၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် တပ်မတော်သား၂၅ ရာခိုင်နှုန်း ထွက်သွားရေး ဆန္ဒပြမှုကြောင့် တရားစွဲခံထားရသည့် တကသ အဖွဲ့ဝင်ကျောင်းသားနှစ်ဦး တက္ကသိုလ်စာမေးပွဲ ဖြေဆိုခွင့်ပြုရန် တရားရုံးသို့လျှောက်ထား

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် တပ်မတော်သား၂၅ ရာခိုင်နှုန်း ထွက်သွားရေး ဆန္ဒပြမှုကြောင့် တရားစွဲခံထားရသည့် တကသ အဖွဲ့ဝင်ကျောင်းသားနှစ်ဦး တက္ကသိုလ်စာမေးပွဲ ဖြေဆိုခွင့်ပြုရန် တရားရုံးသို့လျှောက်ထား
Published 8 September 2015
ဝေလင်းအောင်၊ ပြည့်ဖြိုးအောင်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် လွှတ်တော်အတွင်း တပ်မတော်သား၂၅ ရာခိုင်နှုန်း ထွက်သွားပေးရေး ဆန္ဒပြတောင်းဆိုမှုကြောင့် အင်းစိန်ထောင်အတွင်း ဖမ်းဆီးခံထားရသည့် တက္ကသိုလ်ကျာင်းသားများသမဂ္ဂ (တကသ)အဖွဲ့ဝင် ကိုဇေယျာလွင်နှင့် ကိုပိုင်ရဲသူတို့အား စက်တင်ဘာ ၈ ရက်တွင် ပန်းဘဲတန်းမြို့နယ် တရားရုံး၌ ဆက်လက်ရုံးထုတ်ခဲ့သည်။
 
ယင်းနေ့တွင် တရားစွဲခံထားရသော တက္ကသိုလ်ကျောင်းသားနှစ်ဦးက စာမေးပွဲဖြေဆိုခွင့်ပြုရန် လျှောက်ထားခဲ့သည်။
 
“စာမေးပွဲဖြေဆိုဖို့ အကျဉ်းထောင်ကို ခွင့်တောင်းတော့ ကျွန်တော်တို့က ထောင်သားမဟုတ်ဘဲ အချုပ်သားဖြစ်တဲ့အတွက် တရားရုံးကိုသာ လျှောက်ထားရန် ပြောတဲ့အတွက် စာမေးပွဲဖြေဆိုခွင့်ကို တရားရုံးသို့ လျှောက်ထားတာပါ”ဟု ကိုဇေယျာလွင်က တရားသူကြီးထံ လျှောက်ထားခဲ့သည်။
 
ထို့နောက် တရားသူကြီးက စာမေးပွဲဖြေဆိုခွင့်လျှောက်ထားမှုကို ဆုံးဖြတ်ရန် တရားခွင်အား အချိန်အနည်းငယ်မျှ ရပ်နားပြီးနောက် ၎င်းတို့နှစ်ဦးအား သက်ဆိုင်ရာတက္ကသိုလ်က စာမေးပွဲဖြေဆိုခွင့်ပြုမည်ဆိုပါက တရားရုံးက စာမေးပွဲဖြေဆိုရက်နှင့် ရုံးထုတ်ရက် မတိုက်အောင် အကျဉ်းဦးစီးဌာန နဲ့ ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဟု အမိန့်ချမှတ်ခဲ့သည်။
 
“ကိုဇေယျာလွင်တို့က စာမေးပွဲဖြေချင်လို့ ခွင့်တောင်းတော့ တရားရုံးက အမိန့်ချတယ်။ ဘယ်လိုချပေးလဲဆိုတော့ စာမေးပွဲဖြေဖို့ သက်ဆိုင်ရာ တက္ကသိုလ်တွေက အကျဉ်းထောင်မှာဖြေဖို့ အကျဉ်းထောင်နဲ့ စီစဉ်ရမယ်။ အဲလိုစီစဉ်ပြီးတာနဲ့ တရားရုံးက ရုံးထုတ်တဲ့ရက်နဲ့ မတိုက်အောင် အဆင်ပြေအောင် လုပ်ပေးမယ်လို့ အမိန့်ချပါတယ်”ဟု ကျောင်းသားနှစ်ဦး၏ အကျိုးဆောင်ရှေ့နေဖြစ်သူ ဦးကျော်ဟိုးက ပြောကြားသည်။
 
