တရုတ်နယ်စပ် မူဆယ်တွင် ဆန်အရောင်းအဝယ်ဈေးကွက် အေးစက်နေပြီး လက်ကျန်ဆန်ရောင်းချမှုမှာ ကုန်လုနီးပါး ဖြစ်နေဟု ဆို

တရုတ်နယ်စပ် မူဆယ်တွင် ဆန်အရောင်းအဝယ်ဈေးကွက် အေးစက်နေပြီး လက်ကျန်ဆန်ရောင်းချမှုမှာ ကုန်လုနီးပါး ဖြစ်နေဟု ဆို
Published 7 September 2015
ထွန်းနေလှိုင် (နောင်ပိန်)

မူဆယ်  စက်တင်ဘာ ၇
တရုတ်နယ်စပ် မူဆယ်တွင် ဆန်အရောင်းအဝယ်ဈေးကွက် အေးစက်နေပြီး လက်ကျန်ဆန်ရောင်းချမှုမှာလည်း ကုန်လု နီးပါးဖြစ်နေကြောင်း သိရသည်။
ပြည်ပသို့ ဆန်တင်ပို့မှုယာယီရပ်ဆိုင်းခဲ့ပြီးနောက် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ဆန်အရောင်းအဝယ်ဈေးကွက် ရပ်တန့်နေခဲ့ပြီး မူဆယ်မြို့တွင်လည်း တရုတ်နယ်စပ်မှ ဆန်ကုန်သည်များ ဆန်လာရောက် ဝယ်ယူမှုမှာ နည်းပါးသွားကြောင်းသိရသည်။
လက်ရှိအချိန်တွင် မူဆယ်မြို့ရှိ ဆန်ကုန်သည်အများစု၏ သိုလှောင်ထားသော လက်ကျန်ဆန်များအား ရောင်းချနေမှုမှာ အနည်းငယ်သာကျန်တော့ပြီး ဈေးနှုန်းရရှိမှုမှာလည်း ထင်ထားသလောက်  တက်ဈေး မရရှိကြောင်း သိရသည်။
“ မူဆယ်ဆန်ဈေးကွက်ထဲမှာတော့ ဆန်တောင်မကျန်တော့ဘူး။ ဆန်က မရှိသလောက်ဖြစ်သွားပြီ။ ဆန်အိတ် တစ်သောင်းလောက်ပဲ ကျန်တော့တယ်။ ဆန်ဈေးကလည်း မတက်တော့ပါဘူး။ ဆန်တစ်အိတ်ကို အနိမ့်ဈေး တရုတ်ငွေ ယွမ် ၁၃၀ နဲ့ အမြင့် ဈေး ၁၄၃ ယွမ်လောက်ပဲရတယ်။ ဆန်ဈေးကွက်ထဲမှာ ဆန်ကနည်း အမျိုးအစားလည်း နည်းသွားပြီး ဆန်က ရွေးစရာမရှိတော့ ဆန်ဈေးကလည်း တံ့သွားတာပေါ့။ နောက် တရုတ်မှာကလည်း ဗီယက်နမ်ဆန်တွေဝင်နေတော့ ဒီဘက်ကလည်း ဆန်ဈေးကတက်လို့ မရတော့ဘူးပေါ့” ဟု မူဆယ်မြို့ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“လတ်တလော မူဆယ်ကုန်စည်ဈေးကွက်မှာတော့ ဆန်ဈေးကွက်က မရှိသလောက်ပါပဲ။ နောက်နှစ်ပတ်လောက်ဆိုရင်တော့ ပြောင်းသစ်တွေဝင်တော့မယ်။အခုက တရုတ်ကိုပြောင်းတွေရောင်းမယ် ဆိုရင် ငွေချေဖို့က ၁၅ ရက်ဆိုင်းလောက် ချိန်းနေတယ်”ဟု မူဆယ်မြို့မှ ကုန်သည်တစ်ဦးက ပြောကြားသည်။
“ လက်ရှိအချိန်မှာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို ဆန်ကလွဲပြီး အကုန်ဝင်နေပါတယ်။ အဓိက ကတော့ ပဲ၊ပြောင်း၊ နှမ်းတွေ ဝင်ပါတယ်။ ဆန်ကို ဘယ်နေ့ကစပြီး တင်ပို့ခွင့်ပြုမလဲဆိုတာကတော့ ညွှန်ကြားချက် မလာသေးပါဘူး” ဟု မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ပို့ကုန်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လက်ရှိတွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးုဇုန်ရှိ ကုန်စည်ဒိုင်သို့ ပြောင်းနှင့် ပဲတီစိမ်းအနည်းငယ်သာ ဝင်ရောက်လာပြီး ပြောင်းဝင်ရောက်မှုမှာ တစ်ရက်လျှင် ကားစီးရေ  ၆၀ ကျော်ခန့်သာဝင်ရောက်လာပြီး ပြောင်းတစ်အိတ် လက်ရှိပေါက်ဈေးမှာ တရုတ်ယွမ်ငွေ ၁၀၀ ကျော်ခန့် ဈေးရှိကြောင်း မူဆယ် ၁၀၅မိုင် ကုန်စည်ဒိုင်မှ သိရသည်။