ဆင်ဖြူတော်

ဆင်ဖြူတော်
Published 9 September 2015
ဒေါက်တာခင်မောင်ညို

ဧရာမသတ္တဝါ
ကျွန်တော်ငယ်ငယ်က ဘီလူးကျွန်းမှ မော်လမြိုင်သို့ မိသားစုနှင့်အတူ အလယ်ရောက်ဖူးသည်။ မိသားစု တည်းခိုသည့် အိမ်ရှေ့တွင်သစ်စက်ရှိသည်။သစ်စက်ဆိုသည်မှာ သစ်ခွဲသောစက်ဖြစ်၍ ဆန်စက်ဆိုသည်မှာ ဆန်ကြိတ်သောစက်ဖြစ်သည်။ မြန်မာတို့တွင် ကုန်ထုတ်လုပ်ငန်းပစ္စည်းထုတ်သော စက်ကြီးကြီးကျယ်ကျယ်မရှိခဲ့ပါ။ ထူးထူးဆန်းဆန်း မန္တလေးဘီယာစက်ရုံသည် မြန်မာနိုင်ငံ၏ပထမဆုံးသော စက်ရုံဖြစ်သည်။ နောက်လူအများသိစေရန် ရည်ရွယ်ပြောခြင်းသာ ဖြစ်သည်။
ထိုသစ်စက်ကို အဖေကြီးက သွားသောအခါ ကျွန်တော့်ကိုခေါ်သွားသည်။ ခွဲနေသော သစ်များကို စိတ်မဝင်စားပါ။ ကျွန်တော် စိတ်ဝင်စားသည်မှာ ကမ်းနားမှ သစ်လုံးများ ဆွဲယူလာသောဆင်ဖြစ်သည်။ တအံ့တသြ ဖြစ်ရပါသည်။ ကြီးလှချည်လား။ ဒီလောက်ကြီးသောအကောင်ကို ကျွန်တော် မမြင်ဖူးပေ။
အဖေက အကောင်
ကျွန်တော် တက္ကသိုလ်ရောက်တော့ သူငယ်ချင်းတစ်ယောက်က ကားနဲ့ ကျောင်းတက်သော အမျိုးသမီးကို ညွှန်ပြသည်။ ‘သူ့ အဖေက ဆင်ကွ’။ ဒီအခါ ကျွန်တော် ပြုံးမိသည်။ သူ့အဖေ ဆင်ဆိုရင် အတော်ကြီးသော အကောင်ကိုပြောခြင်းသာဖြစ်ကြောင်း ကျွန်တော် သိပါသည်။
နောက်ပိုင်းတွင် လူကြီးသားသမီးများကို ‘သူ့အဖေ အကောင်ကွ’ ဟုပြောကြပါသည်။ စကားတွေထဲတွင် မကြိုက်ဆုံးစကားမှာ အကောင်ဖြစ်သည်။ ကျွန်တော့်အဖေ အကောင်မဖြစ်၍တော်ပါသေးသည်။
မျိုးသုဉ်းသွားမှာလား
တကယ်တော့ကြီးတိုင်းလည်း မကောင်းပါဘူး။ ကမ္ဘာဦးကာလက အကြီးဆုံးသော အကောင်များဖြစ်သည့် ဒိုင်နိုဆောများသည် မျိုးတုန်ကုန်လေတော့သည်။ အကြောင်းက ရှင်းပါသည်။ သူတို့သည် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် မနေနိုင်သောကြောင့် ဖြစ်သည်။ သီအိုရီတစ်ခု၌ သူတို့သည် အင်မတန် အစားရွေးသည့်အတွက် နောက်ဆုံးတွင် စားစရာမရှိတော့၍ သေဆုံးမျိုးသုဉ်းသွားကြောင်း ဆိုထားသည်။ ထိုသီအိုရီကို အထောက်အကူပြုသည်မှာ ပိုးဟပ်များ ဖြစ်သည်။
ပိုးဟပ်များသည်။ တွေ့သမျှ အစုံစားသည်။ သူတို့သည် ဒိုင်နိုဆောများနှင့် တစ်ချိန်တည်း မွေးဖွားခဲ့သည့်သတ္တဝါများ ဖြစ်သည်။ ယနေ့ ဒိုင်နိုဆောများ မျိုးသုဉ်းသွားချိန်တွင် ပိုးဟပ်များ ပေါက်ဖွားလို့ကောင်းတုန်းပင်ဖြစ်သည်။ ယနေ့တိုင် ပိုးဟပ်နှိမ်နင်းမှုကို အရေးတယူဆောင်ရွက်နေကြရသည်။ ဆင်များကျတော့လည်း မျိုးသုဉ်းရန်အန္တရာယ်ရှိသော သတ္တဝါ Endangered Species စာရင်းထဲတွင် ပါဝင်လာပြီဖြစ်သည်။
