လူကုန်ကူးမှုသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် သဘာဝဘေးအန္တရာယ်စသည့် လတ်တလော ဖြစ်ပေါ်တတ်သည့် အခြေအနေမျိုးများပေါ်တွင် မူတည်ကာ ပြောင်းလဲလေ့ရှိသည်။ ပြည်တွင်းသာမက နယ်စပ် ဖြတ်ကျော်မှုခင်း ဖြစ်သည့်အပြင် ပြည်ပနိုင်ငံများတွင် ဖြစ်ပွားတတ်သော အမှုဖြစ်သည်။သို့ကြောင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေများသည် ပြည်တွင်းရှိ အခြားသောဥပဒေများနှင့်ပါ အချိတ်အဆက်ရှိသလို ပြည်ပနိုင်ငံများမှ ဥပဒေများ၊ နိုင်ငံတကာကွန်ဗင်းရှင်းများနှင့်ပါ ချိတ်ဆက်မှုရှိနေသည်။ ပြည်တွင်း၌ပြဋ္ဌာန်းသည့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေသည် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်လည်း ကိုက်ညီမှုရှိရမည်ဖြစ်သည်။
၂၀၀၀ ပြည့်နှစ်တွင် နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှင့် နောက် ဆက်တွဲစာချုပ်များကို (United Nations Convention against Transnational Organized Crime and its Protocols) ပြဋ္ဌာန်းခဲ့သည်။ ယခုအခါ ထိုကွန်ဗင်းရှင်းတွင် မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၈၅ နိုင်ငံရှိပြီးဖြစ်သည်။အဆိုပါ ကုလသမဂ္ဂကွန်ဗင်းရှင်းတွင် နိုင်ငံဖြတ်ကျော်မှုခင်းများကို နိုင်ငံအချင်းချင်း ပူးပေါင်းတိုက်ဖျက်ရန် တိုက်တွန်းထားသည်။ လူကုန်ကူးသူများအပါအဝင် ပြစ်မှုကျူးလွန်သူများအားလုံး တရားဥပဒေရှေ့မှောက်သို့ ဆောင်ကြဉ်းနိုင်ရေးအတွက် ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံအချင်းချင်းအကူအညီပေးရေး သဘောတူစာချုပ် (Mutual Legal Assistance in Criminal Matters Treaty-MLAT) သည် အရေးပါသည့် ဥပဒေရေးရာလက်နက် (Legal Tool) တစ်ခုဖြစ်သည်။
မြန်မာနိုင်ငံသည် ၂၀၀၄ ခုနှစ်တွင် ပြစ်မှုဆိုင်ရာကိစ္စများတွင် နိုင်ငံအချင်းချင်း အကူအညီပေးရေး ဥပဒေနှင့် နည်းဥပဒေကို ရေးဆွဲပြဋ္ဌာန်းခဲ့သည်။ ထို့အတူ မလေးရှားနိုင်ငံက ဦးဆောင်ရေးဆွဲခဲ့သည့် ပြစ်မှုဆိုင်ရာကိစ္စများတွင် နိုင်ငံအချင်းချင်း အကူအညီပေးရေး သဘောတူစာချုပ်တွင် မြန်မာနိုင်ငံသည် ၂၀၀၆ ခုနှစ်ဇန်နဝါရီလ ၁၇ ရက် နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။ ထို့အပြင် ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ထိုစာချုပ်အား အတည်ပြုခြင်း (Ratification) ပြုလုပ်ခဲ့သည်။
