၄၉ ပွဲမြောက်နိုင်ပွဲအဖြစ် တစ်နိုင်ငံတည်းသားကို အနိုင်ယူကာ စံချိန်သစ်တင်ခဲ့ပြီးနောက် မေဝယ်သာ လက်ဝှေ့လောကမှ အနားယူရန် အတည်ပြု

၄၉ ပွဲမြောက်နိုင်ပွဲအဖြစ် တစ်နိုင်ငံတည်းသားကို အနိုင်ယူကာ စံချိန်သစ်တင်ခဲ့ပြီးနောက် မေဝယ်သာ လက်ဝှေ့လောကမှ အနားယူရန် အတည်ပြု
Published 14 September 2015
Ref:AFP

ရှုံးပွဲမရှိ ပွဲတိုင်းအနိုင်ရထားသည့် အမေရိကန်လက်ဝှေ့သမား ဖလွိုက်မေဝယ်သာနှင့် တစ်နိုင်ငံတည်းသား အန်ဒရေဘာတို၏ ချန်ပီယံ စိန်ခေါ်ပွဲကို မြန်မာစံတော်ချိန် စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းက ကျင်းပခဲ့ရာ မေဝယ်သာက ဒိုင်သုံးဦးစလုံး၏ အဆုံးအဖြတ်ဖြင့် ချန်ပီယံဘွဲ့များ ကာကွယ်နိုင်ခဲ့ကြောင်း သိရသည်။
ယင်းပွဲစဉ်ကို အမေရိကန်နိုင်ငံ နီဗာဒါပြည်နယ် လတ်စ်ဗီးဂတ်စ်မြို့ရှိ MGM Grand Garden Arena တွင် ကျင်းပခဲ့ပြီး မေဝယ်သာ ၏ WBA (စူပါ) နှင့် MGM ချန်ပီယံခါးပတ်များအတွက် ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်း ဖြစ်သည်။ မေဝယ်သာမှာ ပွဲအစပိုင်းတွင် ၎င်း၏ ပုံစံအတိုင်း တန်ပြန်တိုက်စစ်ဖြင့်သာ ထိုးသတ်ခဲ့ပြီး ဘာတိုမှာမူ အနိုင်ရလိုစိတ် များနေသောကြောင့် လက်သီးချက်များမှာ ထိရောက်မှု နည်းပါးခဲ့သည်။ နောက်ပိုင်းအချီများတွင် နှစ်ဦးစလုံး အပြန်အလှန် ထိုးသတ်နိုင်ခဲ့ပြီး ကိုးချီမြောက် မေဝယ်သာ လက်ဒဏ်ရာ ရရှိခဲ့သော်လည်း ပွဲပြီးဆုံးချိန်အထိ ထိန်းကစားသွားနိုင်ခဲ့သည်။ ၁၂ ချီပြည့်သည်အထိ အဖြေမပေါ်သဖြင့် ဒိုင်များ၏ အဆုံးအဖြတ်ခံယူခဲ့ရာ သုံးဦးစလုံးက (၁၁၇-၁၁၁) မှတ်၊ (၁၁၈-၁၁၀) မှတ်၊ (၁၂၀-၁၀၈) မှတ်ဖြင့် မေဝယ်သာကို အနိုင်ပေးခဲ့သည်။ မေဝယ်သာသည် ယခုနိုင်ပွဲကြောင့် ဂန္ထဝင်လက်ဝှေ့သမား ရော့ကီမာစီယာနို၏ ၄၉ ပွဲ နိုင်ပွဲရသည့် စံချိန်ကို အမီလိုက်နိုင်ခဲ့ပြီး ပွဲမတိုင်မီ ကြိုတင်ကြေညာထားသည့် အနားယူမည့် ဆုံးဖြတ်ချက်ကို ပြင်ဆင်မည် မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ “လက်ဝှေ့လောကမှာ ၁၉ နှစ်ကြာ ကျင်လည်ခဲ့ပြီး ကမ္ဘာ့ချန်ပီယံဆုတွေကို ၁၈ နှစ်ကြာ ရယူနိုင်ခဲ့သလို စံချိန်အားလုံးကိုလည်း ချိုးဖျက်နိုင်ခဲ့ပါပြီ။ စံချိန်မှတ်တမ်းဆိုတာ အမြဲတမ်း ချိုးဖျက်ခံရလေ့ရှိပြီး ကျွန်တော့်ရဲ့ ၄၉ ပွဲ နိုင်ပွဲရစံချိန်ကို ချိုးနိုင်မယ့် နောက်ထပ် ဖလွိုက်မေဝယ်သာတစ်ယောက် တစ်နေ့မှာ ထပ်ပြီး ထွက်ပေါ်လာဦးမှာပါ။ အခုအချိန်မှာတော့ မိသားစုနဲ့ အချိန်ပေးဖို့ လိုအပ်နေပြီး ကလေးတွေရဲ့ ပညာရေးကိုလည်း ဦးစားပေးရမှာပါ။ ကျွန်တော့်အနေနဲ့ လက်ဝှေ့အား ကစားလောကမှာ အရာအားလုံးကို ရယူနိုင်ခဲ့ပြီးဖြစ်လို့ နောက်ထပ်ကြိုးပမ်းရမယ့်အရာ မရှိတော့ပါဘူး” ဟု မေဝယ်သာက ပြောကြားခဲ့သည်။ မေဝယ်သာသည် ကစားသမားဘဝ၌ အလဲထိုးပွဲ ၂၆ ပွဲ အပါအဝင် ၄၉ ပွဲစလုံး အနိုင်ရရှိခဲ့ပြီး ယခုပွဲအတွက် ထိုးသတ်ကြေး အနိမ့်ဆုံး ဒေါ်လာ သန်း ၇၀ ခန့် ရရှိမည်ဖြစ်ကြောင်း သိရသည်။