မြန်မာ့လက်ရွေးစင်အသင်း ကမ္ဘာ့ဖလား ခြေစစ်ပွဲများအတွက် ယခုလကုန်ပိုင်း၌ ပြင်ဆင်မည်

မြန်မာ့လက်ရွေးစင်အသင်း ကမ္ဘာ့ဖလား ခြေစစ်ပွဲများအတွက် ယခုလကုန်ပိုင်း၌ ပြင်ဆင်မည်
Published 9 September 2015

မြန်မာ့လက်ရွေးစင်အသင်းသည် လာမည့် နိုဝင်ဘာလအတွင်း ယှဉ်ပြိုင်ရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုပွဲစဉ်များအတွက် ယခုလကုန်ပိုင်းတွင် လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။မြန်မာ့လက်ရွေးစင်အသင်းသည် နယူးဇီလန်အသင်းနှင့် ခြေစမ်းပွဲအပြီးတွင် လေ့ကျင့်မှုများ ခေတ္တရပ်နားခဲ့ပြီး စက်တင်ဘာလကုန်ပိုင်းတွင် လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်ရန် စီစဉ်ထားသည်။ မြန်မာအသင်းသည် ကမ္ဘာ့ဖလား ခြေစစ်ပွဲများအဖြစ် လာမည့်အောက်တိုဘာ ၈ ရက်တွင် လက်ဘနွန်အသင်း၊ အောက်တိုဘာ ၁၃ ရက်တွင် လာအိုအသင်းတို့နှင့် ကစားရမည်ဖြစ်ပြီး ယင်းနှစ်ပွဲစလုံးမှာ အိမ်ကွင်းပွဲစဉ်များ ဖြစ်သောကြောင့် ထိုင်းနိုင်ငံတွင် ကြိုတင်သွားရောက် လေ့ကျင့်ရန် စီစဉ်လျက်ရှိသည်။ မြန်မာအသင်းနည်းပြချုပ် အေဗရာမိုဗစ်သည် နယူးဇီလန် လက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားခဲ့သည့်ပွဲမှ ကစားသမား ၂၂ ဦးကို အခြေခံကာ ပြန်လည်ဖွဲ့စည်းမည်ဖြစ်ပြီး စက်တင်ဘာလအတွင်း ကျင်းပမည့် ပြည်တွင်းလိဂ်ပွဲစဉ်များတွင် ခြေစွမ်းပြနိုင်သည့် ကစားသမားများကိုလည်း အားဖြည့် ရွေးချယ်သွားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် စက်တင်ဘာ ၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲ အာရှဇုန် ဒုတိယအဆင့် ခြေစစ်ပွဲစဉ်များတွင် ပါဝင်ခဲ့ခြင်း မရှိသောကြောင့် စက်တင်ဘာ ၇ ရက်က နယူးဇီလန်အသင်းနှင့် ခြေစမ်းကစားခဲ့ခြင်းလည်းဖြစ်သည်။ ယင်းခြေစမ်းပွဲတွင် မြန်မာအသင်းသည် ပထမပိုင်း၌ ပယ်နယ်တီမှတစ်ဆင့် ဂိုးစပေးခဲ့ရသော်လည်း သီဟဇော်၏ ချေပဂိုးဖြင့် တစ်ဂိုးစီ သရေကျခဲ့ခြင်းဖြစ်သည်။မြန်မာ့လက်ရွေးစင်အသင်းသည် လက်ရှိယှဉ်ပြိုင်နေသည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ၌ နိုင်ပွဲ လုံးဝမရရှိသေးဘဲ တစ်ပွဲသရေ၊ နှစ်ပွဲ ရှုံးနိမ့်ထားသည်။ မြန်မာအသင်းသည် ပွဲဦးထွက်ပွဲစဉ်တွင် လာအိုအသင်းနှင့် အဝေးကွင်း၌ နှစ်ဂိုးစီ သရေကျခဲ့ပြီး တောင်ကိုရီးယားအသင်းကို အိမ်ကွင်း၌ (၂-ဝ) ဂိုး၊ ကူဝိတ်အသင်းကို အဝေးကွင်း၌ (၉-ဝ) ဂိုးတို့ဖြင့် ရှုံးနိမ့်ထားသည်။