ရက်ပိုင်းအတွင်းမှာ ကြားရသိရတဲ့ အကြောင်းအရာတွေ၊ ဖတ်ရတဲ့ သတင်းတွေကြောင့် ကိုယ်တွေရဲ့ လုံခြုံရေးကို ကိုယ်တိုင်သာ သတိရှိရှိ နေထိုင်သွားလာဖို့လိုလာတဲ့ အခြေအနေဖြစ်သွားပါပြီ။ ဘာကြောင့်လဲ ဆိုတော့ ကိုယ့်ညီမဝမ်းကွဲလေး တွေ့ကြုံခဲ့ရတဲ့ဖြစ်ရပ်ကို သူမပြောနဲ့ ပြန်နားထောင်မိတဲ့ ကိုယ်တောင် စိတ်က တုန်ကယင်တွေဖြစ်ပြီး ငါသာဆိုရင်ရော ဘယ်လိုရင်ဆိုင်ဖြေရှင်းမိပြီး ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာ တွေးမိပြီးကို ရင်မောသွားရပါတယ်။
အဲဒီဖြစ်ရပ်ကတော့ လှိုင်သာယာမှာနေတဲ့ ကိုယ့်ညီမဝမ်းကွဲလေးတစ်ယောက် ကိစ္စတစ်ခုကြောင့် ရန် ကုန်မြို့လယ်ကိုလာရပြီး အပြန်ကို ယုဇနပလာဇာကိုဝင်ပြီး မိုးရွာတာကြောင့် ပလာဇာရှေ့ကနေ လှိုင်သာ ယာကို တက္ကစီငှားပြီး ပြန်ခဲ့ရာကနေစခဲ့ပါတယ်။ တက္ကစီယာဉ်မောင်းက ညီမလေးကို စကားတွေပြောပြီး ချော တယ် လှတယ်ဆိုတာတွေပါ ပြောလာတာကြောင့် သားနှစ်ယောက် မိခင်ဖြစ်ပြီး သားအကြီးရဲ့ကျောင်း ကိစ္စနဲ့ ပတ်သက်ပြီး လှိုင်သာယာ အဝိုင်းနားက ကျောင်းနားမှာဆင်းမယ်လို့ ပြန်ပြောလိုက်ပါတယ်။ ခရီးကရှည် လမ်းကပိတ်နဲ့ စီးလာလိုက်တာ ကားကလည်း လှိုင်သာယာနား ရောက်ခါနီးလာပြီ ဆိုတာကြောင့် မျက်စိမှေးစင်းပြီး မှေးခနဲ ခဏအိပ်ပျော်သွားပါတယ်တဲ့။ ပြန်ပြီးသတိရလာချိန်မှာတော့ လှိုင်သာယာနားမှာပဲ လုံးချင်းအိမ်တွေ သီးသန့်ရှိပြီး လူပြတ်တဲ့ ရပ်ကွက်နားရောက်နေတာကို တွေ့လိုက်ရပြီး တက္ကစီယာဉ် မောင်းက ရုတ်ရုတ်ရုတ်ရုတ်မလုပ်ဘဲ အေးဆေးနေဖို့နဲ့ တစ်ခုခုလုပ်ရင် ရှေ့မှာရှိတဲ့နံရံကို ကားနဲ့တိုက်လိုက်ရင် နှစ်ယောက်စလုံး ဇာတ်သိမ်းသွားမယ်ပြောပြီး ခြိမ်းခြောက်ပါတယ်။ ညီမလေးက စိတ်ထဲမှာတော့ တော် တော်ကို ကြောက်နေသလို ဘယ်လိုလုပ်ရင်ကောင်းမလဲ တွေးနေပြီး နောက်တော့ စိတ်ကိုတည်တည် ငြိမ် ငြိမ်ထားပြီး လေသံပြင်းပြင်းမဟုတ်ဘဲ အစ်ကိုက ဘာကိစ္စရှိလို့လဲမေးတော့ အေးအေးဆေးဆေး စကား ပြောချင်လို့လို့ ပြန်ပြောပါတယ်။ ညီမလေးကလည်း အစ်ကိုရယ် အေးအေးဆေးဆေး စကားပြောချင်တာများ ဒီအထိလာစရာမလိုပါဘူး။ ဒီနားမှာ အေးဆေးထိုင်စကားပြောလို့ ရတဲ့နေရာတွေ၊ ဆိုင်တွေရှိပါတယ်။ စကားပြောချင်တာ အဲဒီနေရာမှာ ပြောလို့ရတယ်၊ ညီမလိုက်ခဲ့မယ်ဆိုပြီး အပျော့ဆွဲလေးပြောတော့ ခြိမ်း ခြောက်စကားမပြောတော့ဘဲ နည်းနည်း ငြိမ်ကျသွားချိန်မှာ ညီမလေးက ကားတံခါးဖွင့်ပြီး ဆင်းပြေးပါ တော့တယ်တဲ့။ တက္ကစီယာဉ်မောင်းသမားကလည်း ကားကိုနောက်ပြန်ဆုတ်ကာ ကားနဲ့အနောက်ကနေ လိုက်လာပြီး ညီမလေးကိုမိသွားချိန်မှာ ဘာလို့ထွက်ပြေးတာလဲ ဒေါနဲ့ မောနဲ့ပြောတော့ ပြေးတာမဟုတ်ပါဘူး အစ်ကိုရယ် ဆီးသွားချင်လို့ပါလို့ မျက်နှာငယ်လေးနဲ့ ညီမလေးကပြန်ပြောရတာပေါ့တဲ့။ ဒီတော့ တက္ကစီ ယာဉ်မောင်းက ဆီးသွားချင်ရင် ဟိုနားကချုံပုတ်ထဲမှာ သွားလို့ပြောတော့ အဲဒီလိုတော့ သွားလို့ဘယ် အဆင်ပြေပါ့မလဲ အစ်ကိုရယ် အဝိုင်းထိပ်နားက အများသုံးသန့်စင်ခန်း ဆိုရင်တော့ ပိုအဆင်ပြေတာပေါ့ ပြော ပြီး လူများတဲ့နေရာကိုသွားဖို့ ချော့ပြောလိုက်ပါတယ်။ ဒါမှမဟုတ် ညီမ သားနှစ်ယောက်ကိုလည်း ထမင်းမ ကျွေးရသေးတော့ ထမင်းသွားကျွေးပြီး အစ်ကိုနဲ့ စကားအေးအေးဆေးဆေးပြောဖို့ တစ်နေရာသွားကြမယ် လေ ပြန်ပြောလိုက်ပါတယ်။ အဲဒီလိုပြောလိုက်တော့ တက္ကစီသမားက နည်းနည်းစဉ်းစားပြီး ဒါဆို အိမ်ပြန် ကလေးတွေကို ထမင်းကျွေးပြီးရင် သွားမယ်ဆိုလိုက်တော့ ညီမလေးမှာ နည်းနည်းသက်ပြင်းချပြီး ကားပေါ် မှာလည်း အာရုံပြောင်းအောင် စကားတွေပြောပြီး အိမ်နားကိုရောက်အောင် မောင်းခိုင်းလိုက်ပါတယ်။ အိမ်နားရောက်ပေမယ့်လည်း ငါးအိမ်လောက်ကို ကျော်ရပ်ခိုင်းပြီး လမ်းထိပ်မှာစောင့်နေဖို့ ပြောဆိုကာ ခပ်တည်တည်နဲ့ အဲဒီအိမ်ထဲ ဝင်ဟန်ဆောင် ဝင်ပြပြီး တက္ကစီကား လမ်းထိပ်ရောက်အောင်စောင့်ပြီးမှ ကိုယ့် အိမ်ကို ပုန်းကွယ်ပြီး ပြန်ခဲ့ရပါတယ်တဲ့။ အိမ်ပြန်ရောက်တော့ ဘယ်သူကိုမှ စကားမပြောနိုင်သေးဘဲ စိတ် ကိုတည်ငြိမ်အောင် အရင်လုပ်ပြီး အိမ်ထဲမှာပဲ ပုန်းနေလိုက်တယ်လို့ ပြန်ပြောပြပါတယ်။ တက္ကစီသမားက ဘာမှမလုပ်ပေမယ့် ရည်ရွယ်ချက်တစ်ခုရှိပုံရပြီး သူ့ကို အသံမာမာ ရုန်းရင်းဆန်ခတ်တွေလုပ်ရင် သူလို ချင်တာကို အကြမ်းနည်းနဲ့ အဓမ္မယူမှာဖြစ်သလို လူကိုရန်ရှာတာတွေ၊ ထိခိုက်အောင်လုပ်တာတွေ လုပ်နိုင် တာကြောင့် အသံမမာရဲဘဲ လေပျော့လေးနဲ့ လူများတဲ့နေရာကို