ထို့ပြင် ယင်းနေ့ရုံးချိန်းတွင် တရားလိုအား ဆက်လက်စစ်ဆေးခဲ့ပြီးနောက် စက်တင်ဘာ ၁၅ ရက်သို့ ရုံးချိန်းအား ထပ်မံချိန်းခဲ့ကာ တရားလိုပြသက်သေအဖြစ် ရှစ်ဦးအထိ တင်ထားကြောင်း သိရသည်။
 
ထိုသို့ (တကသ) အဖွဲ့ဝင် ကျောင်းသား နှစ်ဦးအား ရုံးထုတ်သည့်နေ့များတွင်  (တကသ) အဖွဲ့ဝင်ကျောင်းသားများနှင့် ပြည်သူအချို့က  မတရားဥပဒေများ ဆန့်ကျင်ကြောင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းချခံထားရသော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ရည်ရွယ်ချက်ဖြင့် Failed Law လှုပ်ရှားမှုအား ပြုလုပ်ခဲ့သည်။
 
“ဒီနေ့ နံနက်ပိုင်း တရားစွဲခံထားရတဲ့ ကျောင်းသားနှစ်ဦးကို ဧည့်တွေ့ဖို့ တရားရုံးအချုပ်ခန်းကို သွားတော့ ရဲတွေကFailed Law စာသားပါ အင်္ကျီဝတ်ဆင်ထားတဲ့သူတွေကို တွေ့ခွင့်မပြုဘူးလို့ တားဆီးတာတွေ ရှိတယ်။ ကျွန်တော်တို့အနေနဲ့ အင်္ကျီဝတ်တာပဲ Failed Law က ဘာအဓိပ္ပာယ်လဲ သိလားဆိုပြီးမေးတော့။ မသိဘူးလို့ပဲဖြေတယ်။ နောက်ပိုင်းမှာတော့ ဝင်ခွင့်ပြုပေးခဲ့ပါတယ်” ဟု တရားရုံးသို့ လာရောက်ခဲ့သည့် (တကသ)အဖွဲ့ဝင် ကိုဖိုးသားက ပြောကြားသည်။
 
(တကသ) ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်၊ ကိုနန်းလင်း၊ ကိုပိုင်ရဲသူတို့ အပါအဝင် အဖွဲ့ဝင်ကျောင်းသားအချို့နှင့် ပြည်သူများ ပူးပေါင်း၍ ပြီးခဲ့သည့် ဇွန် ၃၀ ရက်က ပန်းဘဲတန်းမြို့နယ် သိမ်ကြီးဈေးရှေ့မှ စတင်ကာ ကျောက်တံတားမြို့နယ် မြို့ တော်ခန်းမရှေ့အထိ ၂၀၀၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဆင်ရေးနှင့် လွှတ်တော်အတွင်းရှိ တပ်မတော်သား၂၅ ရာခိုင်နှုန်း ထွက်သွားပေးရေးအတွက် လမ်းလျှောက်ဆန္ဒပြခဲ့ ကြောင်း သိရသည်။
 
ထိုသို့ ဆန္ဒပြမှုဖြင့် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) အဖွဲ့ဝင် ကိုဇေယျာလွင်၊ ကိုနန်းလင်း၊ ကိုပိုင်ရဲသူတို့ကို ပုဒ်မ- ၁၈၊ ပုဒ်မ-၅၀၅ (ခ) တို့ဖြင့် ပန်းဘဲတန်းမြို့နယ် တရားရုံးနှင့် ကျောက်တံတားမြို့နယ် တရားရုံးတို့၌ တရားစွဲဆိုထားခြင်းဖြစ်ပြီး ကိုနန်းလင်းမှာ လွတ်မြောက်နေ၍ တရားခံပြေးအဖြစ် ကြေညာထားကြောင်း သိရသည်။
 
ယင်းအနက် ကိုဇေယျာလွင်မှာ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်းက အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး လမ်းလျှောက်ဆန္ဒပြရာတွင် လှိုင်မြို့နယ်အား ဖြတ်သန်းခဲ့သည်ဟုဆိုကာ ပုဒ်မ-၁၈ ဖြင့် အမှုဖွင့်ခံထားရကြောင်း (တကသ) အဖွဲ့ဝင်များထံမှ သိရသည်။
 

Most Read

Most Recent