ရွေးကောက်ပွဲတွင် ဖြူးမြို့နယ်မှ အနိုင်ရရှိမည်ဟု ယုံကြည်ကြောင်းနှင့် အနိုင်မရရှိမည်ကို စိုးရိမ်စိတ် မဖြစ်မိကြောင်း သူရဦးရွှေမန်း ပြောကြား

ရွေးကောက်ပွဲတွင် ဖြူးမြို့နယ်မှ အနိုင်ရရှိမည်ဟု ယုံကြည်ကြောင်းနှင့် အနိုင်မရရှိမည်ကို စိုးရိမ်စိတ် မဖြစ်မိကြောင်း သူရဦးရွှေမန်း ပြောကြား
Published 11 September 2015
စိုးမင်းထိုက်

လာမည့် ရွေးကောက်ပွဲတွင် ဖြူးမြို့နယ်မှ အနိုင်ရရှိမည်ဟု ယုံကြည်ကြောင်းနှင့် အနိုင်မရရှိမည်ကို စိုးရိမ်စိတ် မဖြစ်မိကြောင်း ဖြူးမြို့နယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည့် သူရဦးရွှေမန်းက စက်တင်ဘာ ၁၁ ရက်တွင် မီဒီယာများအား ပြောကြားသည်။ဖြူးမြို့နယ်ရှိ ဒေသခံ ပြည်သူများအား ယုံကြည်ကြောင်းနှင့် ဒေသအကျိုးကို ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ဒေသခံများ၏ ယုံကြည်မှုဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရမည်ဟု ယုံကြည်ထားကြောင်း ၎င်းက ပြောကြားသည်။သူရဦးရွှေမန်းက “ ဒေသခံတွေကလည်း ကိုယ့်ကို နားလည်ကြတယ်။ ကိုယ့်ဘက်ကလည်း စေတနာ၊ မေတ္တာ ထားတယ်။ ကိုယ့်အနေနဲ့ မဲဆွယ် တရားမဟောဘဲတောင် နိုင်မယ်လို့ ယူဆပါတယ်။ ယုံလည်း ယုံကြည်ပါ တယ် ” ဟု မီဒီယာများအား ပြောကြားသည်။၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသည် များစွာ ကွာခြားကြောင်း၊၂၀၁၀ ရွေးကောက်ပွဲတွင် ပြိုင်ဘက်ပါတီများအနက် အင်အားကြီး ပါတီမရှိခဲ့ကြောင်း၊ လာမည့် ရွေးကောက်ပွဲတွင်မူပြိုင်ဘက်ပါတီ များလာပြီး အင်အားကြီး ပါတီများ ရှိလာကြောင်း၊ ပြည်သူများကလည်း ရွေးကောက်ပွဲကို စိတ်ဝင်စားမှု များလာကြောင်း၊ တကယ်ယုံကြည်သည့် ပါတီကို ပြည်သူများက အလေးသာအောင် လုပ်ပေးကြမည် ထင်ကြောင်း မီဒီယာများအား ဆက်လက် ပြောကြားသည်။ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား ယုံကြည်ချက်ဖြင့် ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပါတီအနေဖြင့် နိုင်ငံ၏ အကျိုးစီးပွားကို ကိုယ်ကျိုးစီးပွားထက် ပိုမိုဦးစားပေး ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ လက်ရှိ အနေအထားအရ ပါတီ၏မူဝါဒ အပေါ်တွင် သစ္စာရှိစွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အပြီးတွင် လွှတ်တော်၏ အဆုံးအဖြတ်အတိုင်း ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားသည်။နိုင်ငံတော် သမ္မတ ရာထူးအတွက် မျှော်မှန်းမှု အခြေအနေများအား မီဒီယာများ၏ မေးမြန်းချက်အပေါ်သူရဦးရွှေမန်းက “ ဒီဟာကိုတော့ လောလောဆယ် ပြောလို့မရသေးပါဘူး။ လွှတ်တော်ကပဲ အဆုံးအဖြတ် ပေးမှာပါ။ ဒီကိစ္စတွေက ကျွန်တော့် ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ပြည်သူများနဲ့ ကိုယ်စားလှယ်တွေရဲ့ အဆုံးအဖြတ်ပါပဲ ” ဟု ပြောကြားသည်။ဖြူးမြို့နယ် အတွင်းတွင် မဲပေးနိုင်သူ ဦးရေမှာ တစ်သိန်းရှစ်သောင်း ခန့်ရှိကြောင်း၊ မဲရုံ အရေအတွက်မှာ ၂၁၀ ခန့်ရှိကြောင်း သိရသည်။သူရဦးရွှေမန်းက“ ဒေသခံတွေ အနေနဲ့ ပါတီကိုလည်း ကြည့်ရမယ်။ လူကိုလည်း ကြည့်ရမယ်။ ဒီလူဟာ ပြည်သူတွေ ဘယ်လောက် လုပ်ပေးနိုင်မလဲ ဆိုတာကို လေ့လာရမယ်။ ဒါမှ ပြည်သူကို အကျိုးပြုမလား၊ အကျိုး မပြုဘူးလား ခွဲခြားသိဖို့တော့ လိုတာပေါ့။ ဒေသ အကျိုးကို လုပ်မယ့်သူကို သေချာရွေးချယ်ဖို့ လိုအပ်မယ် ” ဟု ဇေယျဝတီမြို့ရှိ ဒေသခံများအား ပြောကြားသည်။      

Most Read

Most Recent