ဆင်ပုံပြင်
ဆင်နှင့်ပတ်သက်၍ မြန်မာတို့တစ်တွေ သဘောကျသည့် ပုံပြင်တစ်ခုမှာ မျက်မမြင်ပုဏ္ဏားခြောက်ယောက် ဆင်စမ်းသောပုံပြင် ဖြစ်သည်။ ပုံပြင်က ဤသို့ဖြစ်သင့်သည်။ လူတစ်ယောက်က မျက်မမြင်ပုဏ္ဏားခြောက်ယောက်ကို ဆင်အနီးတွင် နေရာချထားပေး၍အောက်ပါအတိုင်း ပြောသည်။
“သင်တို့ရှေ့မှာ ဆင်ရှိသည်။ မိမိမှီရာကို စမ်းပါ။တစ်ကြိမ်သာစမ်းပြီး ဆင်ပုံသဏ္ဌာန် ကိုပြောပါ”ဟူ၍ ဖြစ်သည်။
အစွယ်ကို စမ်းမိသောပုဏ္ဏားက ဆင်သည် လှံနှင့်တူသည်ဟု ပြော၏။ နှာမောင်းကို စမ်းမိသောပုဏ္ဏားက ဆင်သည် မြွေနှင့်တူသည်ဟု ပြော၏။ အမြီးကို စမ်းမိသော ပုဏ္ဏားက ဆင်သည် ကြိုးနှင့်တူသည်ဟု ပြော၏။ဆင်နံဘေးကို  စမ်းမိသော ပုဏ္ဏားက ဆင်သည် အုတ်နံရံနှင့်တူသည်ဟု ပြော၏။ ဆင်၏ နားရွက်ကိုစမ်းမိသော ပုဏ္ဏားက ဆင်သည် ယပ်တောင်နှင့်တူသည်ဟု ပြော၏။ ဆင်၏ ခြေထောက်ကိုစမ်းမိသော ပုဏ္ဏားက ဆင်သည် သစ်ပင်နှင့်တူသည်ဟု ပြော၏။ သူတို့သည် မညံ့လှပေ။ သို့သော် စမ်းခွင့်သည် တစ်နေရာတွင်သာဖြစ်၍ အမြင်ပေါ်ခြင်း ဖြစ်သည်။ တကယ်တော့ နောက်တစ်ယောက်ကို ဆင်၏ဝမ်းဗိုက်အောက်တွင်ထားဖို့ သင့်သည်။ ထိုအခါ သူ ဘာကိုမှ မစမ်းမိနိုင်ပေ။ သူက ဆင်သည် ဘာမှလည်းမဟုတ်ပါလားဟု ပြောနိုင်လေသည်။
ဆင်သွားရင် လမ်းဖြစ်
၁၉၆၀ ပြည့်နှစ်အလွန်နှစ်များတွင် မန္တလေးမှ လူထုဦးလှ၊ လူထုဒေါ်အမာ စသော စာရေးဆရာများသည် စကားပြေအရေးအသားကို စကားပြောကဲ့သို့ ရေးသားလာကြ သည်။ တကယ်တော့အရေးနှင့် အပြောသည် အတော်လေးကွာနေသည်။ အဓိက အကြောင်းရင်းကတော့ အရေးသည် အပြော နောက်မလိုက်နိုင်ခြင်းပင်ဖြစ်သည်။ စင်စစ် အရေးသည် အပြောကမှ စတင်ခဲ့ခြင်းဖြစ် သည်။ အပြောမရှိပါက အရေးလည်း မရှိနိုင်ပေ။ ဤနေရာတွင် အရေးသည် ပြောင်းလဲမှုနှေးပြီး အပြောသည် ခေတ်အလိုက်ပြောင်း သွားလေသည်။ Living Language ၏သဘောဖြစ်သည်။ ဆရာမောင်ခင်မင်ကတော့ မန္တလေးမှ ရေးသော စကားပြေအရေးကို အပြောစကားပြေဟု အမည်တပ်သည်။ ပုံမှန်စာပေအရေးအသားကိုတော့ အရေး စကားပြေဟုအမည်တပ်သည်။သူကနှစ်ခုစလုံးကို လက်ခံသည်။
