US Open တင်းနစ်ပြိုင်ပွဲတွင် ဂျိုကိုဗစ်နှင့် ဖက်ဒါရာ ဗိုလ်လုပွဲတက်ရောက်ပြီး အမျိုးသမီးတစ်ဦးချင်း ဆီမီးဖိုင်နယ်တွင် နိုင်ခြေနိမ့်ပြိုင်ဘက်ကို ဆရီနာဝီလျံ ရှုံးနိမ့်

US Open တင်းနစ်ပြိုင်ပွဲတွင် ဂျိုကိုဗစ်နှင့် ဖက်ဒါရာ ဗိုလ်လုပွဲတက်ရောက်ပြီး အမျိုးသမီးတစ်ဦးချင်း ဆီမီးဖိုင်နယ်တွင် နိုင်ခြေနိမ့်ပြိုင်ဘက်ကို ဆရီနာဝီလျံ ရှုံးနိမ့်
Published 12 September 2015

ဂရင်းစလင်းတင်းနစ်ပွဲစဉ်တစ်ခုဖြစ်သည့် US Open တင်းနစ်ပြိုင်ပွဲ၊ အမျိုးသားတစ်ဦးချင်းပွဲစဉ်တွင် ဆားဘီးယားနိုင်ငံသား၊ ကမ္ဘာ့အဆင့်(၁)တင်းနစ်သမား ဂျိုကိုဗစ်နှင့် တင်းနစ်သမိုင်းတွင် အအောင်မြင်ဆုံးကစားသမားရော်ဂျာဖက်ဒါရာတို့သည် ဗိုလ်လုပွဲသို့ အသီးသီးတက်ရောက်ခဲ့ကြသည်။
ဂျိုကိုဗစ်သည် ဆီမီးဖိုင်နယ်တွင် ခရိုအေးရှားမှ မာရင်စီလစ်ကို ၆-ဝ၊ ၆-၁၊ ၆-၂ ဖြင့် အလွယ်တကူအနိုင်ရရှိခဲ့ပြီး၊ ဖက်ဒါရာမှာလည်း အကောင်းဆုံးပုံစံရနေသည့် တစ်နိုင်ငံတည်းသား ဝေါ်ရင်ကာကို ၆-၄၊ ၆-၃၊ ၆-၁ ဖြင့် အနိုင်ရရှိခဲ့သည်။

ဂျိုကိုဗစ်နှင့် ဖက်ဒါရာတို့သည် ယခုနှစ်အတွင်း ဂရင်းစလင်းဗိုလ်လုပွဲစဉ်တစ်ခုပင်ဖြစ်သည့် ဝင်ဘယ်လ်ဒန်အိုးပင်းတွင်လည်း ဆုံတွေ့ခဲ့ဖူးပြီး၊ ယင်းပွဲတွင် ဂျိုကိုဗစ်က အနိုင်ရရှိထားသည်။
အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲတွင်မူ ဗိုလ်စွဲရန် ရေပန်းစားနေသည့် အမေရိကန်မှ ကမ္ဘာ့အဆင့်(၁)တင်းနစ်မယ် ဆရီနာဝီလျံသည် အီတလီမှ အသက်(၃၂)နှစ်အရွယ်ရှိ နိုင်ခြေအဆင့်နိမ့်ပြိုင်ဘက် ဗင်ချီကို အံ့အားသင့်ဖွယ်ရှုံးနိမ့်ပြီး ဆီမီးဖိုင်နယ်အဆင့်မှ လှည့်ပြန်ခဲ့ရသည်။
ဆရီနာသည် အဖွင့်ပွဲငယ်တွင် ၆-၂ မှတ်ဖြင့် အနိုင်ရရှိခဲ့ပြီးမှ ၆-၄၊ ၆-၄ ဖြင့် နှစ်ပွဲဆက် ပြန်လည်အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ ဗင်ချီသည် ဗိုလ်လုပွဲတွင် နိုင်ခြေအဆင့် (၂) ရှိသူ ဟာလပ်ကို ကျော်ဖြတ်လာခဲ့သည့် တစ်နိုင်ငံတည်းသူ ပင်နက်တာနှင့် ဆုံတွေ့ရမည်ဖြစ်သည်။
အမျိုးသမီးဗိုလ်လုပွဲကို စနေနေ့နှင့် အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲကို တနင်္ဂနွေနေ့တို့တွင် ကစားသွားမည်ဖြစ်ပြီး EURO Sports ရုပ်သံလိုင်းမှ တိုက်ရိုက်ပြသလျက်ရှိသည်။