မြန်မာနိုင်ငံ တောင်ပိုင်းသို့ ပြေးဆွဲနေသော လေကြောင်းလိုင်းအချို့ ရပ်နားလိုက်၍ ခရီးသည်များ လက်မှတ်ရရှိရေး အခက်အခဲဖြစ်

မြန်မာနိုင်ငံ တောင်ပိုင်းသို့ ပြေးဆွဲနေသော လေကြောင်းလိုင်းအချို့ ရပ်နားလိုက်၍ ခရီးသည်များ လက်မှတ်ရရှိရေး အခက်အခဲဖြစ်
Published 13 September 2015

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီးသို့ ပြေးဆွဲနေသော လေကြောင်းလိုင်း ခုနစ်ခုအနက် လေးခု ရပ်နားလိုက်သဖြင့် လေယာဉ်စီး ခရီးသည်များ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။သြဂုတ်လအတွင်းမှစ၍ မြန်မာပြည်တောင်ပိုင်းသို့ ပြေးဆွဲနေသည့် ရန်ကုန်အဲဝေး လေကြောင်းလိုင်းနှင့် အဲကမ္ဘောဇ လေကြောင်းလိုင်းတို့မှာ ပြေးဆွဲမှု စတင်ရပ်နားခဲ့ပြီးနောက်ပိုင်း လက်မှတ်ရရှိမှု အခက်အခဲ ဖြစ်ပေါ်နေခဲ့ရာ စက်တင်ဘာ ၁ ရက်တွင် မန်းရတနာပုံ လေကြောင်းလိုင်းပြေးဆွဲမှု ထပ်မံရပ်နားလိုက်သဖြင့် လက်ရှိ မြန်မာနိုင်ငံ တောင်ပိုင်းခရီးစဉ်များသို့ ပြေးဆွဲပေးနေသည့် လေကြောင်းလိုင်း လေးခုသာ ကျန်ရှိတော့သောကြောင့် လက်မှတ်အခက်အခဲ ပိုမိုဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း သိရသည်။“ရန်ကုန်အဲဝေးက အရင်လကတည်းက တောင်ပိုင်းကို ပြေးဆွဲမှု ရပ်နားခဲ့တာပါ။ အခု မန်းရတနာပုံက ထပ်ပြီး ပြေးဆွဲမှု ရပ်နားလိုက်တော့ လေယာဉ်စီး ခရီးသည်တွေ လက်မှတ်ရရှိမှု အကျပ်အတည်း ပိုဖြစ်သွားတာ ဖြစ်ပါတယ်။ အခုလက်ရှိ ရန်ကုန်ကနေ တနင်္သာရီတိုင်းကို ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းက လေးခုပဲ ရှိတော့တယ်။ ဒီအထဲမှာ မြန်မာအမျိုးသား လေကြောင်းလိုင်း၊ Apex လေကြောင်းလိုင်းနဲ့ အဲမန္တလေး သုံးခုပဲ ရန်ကုန်ကနေ တောင်ပိုင်းကို Daily ဆွဲတာ။ မြန်မာအမျိုးသား လေကြောင်းလိုင်းနဲ့ အဲမန္တလေးတို့က ထားဝယ်နဲ့ ကော့သောင်းကိုပဲ ပြေးဆွဲပြီး မြိတ်မြို့ကို မဆင်းဘူး။ မြိတ်ကို နေပြည်တော်-ရန်ကုန်-ထားဝယ်-မြိတ်-ကော့သောင်း ကျွန်းပတ်ဆွဲနေတဲ့ Apex တစ်လိုင်းပဲ ဆင်းတယ်။ ခြွင်းချက်အနေနဲ့ ရွှေမြန်မာ လေကြောင်းလိုင်း တစ်ခုကတော့ ရန်ကုန်-မြိတ် တိုက်ရိုက်ခရီးစဉ်ကို တစ်ပတ်တစ်ကြိမ် ဆွဲနေတာတော့ ရှိတယ်။ အဲမန္တလေးကလည်း အဲကမ္ဘောဇနဲ့ချိတ်ပြီး ရန်ကုန်ကနေ တောင်ပိုင်းခရီးစဉ်ကို တစ်ပတ်မှာ သုံးရက်ပဲ ဆွဲနေတာ။ ခါတိုင်းနှစ်တွေက မိုးကုန်ခါနီး ပွင့်လင်းရာသီရောက်ရင် အပေါ်ဘက်က ခရီးသည်များတာမို့ ဒီလိုအချိန်ဆို လေကြောင်းလိုင်း အများစု အပေါ်ဘက် တက်သွားကြလေ့ ရှိပါတယ်” ဟု Wisdom Yadanar ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ထားဝယ်ရုံးခွဲ တာဝန်ခံက ပြောကြားသည်။