အပြောစကားပြေ စတင်စဉ်
ကန့်ကွက်သူများစွာ ပေါ်လာသည်။ ယနေ့တိုင် အပြောစကားပြေသည်စာပေ၏ခန့်ညားမှုကို ဖျက်ဆီးသည်ဟု ယူဆကြဆဲဖြစ်သည်။ ထိုအချိန်က ဒေါက်တာသန်းထွန်းက ‘ဆင်သွားလျှင် လမ်းဖြစ်တယ်’ ဟူ၍ ပြောခဲ့လေသည်။ ဝမ်းသာစရာကောင်းတာက အပြောနှင့် အရေးဟူသော စကားပြေနှစ်ရပ်စလုံးသည် မြန်မာစာပေကိုအထောက်အကူ များစွာပြုခြင်းပင်ဖြစ်သည်။ ဆင်သွား၍ လမ်းဖြစ်ခဲ့သည်။
ဆင်ဖြူတော်
မြန်မာတို့သည် ဆင်ဖြူတော်ကို အတော်လေးအရေးပါသည် ဟူ၍ယူဆကြသည်။ ဆင်ဖြူငါးစီးရှိသော ဘုရင်သည် ငါးစီးရှင်ကျော်စွာဟူ၍ အမည်တပ်သည်။ ဆင်ဖြူရှင်၊ ဆင်ဖြူများရှင်ဟူ၍ ဘုရင်များစွာသည် ဆင်ဖြူပိုင်သည်ကို ဘွဲ့ထူးအနေဖြင့် ဆင်ဖြူရှင်ဘွဲ့ကို သုံးကြသည်။ ဆင်ဖြူအသေကို ရရှိသော ဥဇနာမင်းသည်ပင် ဆင်ဖြူအသေကို ဝါးများဖြင့်ညှပ်ကာ ထောင်ပြီးစီးခဲ့သည်။ ပြီးတော့ ဆင်ဖြူရှင်ဘွဲ့ကို ခံယူခဲ့သေးသည်။ ကံအားလျော်စွာ ၁၉၉၀ ပြည့်နှစ်အလွန်နှစ်များတွင် မြန်မာနိုင်ငံတွင် ဆင်ဖြူတစ်ကောင် ဖမ်းဆီးရမိသည်။ ထိုဆင်ဖြူကို ရခိုင်ဘက် အိန္ဒိယနယ်စပ်အနီးက ဖမ်းဆီးရမိသည်ဆို၏။ စစ်အစိုးရနှင့် ပြည်သူလက်တွဲပြုတ်သော ကာလဖြစ်သည်။ ထိုအချိန်က စစ်ဗိုလ်ချုပ်များဦးစီးကာ ထိုဆင်ဖြူကို ရန်ကုန်သို့ ရောက်အောင် ပို့ဆောင်နိုင်ခဲ့သည်။ ထိုဆင်ဖြူကို ရန်ကုန်မြို့ ကြို့ကုန်းမင်းဓမ္မလမ်းရှိ ဆင်ဖြူတော်အဆောင်ဖွင့်ကာ ထားရှိခဲ့သည်။ထိုဖြစ်ရပ်ကို ဆင်ဖြူတော်လော်ဘီ (Lobby) ဟု အမည်တပ်ကြသည်။
စာနယ်ဇင်းများကလည်း ဆင်ဖြူတော် နှင့်ပတ်သက်၍ အမျိုးမျိုးရေးကြ၊ ထင်ကြေး ပေးကြသည်။ သူတို့က ဆင်သွားရင်လမ်းဖြစ်တယ်ဟု ပြောခဲ့သော သမိုင်းဆရာဒေါက်တာ သန်းထွန်းကို ဆင်ဖြူအကြောင်းသိမည်ဟု ယူဆကာ မေးမြန်းကြသည်။
“ဆင်ဖြူနဲ့ဆင်မည်း ဘာကွာလဲဆရာ”
“အတူတူပါပဲ”
“ဘယ်လိုတူတာလဲ ဆရာ”
“ဆင်ဖြူနင်းလည်းသေမယ်၊ ဆင်မည်းနင်းလည်း သေမှာပါပဲ”
ဒေါက်တာသန်းထွန်းက “ဆင်ဖြူဖြစ်ဖြစ် ဆင်မည်းဖြစ်ဖြစ် တိရစ္ဆာန်ချည်းပါပဲ”
ဟု ပြောခဲ့သည်။ ထိုစကားသည် ဆင်ဖြူတော် နှင့်ပတ်သက်၍သဲသဲလှုပ်ဖြစ်နေသော စစ်ဗိုလ်ချုပ်ကြီးများကို အထိနာစေခဲ့သည်။
ဝေဿန္တရာအလှူ