၂၀၀၀ ပြည့်နှစ်တွင် နိုင်ငံဖြတ်ကျော် မှုခင်းများနှင့်ပတ်သက်သော ကုလသမဂ္ဂကွန်ဗင်းရှင်း၏ လူကုန် ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ Protocol (The Palermo Protocol)ကို ပြဋ္ဌာန်းခဲ့သည်။ ယနေ့အထိ နိုင်ငံပေါင်း ၁၆၆ နိုင်ငံသည်The Palermo Protocol ၏ အဖွဲ့ဝင်များဖြစ်ကြသည်။ ထိုနိုင်ငံများသည် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေများကို ခေတ်နှင့်လျော်ညီစွာ ပြန်လည် ပြင်ဆင်ပြဋ္ဌာန်းနေကြသည်။ ၂၀၁၄ ခုနှစ်တွင် Haiti နိုင်ငံ၊ Burundi နိုင်ငံ၊ ၂၀၁၅ ခုနှစ်တွင် ဗြိတိန်နိုင်ငံမှ ခေတ်သစ်ကျွန်ပြုမှု တားဆီးရေး ဥပဒေကို အသီးသီးပြဋ္ဌာန်းခဲ့ကြ သည်။
ထိုနိုင်ငံအများအပြားက ခေတ်နှင့်လျော်ညီစွာ ဥပဒေများ သုံးသပ်ပြင်ဆင်ပြဋ္ဌာန်းနေခြင်းသည် ထိုမှုခင်းကို တက်ကြွစွာ တိုက်ဖျက်နေသည့် သာဓကပင်ဖြစ်သည်။ သို့သော် The Palermo Protocol ၏ ဂတိကဝတ်ပေးထားမှုများ အပြည့်အ၀ အကောင်အထည် မဖေါ်နိုင်သေးမှုက နိုင်ငံများအတွက် စိန်ခေါ် မှုတစ်ခုပင်ဖြစ်သည်။
The Palermo Protocol နှင့် အမေရိကန်နိုင်ငံ၏ လူကုန်ကူးခံရသူများ အကာကွယ်ပေးရေးဥပဒေ ၂၀၀၀ ပြည့်နှစ် ပြဋ္ဌာန်းပြီးကတည်းက လွန်ခဲ့သော ၁၅ နှစ်ကျော်ကစပြီး ကမ္ဘာတစ်ဝန်းတွင် လူကုန်ကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းအားထုတ်မှုများ တဖြည်းဖြည်း ပို၍ပို၍တိုးမြှင့် လုပ်ဆောင်ခဲ့ကြသည်။ နိုင်ငံအများ အပြားသည် စံဟုသတ်မှတ်ထားသော လူကုန်ကူးမှု ကြိုတင်ကာကွယ်ခြင်း၊ လူကုန်ကူးသူများကို တရားစွဲ ဆိုခြင်းနှင့် လူကုန်ကူးခံရသူများကို အကာကွယ်ပေးခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည် ဖော် ဆောင်ရွက်လာခဲ့ကြသည်။ ၂၀၀၁ ခုနှစ်မှ ၂၀၀၅ ခုနှစ်အတွင်း မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ အများအပြား လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေများ ပြဋ္ဌာန်းလာခဲ့ကြသည်။
ထိုပြဋ္ဌာန်းလာကြသည့် ဥပဒေများတွင် အဓိပ္ပာယ်ဖော်ပြချက်များနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များပါ ပါရှိကြသည်။ သို့သော် နိုင်ငံအများစုသည် လွန်ခဲ့သော ၅ နှစ် ၁၀ နှစ်အတွင်း ထိုပြဋ္ဌာန်းထားသည့် ဥပဒေကို ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်လာကြသည်။ ထိုသို့ပြင်ဆင်လာကြခြင်းသည် ယခင်ရေးဆွဲခဲ့ကြသည့် မူလဥပဒေတွင် လက်တွေ့အသုံးပြုရာ၌ အခက်အခဲများ ရှိလာခြင်းကြောင့်ဖြစ်သည်။မည်သို့ ပြဿနာများကြုံတွေ့ရသည်၊ မည်သည့်အတွက်ကြောင့် ပြင်ဆင်ရသည် ကို လေ့လာရန်လိုအပ်သည်။
