသမဂ္ဂ၏ ရွှေ့ပြောင်း အခြေချသူများ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ဖရန်ဆွာခရီပျူးက အကျပ်အတည်းကို ဖြေရှင်းရန် နည်းလမ်းအဖြစ် ခိုလှုံခွင့်တောင်းခံသူများနှင့် ရွှေ့ပြောင်း အခြေချလာသူများ အတွက် အလုပ်သမားဈေးကွက်များ ဖွင့်ပေးရန် တောင်းဆိုခဲ့လေသည်။
“ခြံစည်းရိုးတွေ တည်ဆောက်တာ၊ ရွှေ့ပြောင်း အခြေချလာသူတွေနဲ့ ခိုလှုံခွင့်တောင်းခံသူတွေကို ဟန့်တားဖို့ မျက်ရည်ယိုဓာတ်ငွေ့နဲ့ တခြားအကြမ်းဖက်မှုပုံစံတွေသုံးတာ၊ ဖမ်းဆီးထိန်းသိမ်းထားတာ၊ နေစရာ၊ အစားအစာနဲ့ ရေတို့လို အခြေခံ လိုအပ်ချက်တွေကို မပေးဘဲထားတာတွေနဲ့ ခြိမ်းခြောက်တဲ့ ဘာသာဗေဒ နဲ့ အမုန်းစကားတွေ ပြောတာတွေက ဥရောပကိုလာတဲ့ ဒါမှမဟုတ် ဥရောပကိုလာဖို့ ကြိုးစားတဲ့ ရွှေ့ပြောင်း အခြေချသူတွေကို ရပ်တန့်နိုင်မှာ မဟုတ်ပါဘူး” ဟု ခရီးပျူးက မှတ်ချက်ပြု၍ သတိပေးပြောကြားခဲ့သည်။
ဒုက္ခသည် အရေအတွက်ကို ထိုနည်းများဖြင့် ဟန့်တားနိုင်မည် မဟုတ်ပါ။ ဒုက္ခသည် အများစုများသည် စစ်မက်ဖြစ်ပွားနေသော အရပ်ဒေသများမှ လွင့်စဉ်လာကြသူ များဖြစ်သည်။ ထိုဒုက္ခသည်များ လျော့ပါးဖို့ လုပ်ဆောင်ရန်မှာ စစ်ပွဲများ၊ အကြမ်းဖက်မှုများ၊ အဓိကရုဏ်းများကို ဖြေရှင်းပပျောက်အောင် ကြိုးစားပြီး ငြိမ်းချမ်းသော အရပ်ဒေသတစ်ခုအဖြစ် ပြုလုပ်နိုင်မှသာလျှင် ဒုက္ခသည်များ လျှော့နည်းသွားပေလိမ့်မည်။
မိမိတို့နိုင်ငံမှာလည်း ယခုနှစ်မှာတော့ ဒုက္ခသည်တွေ မြောက်မြားစွာ ပေါ်ပေါက်လာသည်။ ရေကြီးခြင်း သဘာဝဘေးဒဏ်များကြောင့် ကိုယ့်အိမ်ကိုယ့်ယာများမှာ နေလို့မရ၍ ဒုက္ခသည်စခန်းများသို့ ရွှေ့ပြောင်းကာ ဒုက္ခသည်များအဖြစ် နေနေကြရလေသည်။ သူတို့သည် ဘူးလေးရာ ဖရုံဆင့်ဆိုသလို အရင်ကလည်း ချမ်းသာသူများ မဟုတ်ကြ၍ နေရေး ထိုင်ရေး စားရေ သောက်ရေးများကို အနိုင်နိုင် ကြိုးစားရှာဖွေ စားသောက်နေကြသူများ ဖြစ်ကြသည်။ နဂိုကမှ ဆင်းရဲကြသူများဖြစ်၍ အခုတော့ ပို၍ဆင်းရဲသထက် ဆင်းရဲကာ ဒုက္ခသည်များအဖြစ်သို့ ရောက်ရှိသွားလေတော့သည်။
စစ်ပွဲများကြောင့် ကချင်ပြည်နယ်မှ စစ်ဘေးဒုက္ခသည်များ စခန်းများမှ ဒုက္ခသည်များ၏ အိမ်ပြန်ရဖို့ အိပ်မက်သည် အခုချိန်ထိ အလှမ်းဝေးနေဆဲဖြစ်သည်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အကောင်အထည် ပေါ်လာဖို့ပဲ မျှော်လင့်ရပေမည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းသာယာလာတဲ့အခါ ရောက်လာရင်တော့ ဒုက္ခသည်များ အရေအတွက်လည်း လျော့နည်းသွားပေလိမ့်မည်။ အခု လောလောဆယ်တော့ ရေဘေးဒုက္ခသည်များကို ပြန်လည်ထူထောင်ရေးနှင့် အကူအညီပေးရေးကိုပဲ အထူးလုပ်ဆောင် ရပေလိမ့်ဦးမည်။