ဗုဒ္ဓဟောကြားသော ဇာတ်ကြီးဆယ်ဘွဲ့ထဲတွင် ဒါနပါရမီဖြည့်စဉ်က ဝေသန္တရာမင်းကြီးဘဝကို ဖတ်ဖူးကြပါလိမ့်မည်။ ဝေသန္တရာမင်းကြီးသည် အလှူဒါနရက်ရောသည်။ နောက်ဆုံး ဆင်ဖြူတော်ကိုပါ လှူလိုက်သည်။ ထိုအခါ ပြည်သူပြည်သားတို့သည် ဘုရင်ကြီးကို ရာထူးမှနုတ်ထွက်ရန် ဟစ်တိုင်မှ တောင်းဆိုကြသည်။ ဝေဿန္တရာမင်းကြီး နုတ်ထွက်ကာ နန်းမှခွာ၍ တောသို့ဝင်ရ သည်။ ဝေဿန္တရာမင်းကြီး ကံကောင်းပါသည်။ ပထမအချက်ကတော့ တိုင်းပြည်နဲ့ မနီးမဝေးတွင်တောရှိသည်။ ဒုတိယအချက်က ထိုတောတွင် သစ်သီးဝလံများ ရှိနေသေးသည်။ ခူးစား၍အသက်ဆက်နိုင်ခဲ့သည်။
ဒီနေရာမေးစရာရှိသည်။ ဆင်ဖြူတော် လှူတာကြောင့် ပြည်သူတွေ ဘုရင်ကို ဘာကြောင့်တိုင်းပြည်ကနေ နှင်ထုတ်လိုက်သနည်း။ စင်စစ် ဆင်ဖြူတော်ကို ဘုရင်က မပိုင်ပါ။ တိုင်းပြည်က ပိုင်တာပါ။
မြေပေါ်မြေအောက် သယံဇာတများကိုလည်း ဘုရင် မပိုင်ပါ။ ပြည်သူကသာ ပိုင်သည်။ ထို့ကြောင့် ဘုရင်သည် ထင်ရာမြင်ရာ လုပ်ခွင့်မရှိပါ။ ဝေဿန္တရာဇာတ်တော်ထဲတွင် သုနာပရန္တတိုင်းတွင် မိုးခေါင်သောကြောင့် ဆင်ဖြူတော ်အလှူခံခြင်းဟု ပါရှိသည်။ ဒါဆိုရင် ဆင်ဖြူရှိလျှင် မိုးရွာစေတာပေါ့။
နိဂုံး
ဇူလိုင်လဆန်းမှစ၍ မြန်မာပြည်နေရာအနှံ့ မိုးကြီးသည်။ ထိုမိုးများကြောင့် မြစ်ရေလျှံ ဆည်ကျိုး တာရိုးတွေ ကျိုးပေါက်ပြီး မြို့တွေ ရွာတွေရေကြီးသည်။ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့ကို သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများအဖြစ် ဇူလိုင်လ ၃၁ ရက်က အစိုးရ အသိအမှတ်ပြုကြေညာခဲ့သည်။ ရေတွေနောက်ကာ နုန်းမြေတွေပါလာခြင်းကြောင့် ထိုဖြစ်ရပ်ကို သစ်တောအလွန်အကျွံခုတ်သောကြောင့်ဟူသော စွပ်စွဲချက်များ ပေါ်လာသည်။
“တကယ်တော့ ဘာဖြစ်လို့ရေကြီးရတာလဲ”
ကျွန်တော် ကိုဘသစ်ကို မေးရပါသည်။
“ကျွန်တော်တို့ မြန်မာတွေအနေနဲ့ကတော့ ဆင်ကိုပဲ အပြစ်ဖို့ချင်တယ်”
“ဘယ်လို”
“ခင်ဗျားစဉ်းစားကြည့်လေ၊ ဝေဿန္တရာ ဇာတ်တော်ကြီးထဲမှာ ဆင်ဖြူတစ်ကောင်တောင် မိုးရွာစေနိုင်တယ်လို့ပါတယ်မဟုတ်လား”
“ပါတယ်လေ။ ဒီမိုးရွာစေတဲ့ဆင်ကို လှူလိုက်လို့ ဘုရင်ကို ရာထူးချတယ်မဟုတ်လား”
“ကျွန်တော် ဒါကိုပဲပြောတာလေ။ ဘာဖြစ်လို့လဲ”
“ဆင်ဖြူတစ်ကောင်တောင် မိုးရွာစေတယ်ဆိုရင် ကျွန်တော်တို့နိုင်ငံမှာ ဆင်ဖြူ ၁၁  ကောင်တောင်ရှိတော့ မိုးဘယ်လောက် ရွာမလဲ”
“ဗျာ”
“ဒါကြောင့် ရေကြီးတာပေါ့ဗျ”ဟူ၍။

Most Read

Most Recent