မြန်မာနိုင်ငံ၏ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေကို ၂၀၀၅ ခုနှစ် စက်တင်ဘာ ၁၃ ရက် တွင်ပြဋ္ဌာန်းခဲ့သည်။ သို့သော် နည်းဥပဒေ ရေးဆွဲခဲ့ခြင်းမရှိခဲ့ပါ။ ၂၀၁၃ ခုနှစ် လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့ တိုးချဲ့ဖွဲ့စည်းပြီးနောက် နည်းဥပဒေ ဆက်လက်ရေးဆွဲရေး စတင်ဆောင်ရွက်ခဲ့ကြသည်။၂၀၁၃ ခုနှစ် ဇူလိုင်လတွင် နည်းဥပဒေ ရေးဆွဲရေးမူကြမ်းကော်မတီကို ဋ္ဌာနဆိုင်ရာပေါင်းစုံဖြင့် စတင်ရေးဆွဲရေး အစည်းအဝေးများပြုလုပ်ခဲ့ရာ International Organization များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများကပါ ပြောင်းလဲနေသည့် လူကုန်ကူးမှု Trend ၊ ၈ နှစ်ခန့်ရေးဆွဲထားခဲ့သော ဥပဒေဖြစ်နေသည့်အတွက် လက်ရှိ နိုင်ငံတကာမှဥပဒေများ ပြင်ဆင်ရေးဆွဲမှုများနှင့်အညီ ဥပဒေကိုပါ Update ပြုလိုကြကြောင်း အကြံပြုလာ ကြသည်။
သို့ကြောင့် ဥပဒေကိုပြန်လည် သုံးသပ်ကြရန် ဆုံးဖြတ်ဆောင်ရွက်ခဲ့ကြသည်။ ၂၀၁၃ ခုနှစ် သြဂုတ်လ ကပြုလုပ်ခဲ့သည့် မြန်မာ-အမေရိကန် နှစ်နိုင်ငံ လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေး အစီအစဉ်အရ ပထမ အကြိမ် ဆွေးနွေးပွဲတွင် အမေရိကန်နိုင်ငံဘက်မှ ဥပဒေပြန်လည်သုံးသပ်မှုတွင် နည်းပညာပိုင်းဆိုင်ရာအကူ အညီပေးရေးများပါ ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
၂၀၀၅ ခုနှစ် ဥပဒေတွင်လိုအပ်နေသေးသော လူကုန်ကူးခံရသူများ အကာအကွယ်ပေးရေးအပိုင်းတွင် ထည့်သွင်းကြရန် ၂၀၁၃ ခုနှစ်ဒီဇင်ဘာလတွင် IOM( Internal Organization for Migration ရွှေ့ပြောင်း သွားလာခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း) က ကမကထပြုလုပ်ကာ လူမှုဝန်ထမ်းဦးစီးဋ္ဌာနမှ တာဝန် ရှိသူများ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ အပါအဝင် UNICEF,ILO, AAPTIP, World vision, Save the Children, MTV Exit, Walk Free တို့မှ ဆွေးနွေးမှု များပြုလုပ်ခဲ့ကြသည်။
လက်ရှိ ဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအပေါ်သုံးသပ်ကြရာ နည်းဥပဒေ မရှိသေးခြင်း၊ နည်းဥပဒေရေးဆွဲသည့်အခါ အစိုးရဌာနဆိုင်ရာများ၏ အခန်းကဏ္ဍများကို တိတိကျကျပြ ဋ္ဌာန်းရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာအသီးသီး၏ ကိုယ်စီတာဝန်များကို တိတိကျကျထည့်သွင်းရန် လိုအပ်ကြောင်း၊ ယင်းသို့ တိတိကျကျ မဖော်ပြသရွှေ့ အောက်ခြေအဆင့်၏ Mechanism, function ဖြစ်မည်မဟုတ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဋ္ဌာနမှ နေ ရပ် ပြန်လာသူများအား နိုင်ငံသားစိစစ်မှု မည်သို့ပြုလုပ်ပေးရမည်၊ National Registration မည်သို့လုပ်ပေးရမည်၊ မိမိနိုင်ငံတွင် အခြားနိုင်ငံမှ လူကုန်ကူးခံရသူများအတွက် မည်သို့ပုံစံမျိုးဖြင့် နေထိုင်ခွင့်ပေးမည် စသည့်ညွှန်ကြားချက်များဖြင့် ဆောင်ရွက်နေပါက Legal Binding မရှိသည့်အတွက် ဌာနဆိုင်ရာအသီးသီး၏ လုပ်ဆောင်ချက်များသည် ပီပြင်မှုမရှိသည်ကို တွေ့ကြုံခဲ့ရကြောင်း တို့ကိုဖော်ထုတ်ခဲ့ကြသည်။
၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက်နေ့ နေပြည်တော်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အကြိုဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၂၀၀၅ ခုနှစ်က စတင်ပြဋ္ဌာန်းခဲ့သည့် ထိုဥပဒေသည် ယခုချိန်ခါတွင် လိုအပ်ချက်များရှိလာသည်ကိုတွေ့လာကြရသည်။ ၂၀၀၅ ခုနှစ်မှ စတင်ကာ အကောင်အထည်ဖော်ခဲ့သည့် ထိုဥပဒေတွင် ပြင်ဆင်ဖြည့်စွက်စရာများ ယနေ့ထိ အတွေ့အကြုံများအရ များစွာရှိလာနေသည်။
၂၀၀၅ ခုနှစ် ရေးဆွဲစဉ်က လူကုန်ကူးမှုဖြစ်ပွားမှုအခြေအနေများ၊ ကမ္ဘာက လက်ခံထားသည့် အယူအ ဆများနှင့် ယခုလက်ရှိလူကုန်ကူးမှု ဖြစ်ပွားမှု အခြေအနေများ နှိုင်းယှဉ်ကြည့်ပါက ပြည်တွင်းလူကုန်ကူးသူ များ၏ အခြေအနေများ၊ တရားစီရင်မှုလုပ်ငန်းများ၊ ပြစ်ဒဏ်ချမှတ်မှုများ၊ သံသယဖြစ်သူစွပ်စွဲခံရသူများ ၏အခွင့်အရေးများ၊ လူကုန်ကူးခံရသူများ၏ အခွင့်အရေးများ စသည့်အချက်များကို ပြန်လည်သုံးသပ်ရ မည့် အခြေအနေမျိုး ကြုံတွေ့လာရပါသည်။
နေပြည်တော်တွင် ပြုလုပ်သည့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အကြိုဆွေးနွေးပွဲကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ ဥပဒေအရေးရာနှင့် တရားစွဲ ဆိုရေးလုပ်ငန်းအဖွဲ့မှ ဦးဆောင်ကာ ပြုလုပ်ခဲ့သည်။ ထိုဆွေးနွေးပွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ လူကုန် ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် ILO, UNICEF, AAPTIP, Warnath Group တို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ထိုဆွေးနွေးပွဲကို AAPTIP မှ Ms. Anne Gallagher (BA, LLB, M.Int.L, PhD) က နိုင်ငံတကာအ တွေ့အကြုံများနှင့် ယှဉ်ကာ ဥပဒေ ပြန်လည်သုံးသပ်သည့်အခါ ထည့်သွင်းစဉ်းစားသင့်သည်များကို ရှင်း လင်းဆွေးနွေးခဲ့သည်။ သူမသည် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက် ရေးဆိုင်ရာဌာနမှ နှစ်စဉ်ထုတ်ပြန်သည့်အစီရင်ခံစာ ၂၀၁၂ ၏ သူရဲကောင်းအဖြစ် သတ်မှတ်ဂုဏ်ပြုခြင်း ခံရသူဖြစ်သည်။
Ms. Anne Gallagher က ဥပဒေပြင်ဆင်သုံးသပ်ရာတွင် နိုင်ငံတကာအဆင့်နှင့်ကိုက်ညီရန် ရေးဆွဲရမည်ဟု မဆိုလိုကြောင်း၊ နိုင်ငံတကာစံနှုန်းများဖြင့် ပြည့်စုံအောင် ရေးဆွဲထားသော်လည်း ပြည်တွင်းတွင်အသုံးပြုရန် မကိုက်ညီပါက အလုပ်ဖြစ်မည်မဟုတ်ပါကြောင်း၊ ပြည်တွင်းရှိ ဆက်စပ်ဥပဒေများနှင့်လည်း ချိတ်ဆက် ကိုက်ညီမှုရှိကြရမည်ဖြစ်ကြောင်း၊ နိုင်ငံအများစုသည် မူလဥပဒေရေးဆွဲခဲ့စဉ်က ဝန်ကြီးဌာနတစ်ခုတည်း၊ အဖွဲ့အစည်း အနည်းငယ်များဖြင့်သာ ရေးဆွဲခဲ့ကြကြောင်း၊ အခြားအဖွဲ့အစည်းများဖြင့် ပေါင်း