အင်္ဂလန်၊ ဝေးလ်စ်တို့ ရလဒ်ကောင်းနိုင်ပြီး စကော့တလန် ကမ္ဘာ့ချန်ပီယံနဲ့ကစားရမယ်

အင်္ဂလန်၊ ဝေးလ်စ်တို့ ရလဒ်ကောင်းနိုင်ပြီး စကော့တလန် ကမ္ဘာ့ချန်ပီယံနဲ့ကစားရမယ်
Published 5 September 2015

 ယူရို-၂၀၁၆ ခြေစစ်ပွဲက အဆုံးသတ်ပိုင်းရောက်လာပြီး ခြေစစ်ပွဲအောင်မယ့်အသင်းတချို့လည်း ထွက်ပေါ်လာတော့မှာဖြစ်ပါတယ်။ ဒီတစ်ကြိမ် ခြေစစ်ပွဲမှာထူးခြားတာက ဗြိတိန်လေးနိုင်ငံစလုံး ခြေစစ်ပွဲအောင်ဖို့ အခွင့်အရေးရှိနေပြီး အင်္ဂလန်က ဒီတစ်ပတ်ခြေစစ်ပွဲအောင်သွားနိုင်သလို၊ ဝေးလ်စ်ကလည်း အခြေအနေကောင်းနေပါပြီ။ စကော့တလန်နဲ့ မြောက်အိုင်ယာလန်အသင်းတွေကတော့ ခြေစစ်ပွဲအောင်ဖို့အပြိုင်ဖြစ်နေတဲ့အသင်းတွေနဲ့တွေ့ဆုံနေပြီး အထူးသဖြင့် စကော့တလန်က ဒီတစ်ပတ် အိမ်ကွင်းမှာ ကမ္ဘာ့ဖလားလက်ရှိချန်ပီယံ ဂျာမနီအသင်းကို လက်ခံကစားရမှာဖြစ်ပါတယ်။
ဆန်မာရီနို နှင့် အင်္ဂလန်
(၅-၉-၂၀၁၅ စနေ ည ၁၀း၃၀)
          ဆန်မာရီနိုက ပြိုင်ပွဲအဆင့်မှာ သမိုင်းတစ်လျှောက်နိုင်ပွဲ တစ်ပွဲမှမရှိခဲ့ပါဘူး။ အင်္ဂလန်နဲ့ဆုံတွေ့ခဲ့တဲ့ ငါးပွဲမှာလည်း တစ်ပွဲပျမ်းမျှ ခြောက်ဂိုးနှုန်း ပေးပြီးရှုံးခဲ့တယ်။ ဒီပွဲနိုင်ရင် ခြေစစ်ပွဲတိုက်ရိုက်အောင်မယ့် အင်္ဂလန် ဆန်မာရီနိုကို ဂိုးပြတ်နိုင်ဦးမှာပါ။ 
ရုရှား နှင့် ဆွီဒင်
(၅-၉-၂၀၁၅ စနေ ည ၁၀း၃၀)
          ရုရှားက ရှေ့ပွဲမှာ သြစတြီးယားကိုရှုံးခဲ့လို့ အုပ်စုပထမရဖို့ အလှမ်းဝေးသွားတယ်။ ဆွီဒင်ကိုနိုင်ရင် အုပ်စုဒုတိယနေရာမျှော်လင့်နိုင်ပေမယ့် လက်ရှိခြေစွမ်းပိုင်းအရ ဖြစ်နိုင်ခြေနည်းနေတယ်။ ခြေစစ်ပွဲ ကိုးပွဲဆက် မရှုံးခဲ့တဲ့ ဆွီဒင်ကိုပဲကြိုက်ပါတယ်။
စပိန် နှင့် ဆလိုဗက်ကီးယား
(၆-၉-၂၀၁၅ တနင်္ဂနွေ နံနက် ၁း၁၅)
          ဆလိုဗက်ကီးယားက စပိန်အသင်းရဲ့ ခြေစစ်ပွဲ ၃၆ ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို ရပ်တန့်ခဲ့ဖူးတဲ့အသင်းပါ။ အခုလည်း ဆလိုဗက်ကီးယားက စပိန်ကို သုံးမှတ်ဖြတ်ပြီး အုပ်စုကို ဦးဆောင်နေပါတယ်။ ရာဇဝင်ကြွေးပြန်ဆပ်ဖို့ စပိန် ဒီပွဲကို အနိုင်ကစားမှာပါ။ 
