မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် တရုတ်ကိုကျော်၍ စင်ကာပူ ထိပ်ဆုံးသို့ ရောက်ရှိလာ

မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် တရုတ်ကိုကျော်၍ စင်ကာပူ ထိပ်ဆုံးသို့ ရောက်ရှိလာ
Published 6 September 2015
နီလာ

မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် ယခင်က တရုတ်နိုင်ငံသာ ထိပ်ဆုံးမှ ရပ်တည်လျက် ရှိသော်လည်း ယခုနှစ်ပိုင်းအတွင်း အမေရိကန် အပါအဝင် အနာက်နိုင်ငံ အများစုမှာ စင်ကာပူနိုင်ငံမှ တစ်ဆင့် ဝင်ရောက် နေသဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် လက်ရှိအချိန်အထိ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၅ ဘီလျံ ရရှိထားရာတွင် ၁ ဒသမ ၆ ဘီလျံဖြင့် စင်ကာပူနိုင်ငံမှာ ထိပ်ဆုံးသို့ ရောက် ရှိလာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။“၁၉၈၈ ခုနှစ်ကနေ  လက်ရှိ အချိန်အထိ top က တရုတ်ပါပဲ။ မြန်မာနိုင်ငံရဲ့ စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုရဲ့ ၂၇ ရာခိုင်နှုန်း ရှိပါတယ်။ ဒါပေမဲ့ ၂၀၁၄-၂၀၁၅ မှာ ပြန်ကြည့်ရင်တော့ စင်ကာပူက ထိပ်ဆုံးကို ရောက်လာပါတယ်။ မနှစ်ကဆို စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုရဲ့ ရာခိုင်နှုန်း ၆၀ လောက်ကို စင်ကာပူက ဝင်ပါတယ်။ လက်ရှိလည်း ဝင်နေပါတယ်။ ၂၀၁၅- ၂၀၁၆ မှာလည်း စင်ကာပူက top ပါပဲ။ ယခုနှစ် လက်ရှိ အချိန်အထိ အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၅ ဘီလျံ ဝင်ရောက်နေတာမှာ ၁ ဒသမ ၆ ဘီလျံက စင်ကာပူက ဝင်ရောက်နေတာပါ” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် အမေရိကန်ဒေါ်လာ ခြောက်ဘီလျံ ရရှိရန် လျာထားကြောင်း၊ ယခုနှစ်အတွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊တယ်လီကွန်း ဆက်သွယ်ရေး လုပ်ငန်းများနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများ ကဏ္ဍမှ အဓိက ခွင့်ပြု ပေးနေကြောင်း သိရသည်။“စင်ကာပူဆိုပေမယ့် အားလုံးစင်ကာပူ နိုင်ငံသားတွေချည်းပဲ မဟုတ်ပါဘူး။ ဥပမာ-ကိုကာကိုလာ မြန်မာပြည် ဝင်လာတယ်။ ကိုကာကိုလာဆိုတာ အမေရိကန်ဆိုတာ လူတိုင်းသိတယ်။ သို့သော် မြန်မာနိုင်ငံကို ဝင် လာတော့ သူကစင်ကာပူမှာ မှတ်ပုံတင်ပြီးမှ မြန်မာနိုင်ငံထဲကို ဝင်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ Original သည် အမေရိကန် ဖြစ်သော်လည်းပဲ ကျွန်တော်တို့ စာရင်းမှာတော့ စင်ကာပူလို့ ပေါ်ပါတယ်။ ကျွန်တော်တို့ဆီကို အနောက်နိုင်ငံ အများစုက လာတဲ့အခါ အများစုက စင်ကာပူမှာ မှတ်ပုံတင်ပြီးတော့ တဖြည်းဖြည်းနဲ့ ဝင်လာလေ့ ရှိပါတယ်။ မနှစ်က ရာခိုင်နှုန်း ၆၀ ဝင်ခဲ့တာလည်း စင်ကာပူတွေချည်း မဟုတ်ပါဘူး။ စင်ကာပူနိုင်ငံ မဟုတ်ဘဲ အခြားနိုင်ငံက ကုမ္ပဏီတွေလည်း ပါပါတယ်” ဟု ဦးအောင်နိုင်ဦးက ဆက်လက် ပြောကြားခဲ့သည်။၂၀၁၄ခုနှစ် ဧပြီ ၁ ရက်မှ ဇူလိုင်လကုန်အထိ MIC က ခွင့်ပြုပေးလိုက်သည့် လုပ်ငန်းပေါင်း ၃၉ ခုရှိကြောင်း၊ အဆိုပါ ၃၉ ခု၏ တန်ဖိုးပမာဏမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၈၃၀ ရှိကြောင်း၊ ၂၀၁၅ ခုနှစ် ဧပြီ ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ လေးလတာ ကာလအတွင်း ခွင့်ပြုပေးလိုက်တဲ့ Project ပေါင်း ၇၁ ခုရှိကာ တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၅ ဘီလျံ ရကြောင်း သိရသည်။“အဲဒီ စာရင်းတွေထဲမှာ နောက်ဆုံးခွင့် ပြုလိုက်တဲ့ MIC စာရင်း ထည့်မပေါင်းရသေးဘူး။ ပေါင်းလိုက်မယ်ဆိုရင် ၈၀ ကျော်လောက် ဖြစ်သွားမယ်။ အဲတော့ မနှစ်ကနဲ့ ဒီနှစ် ခွင့်ပြုခဲ့တဲ့ အရေအတွက်ချင်း ယှဉ်ရင် နှစ် ဆလောက် တက်လာတယ်။ တန်ဖိုးနဲ့ ပြန်ကြည့်ရင် သုံးဆလောက် တက်ပါတယ်။ ကျွန်တော်တို့ လက်ထဲမှာ လက်ခံထားတဲ့ MIC ကို မတင်ရသေးတဲ့  စိစစ်ဆဲ Proposal ပေါင်း ၄၀ ကျော်လောက် ရှိပါတယ်” ဟု၎င်းက ဆက်လက် ပြောကြားခဲ့သည်။မြန်မာနိုင်ငံတွင် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲကြောင့် ယခုနှစ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏအပေါ် သက်ရောက်နိုင်ခြေ မရှိဘဲ လျာထားချက်ထက်ပင် ပိုမိုဝင်ရောက်နိုင်ကြောင်း ဦးအောင်နိုင်ဦး က သုံးသပ် ပြောကြားခဲ့သည်။