စပ်ညှိနှိုင်းရေးဆွဲမှု မရှိခဲ့ကြသည့်အတွက် ယခုပြင်ဆင်ရေးဆွဲသည့်အခါ အစိုးရ၊ လူမှုရေးအဖွဲ့အစည်းများ၊ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများပါ ပါဝင် ရေးဆွဲရမည်ဖြစ်ကြောင်း၊ ပြည်တွင်းဥပဒေများ၏တစ်စိတ်တစ်ပိုင်း ကိုယ်စားပြုရမည်ဖြစ်ကြောင်း၊ မြန်မာနိုင် ငံ၏ လူကုန်ကူးမှုပြဿနာသည် ဂျာမနီ၊ တောင်အာဖရိကနိုင်ငံများ၏ လူကုန်ကူးမှုပြဿနာနှင့် တူညီနိုင် မည်မဟုတ်ကြောင်း၊ မြန်မာနိုင်ငံသည် လူကုန်ကူးမှုဖြစ်ပွားရာ မူရင်းနိုင်ငံဖြစ်သည့်အတွက် ပြစ်ဒဏ်များသည် ပြောင်းလွယ်ပြင်လွယ် ရှိရမည်ဖြစ်ကြောင်း၊ ခရီးဆုံးနိုင်ငံများသည် မူရင်းနိုင်ငံများကဲ့သို့ ပြစ်ဒဏ်များ ပြောင်းလွယ်ပြင်လွယ်ဖြစ်ရန် မလိုကြောင်း၊ ရဲတပ်ဖွဲ့ဝင်များ၊ ဥပဒေအရာရှိများနှင့် တရားရေးအဖွဲ့အ စည်းများအတွက် လူကုန်ကူးအမှုများ ဖော်ထုတ်ရာတွင် လက်တွေ့ကျကျ အထောက်အကူမပြုပါက အ သုံးဝင်သည့်ဥပဒေဟု ပြောမရပါကြောင်းဖြင့် ပြောကြားခဲ့သည်။
နိုင်ငံအများစုတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေကို ကိုင်တွယ်အသုံးပြုသူများအတွက် လက် တွေ့အဆင်မပြေမှုများ တွေ့ရှိကြရ သည်။ သို့ကြောင့်လည်း ပြန်လည်သုံးသပ်ပြင်ဆင်ရေးဆွဲမှုများ ပြုလုပ် ကြရသည်။ လူကုန်ကူးမှုတိုက်ဖျက်ရာတွင် နိုင်ငံတကာ၌မတူညီသောတုံ့ပြန်မှုများရှိနေသော်လည်း မည် သို့တုံ့ပြန်ရမည်ကို တိတိကျကျ ပြ ဋ္ဌာန်းထားခြင်းမရှိပါ။
ငွေမဲခဝါချမှု၊အဂတိလိုက်စားမှု၊ မူးယစ်ဆေးဝါးမှု စသည့်ပြစ်မှုဆိုင်ရာကိစ္စရပ်များသည် လူကုန်ကူးမှုနှင့် ပတ်သက်မှုများရှိသည့်အတွက် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေသည် နိုင်ငံတကာဥပဒေ မူဘောင် တွင်ပါရှိနေသည်။ နိုင်ငံအများစု၏ ဥပဒေပြန်လည်သုံးသပ်ကြရာတွင် အဓိကလိုအပ်ချက် အများအပြား တွေ့ ရှိရသည်။
၎င်းတို့မှာ လူကုန်ကူးမှု၏ အဓိပ္ပာယ်သတ်မှတ်ချက်သည် ရှင်းလင်းဖော်ပြရန်လိုအပ်ခြင်း၊ နိုင်ငံတကာ ဥပဒေပြဋ္ဌာန်းချက်နှင့် မိမိနိုင်ငံနှင့် ကိုက်ညီအောင် ထည့်သွင်းဖော်ပြခြင်း၊ ပြစ်မှုပြစ်ဒဏ် သတ်မှတ်ချက်များ သည် ရှင်းလင်းစွာပြဋ္ဌာန်းခြင်း၊ လူကုန်ကူးမှု ဖြစ်မြောက်အောင် အားပေးကူညီမှု လုပ်ဆောင်မှုများကိုလည်း လူကုန်ကူးမှုအဖြစ်သတ်မှတ်ခြင်း၊ ခေါင်းပုံဖြတ်မှုများကို သီးခြားဥပဒေပြဋ္ဌာန်းရန် လိုအပ်ခြင်း၊ သီး ခြားဥပဒေများရှိပါက လူကုန်ကူးမှုအတွက် ပိုအားကောင်းသည့်အချက်များ ရရှိနိုင်ခြင်း၊ ဥပမာအားဖြင့် အဓမ္မလက်ထပ်စေခြင်းကို လူကုန်ကူးမှုတွင် ထည့်၍ရနိုင်သော်လည်း လက်တွေ့အရေးယူဆောင်ရွက် တရားစွဲဆိုရာတွင် အံဝင်ခွင်ကျမှု မရှိသည်ကို အချို့အမှုများတွင် တွေ့ရှိရသည်။ သို့ကြောင့် အဓမ္မထိမ်းမြားမှု ကို သီးခြားဥပဒေပြဋ္ဌာန်းသင့်သည် ဟု ကျွမ်းကျင်ပညာရှင်များ၏ အယူအဆပြောင်းလဲ ကောက်ချက်ချလာ ကြသည်။ အချို့နိုင်ငံများတွင် သီးခြားပြစ်မှုအဖြစ် သတ်မှတ်ထားကြသည်။ ၂၀၀၀ ပြည့်နှစ်များက ထိုအ ယူအဆမျိုးမရှိကြသေး။
ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် မြန်မာရွှေ့ပြောင်းလုပ်သားများအား မြဝတီနယ်စပ်တွင် စက်တင်ဘာလဆန်းက တွေ့ရစဉ်
မြန်မာ-တရုတ်နယ်စပ်တွင် နေထိုင်ကြသည့် လူမျိုးစုအချို့သော အသိုင်းအဝိုင်းများတွင် တရုတ်နိုင်ငံဘက်သို့ သတို့သားရှာဖွေမှုကို ရှေးရိုးအစဉ်အလာအရ လက်ခံကြသည့် အယူအဆ ရှိနေကြသဖြင့် တချို့ သောဖြစ်ရပ်များသည် လူကုန်ကူးမှု မမြောက်ခြင်း၊ တချို့ဖြစ်ရပ်များသည် မိဘများကို အရေးယူရမည့် အခြေအနေမျိုး ကြုံတွေ့ရမှုများ ရှိကြသည်။
သင့်တင့်သော ပြစ်ဒဏ်ချမှတ်ရေးတွင် နိုင်ငံတကာတွင် သီးခြားသတ်မှတ်ချက်မရှိကြ၊ ကြီးလေးသော ပြစ်ဒဏ်အတွက် သင့်လျော်သော ပြစ်ဒဏ်များ ချမှတ်ရမည်ဖြစ်သည်။အချို့နိုင်ငံများတွင် သေဒဏ်ထိချ မှတ်ရာ အာရှတိုက်တွင် တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံတို့ပါဝင်ကြသည်။အချို့နိုင်ငံများသည် အနိမ့်ဆုံးပြစ် ဒဏ်ကို ၁၅ နှစ် သတ်မှတ်ထားကြသည်။ ယခုနောက်ပိုင်း နိုင်ငံအများစုသည် ပြစ်ဒဏ်များကို အပြောင်းအ လဲပြုလုပ်လာကြသည်။
အဓိက ပြစ်ဒဏ်ပြောင်းလဲရသည့် အကြောင်းရင်းမှာ မြန်မာနိုင်ငံကဲ့သို့ မူရင်းနိုင်ငံများမှ လူကုန်ကူးမှု ကျူးလွန်ရန် သိမ်းသွင်းခြင်း၊ ပွဲစားလုပ်ခြင်းများတွင် မဖြစ်သလောက် ရည်ရွယ်ချက်နှင့် အနည်းငယ်သော အကျိုးအမြတ်သာ ရရှိကြသည့်အတွက်လည်းကောင်း၊ ထိုင်းနိုင်ငံကဲ့သို့ ခရီးဆုံးနိုင်ငံများတွင်သာ အကျိုးအမြတ်များစွာ ရရှိနေကြသောကြောင့်လည်းကောင်း၊ တရားစီရင်ရာတွင် လည်းကောင်း၊ သက်သေရှာဖွေရာတွင် လည်းကောင်း အခက်အခဲများ ရှိခြင်းကြောင့်ဖြစ်သည်။ ယခုအခါ သေဒဏ်မသတ်မှတ်သင့်ဟု ယူဆလာကြကာ နိုင်ငံအများအပြားတွင် ပြင်ဆင်ပြဋ္ဌာန်းလာကြသည်ကို တွေ့ လာရသည်။
လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေတွင် ပါဝင်သော တာဝန်ရှိမှုနှင့် လုပ်ပိုင်ခွင့်အပိုင်းတွင် စုံစမ်း စစ်ဆေးရန် တာဝန်ရှိသူကို လုပ်ပိုင်ခွင့်အပြည့်အဝပေးရမည်။ လူကုန်ကူးမှုသည် နယ်စပ် ဖြတ်ကျော်ကျူးလွန်လေ့ရှိသည့်အတွက် အခြားနိုင်ငံများမှ တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်ခွင့်ရှိရမည်ဖြစ်သည်။