ရောက်အောင်သွားနိုင်ဖို့ အချိန်ဆွဲရင်း တတ် နိုင်သလောက် တစ်စုံတစ်ရာမဖြစ်ဖို့အတွက် ကြံဖန်ရုန်းထွက်ခဲ့ရတယ်လို့ ညီမလေးကဖြစ်စဉ်ပြီးမှ အေးဆေး ပြန်ပြောပြနိုင်ရှာပါတယ်။ ဖြစ်စဉ်ဖြစ်တုန်းက ကိုယ်တိုင်ကြုံတွေ့လာသူကတော့ ဘယ်လိုခံစားရလဲ မသိ ပေမယ့် ပြန်ပြောပြတာကို နားထောင်တဲ့ ကိုယ်တောင် အသည်းတယားယားနဲ့ စိတ်တွေချောက်ချားသွားရ ပါတယ်။
မိန်းကလေးတွေအတွက် လုံခြုံမှုမရှိတဲ့ ဒီလိုအဖြစ်အပျက်တွေကို ရက်ပိုင်းအတွင်းမှာ ကိုယ်တိုင်ကြုံ တွေ့ရသူပြောပြတာ၊ လူမှုကွန်ရက် စာမျက်နှာမှာ ကိုယ်တွေ့ကြုံသူတွေ ရေးသားထားတဲ့ပို့စ်တွေကို ဖတ်ရပြီး တဲ့နောက်မှာ အများပြည်သူတွေအတွက် လုံခြုံရေးဆိုတာ စကားလုံးအဖြစ်သာရှိပြီး လေထဲမှာပျောက် နေတဲ့အရာလားလို့ တွေးမိပါတယ်။ ဒီလိုလုံခြုံမှုမရှိတဲ့ခေတ်မှာ အဓမ္မပြုကျင့်မှုလို အခြေအနေတွေကြုံလာရင် အမျိုးသမီးတွေဟာ တုန်လှုပ်ပြီး ရုန်းရင်းဆန်ခတ် အော်ဟစ်တာထက် တစ်ဖက်လူစိတ်ထဲမှာ မျှော်လင့်တဲ့ အရိပ်အငွေ့ပေးကာ လွတ်မြောက်နိုင်မယ့်နည်းလမ်းကို စိတ်အေးအေးထားပြီး ရှာဖွေဖို့ အကြံပေးပါရစေ။ အခြေအနေတွေတိုင်းဟာ တူတာတော့မဟုတ်ပေမယ့် ကြောက်စိတ်၊ အားငယ်စိတ်တွေနဲ့ ရင်ဆိုင်တာထက် တည်ငြိမ်တဲ့စိတ်နဲ့ ဖြေရှင်းဖို့ အကြံပြုတာပါ။ ဘာကြောင့် ဒီလိုပြောရလဲဆိုရင် မိမိကိုယ်တိုင် သတိ ထားစောင့်ရှောက်နေထိုင်သွားလာမှ တော်ကာကျတဲ့ ခေတ်အခြေအနေကို ရောက်ရှိနေလို့ဖြစ်ပါတယ်။
ဇူလိုင်လ နောက်ဆုံးပတ်က တစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်တွေကနေ အကျဉ်းသား ၇၀၀၀ နီး ပါး လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာ အားလုံးသိပြီးဖြစ်မှာပါ။ ချုပ်နှောင်ခံရမှုကနေ လွတ်မြောက်လာတယ် ဆိုတာ ကောင်းမွန်တဲ့ အကြောင်းအရာတစ်ရပ် ဖြစ်တာကြောင့် လက်ခံနိုင်ပေမယ့် လွတ်မြောက်လာသူအများစုဟာ လွတ်မြောက်ဖို့ ထိုက်တန်သူတွေလားဆိုတာ စဉ်းစားစရာပါ။ ဘာလို့လဲဆိုတော့ ဇူလိုင်လကပေးလိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာသူတွေထဲမှာပါလာတဲ့ ရပ်ကွက်ထဲက လိမ်လည်မှုနဲ့ထောင်ကျသွားတဲ့ အမျိုးသမီးတစ်ဦးဆိုရင် ထောင်ကျတာ တစ်နှစ်တောင်မပြည့်သေးဘဲ လပိုင်းသာရှိသေးပြီး လွတ် တဲ့ထဲပါလာတော့ သူ့အတွက် ထိရောက်တဲ့ပြစ်ဒဏ် မခံလိုက်ရသလို ထောင်ကျခံရတာကို မမှုတော့ဘဲ နောက်ထပ်အမှုတွေ ထပ်ကျူးလွန်၊ မလွန်ဆိုတာ ဘယ်သူတွေကမှ အာမခံနိုင်မှာ မဟုတ်ပါဘူး။ အလိမ်ခံ ခဲ့ရသူ အငြိမ်းစားကျောင်းဆရာမ ကလည်း စုထားဆောင်းထားတဲ့ ပစ္စည်းတွေလည်း ပြန်မရဘဲ ဆုံးရှုံး ခဲ့ရတဲ့အပြင် ကျူးလွန်သူကလည်း ပြစ်ဒဏ်အပြည့်အဝမခံရတော့ မြွေပါးလည်းဆုံး သားလည်းဆုံး အနေ အထားလိုဖြစ်သွားပါတယ်။
အစိုးရသစ်လက်ထက်အတွင်း လွတ်ငြိမ်းချမ်းသာခွင့် ၁၂ ကြိမ်ပေး အပ်ခဲ့ပြီး အကျဉ်းသားပေါင်း ၉၀၀၀ နီးပါး လွတ်မြောက်ခဲ့ရာ နိုင်ငံရေး အကျဉ်းသားအနည်းငယ်အပါအဝင် ရာဇဝတ်ပြစ်မှု ကျူးလွန်သူအများအပြား ပါဝင်ခဲ့တယ်လို့ သတင်းတွေမှာ ဖတ်ရပါတယ်။ တကယ်တမ်းလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တဲ့ ညမှာပဲ မန္တလေးမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာသူက ဆိုင်ကယ်ခိုးမှုကို ထပ်ကျူးလွန်ပါတယ်။ နောက်ပိုင်းမှာလည်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့သူတွေထဲက ပြစ်မှုဟောင်းရှိသူတွေ၊ နာမည်ဆိုးနဲ့ ကျော်ဇောစာရင်းတွေမှာ ပါသူတွေပဲ မှုခင်းတွေ ထပ်ကျူးလွန်လာတာတွေကို သတင်းစာတွေ မှာ ဆက်တိုက်ဖတ်လာရပါတယ်။ နောက်ဆုံး တရားခံပြေးကို သွားဖမ်းတဲ့ ရဲတပ်ဖွဲ့က ရဲအုပ်နဲ့ တပ်ကြပ်တို့ကို အမှုများစွာရှိခဲ့ပြီး လွတ်ငြိမ်းချမ်းသာနဲ့ လွတ်လာတဲ့ အဲဒီတရားခံပြေးက ဓားနဲ့ထိုးလို့ သေရတဲ့အထိ ဖြစ် စဉ်တွေဖြစ်လာတော့ ပြည်သူတွေမှာ ထိတ်လန့်နေရပြီး ကိုယ့်အသက် အိုးအိမ်စည်းစိမ်ကို ကိုယ်သာလျှင် စောင့်ရှောက်ကာကွယ်မှသာ အဆင်ပြေမယ့် အခြေအနေတွေ ဖြစ်လာပါတယ်။ လုံခြုံမှုဆိုတာ စကားလုံးအ နေနဲ့ပဲရှိပြီး တကယ့်လက်တွေ့မခံစားရတဲ့ ဘဝတွေနဲ့သာ ဖြတ်သန်းနေရပါတယ်။ ဒီကြားထဲမှာ ထောင် နဲ့ချီရှိတဲ့ တရားခံပြေးတွေမှာ အားလုံးကို ပြန်ဖမ်းမမိသေးတာလည်းရှိတော့ လုံခြုံတယ်ဆိုတာ ဘယ်လို အရာမျိုးလဲဆိုတာ မေးယူရမလိုပါပဲ။
ပြည်သူတွေဟာ မလုံခြုံမှုတွေ၊ ကျပ်တည်းမှုတွေ၊ ဆိုးရွားတဲ့ဖြစ်ရပ်တွေကို ဘယ်နေ့အထိ ဆက်ရင်ဆိုင် သွားနေရဦးမလဲဆိုတာ။