လူကုန်ကူးမှု တရားစွဲဆိုရေး လုပ်ငန်းများ ကြန့်ကြာရသည့် အကြောင်းအရင်းနှင့် စိန်ခေါ်ချက်တစ်ခုမှာ လူကုန်ကူးခံရသူများ၏ ပူးပေါင်းပါဝင်မှု လိုအပ်နေသည်။ ထိုအကြောင်းရင်းများကို ဖော်ထုတ်ကြည့်ရာ လူကုန်ကူးခံရသူများအား အနီးကပ်ကူညီပေးနေသည့် Victim Support Agencies များကိုယ်တိုင် တရားစွဲဆိုရေး လုပ်ငန်းစဉ်ကို တိတိကျကျနားမလည်ခြင်း၊ လူကုန်ကူးခံရသူများ၏ အရှက်သိက္ခာနှင့် လုံခြုံ ရေးအတွက် Victim Protection နှင့် Witness Protection ဥပဒေ (သို့မဟုတ်) နည်းဥပဒေညွှန်ကြားချက်များ လိုအပ်နေခြင်း၊ ၎င်းတို့ကို တရားရုံးတက်ရာတွင် အချိန်နှင့်ငွေကုန်ကြေးကျမှုများ ရှိသော်လည်း တစ်ဖက်မှ လျော်ကြေးနှင့် နစ်နာကြေးများ အခြားအထောက်အထားများရရှိမှု မရှိသလောက် ဖြစ်နေသည့်အတွက် ပါဝင်ရန်ခက်ခဲခြင်း၊ အဓိကတရားခံများထက် ၎င်းင်းတို့၏ ဆွေမျိုး၊ အသိ၊ ပွဲစားငယ်များကိုသာ ဦးတည်အရေး ယူမှုများအတွက် ၎င်းတို့မှအရေးယူရန် ဆန္ဒနည်းပါးခြင်း စသည့်တို့ဖြစ်ကြသည်။
ထို့ကြောင့် အထူးသဖြင့် နိုင်ငံဖြတ်ကျော်လူကုန်ကူးမှုများတွင် မိမိနိုင်ငံသံရုံးများမှတစ်ဆင့် လူကုန်ကူး ခံရသူများ၏ ရပိုင်ခွင့်၊ လျော်ကြေးနှင့် တစ်ဖက်နိုင်ငံရှိ အကျိုးအမြတ်များစွာ ရရှိနေသည့် တရားခံများကို ထိရောက်စွာ ဖော်ထုတ်အရေးယူနိုင်ရန် စဉ်ဆက်မပြတ် ဖိအားပေးရန် လိုအပ်သည်။
လက်ရှိတွင် တစ်ဖက်နိုင်ငံများ ရှိ သက်ဆိုင်ရာနိုင်ငံများရှိ ဌာနများ (သို့မဟုတ်) အစိုးရမဟုတ်သည့် အ ဖွဲ့အစည်းများ၏ တောင်းဆိုမှု၊ ကြိုးပမ်းမှုတို့ကြောင့်သာ လျော်ကြေး၊ နစ်နာကြေးများရရှိနေခြင်းဖြစ်သည်။
ပြည်တွင်းလူကုန်ကူးမှုကို ကိုင်တွယ်ဖြေရှင်းရာ၌ ဖမ်းဆီးအရေးယူခြင်းဆိုသည့် နည်းလမ်းထက် ပြည် တွင်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများအား ပြန်လည်သုံးသပ်ပြီး ထိရောက်စွာအကောင် အထည်ဖော်ခြင်းနည်းလမ်းကို စဉ်းစားသင့်သည်။ ဥပမာ-ရေလုပ်ငန်း (ပြည်တွင်းငါးဖမ်းလှေ)၊ စိုက်ပျိုးရေး လုပ်ငန်း (ရော်ဘာခြံလုပ်ငန်း၊ ဆီအုန်း ခြံလုပ်ငန်း)၊ သတ္တုတူးဖော်ရေး (မိုင်းလုပ်ငန်း၊ ရွှေမှော်) စသည့်လုပ်ငန်း များတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုဆိုင်ရာဥပဒေနှင့် လုပ်ငန်းလိုင်စင်များထုတ်ပေးခြင်း၊ ပုံမှန်စစ်ဆေး ဖော်ထုတ်ရာတွင် ခေါင်းပုံဖြတ်မှုမရှိစေရန်ဆိုသည့်အချက်၊ (Exploitation Free Workplace and Products) များဖြစ်ရန်ဆိုသည့်အချက်ကို ထည့်သွင်းခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်မည် ဖြစ်သည်။ ဒေသအာ ဏာပိုင်များနှင့် အရပ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူများ၏ ပူးပေါင်း ပါဝင်ဖော်ထုတ်မှုများ ပြုလုပ်သင့်သည်။ ထိုလုပ်ငန်းစဉ်တွင် အဂတိလိုက်စားမှုနှင့် ငွေကြေးဆိုင်ရာစုံစမ်းမှုများပါ တစ်ဆက်တည်း လုပ်ဆောင်သင့်သည်။
လူကုန်ကူးမှုတွင်ရသည့် အကျိုးအမြတ်ပေါ် မူတည်ပြီး ပြစ်ဒဏ်ကို စဉ်းစားသင့်သည်။ Country of Origint နေဖြင့် ပြစ်မှုကျူးလွန်ပြီး အကျိုးအမြတ်ကို ပိုရသောသူသည် တစ်ဖက်နိုင်ငံ Destination မှာရှိနေ ကြသည့်အတွက် မိမိနိုင်ငံဘက်တွင် စုဆောင်းပေးသူ (Recruiter), ပို့ဆောင်ပေးသူ (Transporters) များကို Focus မလုပ်တော့ဘဲ၊ Receivers, Exploiters များကိုသာ ပြစ်ဒဏ်ပိုများပေးရမည်ဖြစ်သည်။ဥပမာ ပြည်တွင်းဆီအုန်းခြံတွင် လူကုန်ကူးမှုဖြစ်နေပါက ဆီအုန်းခြံပေါ်တွင် အကျိုးအမြတ်ရနေသော ပိုင်ရှင်များပါ အရေးယူရေး စဉ်းစားရမည်ကို ဆိုလိုခြင်းဖြစ်သည်။
သြဂုတ ် ၁၈ ရက် နေပြည်တော်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် လူ ကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၁၅) ပြုလုပ်ခဲ့ရာ ၂၀၀၅ ခုနှစ် မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေကို ခေတ်နှင့်အညီ ပြန်လည်ပြင်ဆင် သုံးသပ်ရေးဆွဲနိုင်ရန်အတွက် ဥပဒေရေးရာနှင့် တရားစွဲဆိုရေးဆိုင်ရာ လုပ်ငန်းအဖွဲ့မှ ဇူလိုင်လအတွင်းမှာ နောက်ဆုံးအဆင့်မူကြမ်း ရေးဆွဲခဲ့ပြီး အစီအစဉ်တကျရှိရန်နှင့် အင်္ဂလိပ်ဘာသာပြန်ဆိုရေးလုပ်ငန်းများကို ပြည်ထောင်စုရှေ့နေချုပ် ရုံးများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု ဆွေးနွေးခဲ့ကြသည်။
ယခုနှစ် စက်တင်ဘာလ (၂-၃) ရက်နေ့ နေပြည်တော်တွင် ဒုတိယအကြိမ် လူကုန်ကူးမှုတားဆီးကာ ကွယ်ရေး ဥပဒေပြန်လည်သုံးသပ် ပြင်ဆင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။ထိုဆွေးနွေးပွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အထွေထွေဦးစီးဌာန၊ အမျိုးသမီး ရေးရာအဖွဲ့ချုပ်၊ AAPTIP rS Ms. Anne Gallagher (BA, LLB, M.Int. L, PhD), ILO, IOM, UNI-CEF, Save the Children, World Vision, ESifh Warnath Group တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ထိုဆွေးနွေးပွဲ၏ ရလဒ်များအရ မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေကို အသစ်ပြန် လည်ရေးဆွဲရမည့် အနေအထားတွင် ရှိလာနေသည်။ အဘယ့်ကြောင့်ဆိုသော် ပြန်လည်ပြင်ဆင်ရမည့် ပုဒ်မများသည် ၅၀ ရာခိုင်နှုန်းကျော် ပြန်လည်ပြင်ဆင်ရမည့် အနေအထားသို့ ရောက်နေသည်။ ပြန်လည် ပြင်ဆင်ရမည့်ဥပဒေကို ပီပီပြင်ပြင် အသုံးချနိုင်ရန်အတွက် ထိုဥပဒေနှင့် ချိတ်ဆက်နေသည့် ပြည်တွင်းဥပဒေ များလည်း ခေတ်နှင့်လျော်ညီစွာ ပြင်ဆင်ရမည်ဖြစ်သည့်အပြင် ၂၀၀၄ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ပြစ်မှုဆိုင်ရာ ကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီပေးရေးဥပဒေပါ ပြန်လည်သုံးသပ်ရဦးမည်ဖြစ်သည်။