ဆွစ်ဇာလန် နှင့် ဆလိုဗေးနီးယား
(၆-၉-၂၀၁၅ တနင်္ဂနွေ နံနက် ၁း၁၅)
          အုပ်စု ဒုတိယနေရာအတွက် အပြိုင်ဖြစ်နေတဲ့ နှစ်သင်းဆုံတွေ့တာပါ။ ဆွစ်ဇာလန်က သုံးမှတ်အသာရထားလို့ ဒီပွဲကို ထိန်းကစားလို့ရပါတယ်။ အနိုင်လိုတဲ့ ဆလိုဗေးနီးယားကတော့ အစဉ်အလာအရ ဆွစ်ဇာလန်ကို မယှဉ်နိုင်ပါဘူး။ ဆွစ်ဇာလန်ပဲကြိုက်တယ်။
တူရကီ နှင့် နယ်သာလန်
(၆-၉-၂၀၁၅ တနင်္ဂနွေ ည ၁၀း၃၀)
          တူရကီရဲ့အိမ်ကွင်းမာကျောမှုကို သတိထားရမယ်။ ဒါပေမဲ့ ဆနိုက်ဒါ၊ ဗန်ပါစီတို့လို တူရကီအခြေစိုက်ကစားသမားတွေကြောင့် အဝေးကွင်းဆိုပေမယ့် နယ်သာလန်အတွက် နယ်မြေမစိမ်းနိုင်ပါဘူး။ အရှုံးမခံနိုင်တဲ့ နယ်သာလန် သရေနဲ့အနိုင်ပါ။
ဝေးလ်စ် နှင့် အစ္စရေး
(၆-၉-၂၀၁၅ တနင်္ဂနွေ ည ၁၀း၃၀)
          ဝေးလ်စ်က အုပ်စုကိုဦးဆောင်ထားနိုင်ပေမယ့် ဘယ်လ်ဂျီယံရဲ့ဖိအားပေးခြင်းခံနေရတယ်။ ဒါပေမဲ့ လက်ရှိဝေးလ်စ်ရဲ့ခြေစွမ်းက ကမ္ဘာ့အဆင့် ၁၀ အတွင်းဝင်တဲ့အသင်းပီသစွာ အကောင်းဆုံးပုံစံမှာရှိနေတယ်။ ဝေးလ်စ် ကိုပဲ ရွေးချယ်ရမယ်။
နော်ေ၀ နှင့် ခရိုအေးရှား
(၆-၉-၂၀၁၅ တနင်္ဂနွေ ည ၁၀း၃၀)
          ခရိုအေးရှားရဲ့ လက်ရှိကစားပုံက တိုက်စစ်၊ ခံစစ် မျှပါတယ်။ တိုက်စစ်က တစ်ပွဲပျမ်းမျှ နှစ်ဂိုးနှုန်းပုံမှန်သွင်းနိုင်ပြီး ခံစစ်ပိုင်းက ပျမ်းမျှနှစ်ပွဲမှ တစ်ဂိုးနှုန်းလောက်ပေးရတယ်။ ပထမအကျော့က နော်ဝေကို ငါးဂိုးသွင်းပြီးနိုင်ခဲ့တဲ့ ခရိုအေးရှားပဲ နိုင်ပွဲရပါဦးမယ်။
ဆိုက်ပရပ်စ် နှင့် ဘယ်လ်ဂျီယံ
(၇-၉-၂၀၁၅ တနင်္လာ နံနက် ၁း၁၅)
          ဘယ်လ်ဂျီယံက ဝေးလ်စ်ကိုရှုံးခဲ့တာကလွဲရင် ကျန်ပွဲတွေမှာ အမှားနည်းပါတယ်။ ဆိုက်ပရပ်စ်ကတော့ ဘယ်လ်ဂျီယံနဲ့ အဆင့်ချင်းကွာလွန်းပြီး ပထမအကျော့ကလည်း ဂိုးပြတ်ရှုံးထားတယ်။ ဒီပွဲမှာလည်း အိမ်ကွင်းဆိုပေမယ့် အရှုံးလှအောင်ပဲကစားရမှာပါ။
အီတလီ နှင့် ဘူလ်ဂေးရီးယား
(၇-၉-၂၀၁၅ တနင်္လာ နံနက် ၁း၁၅)
          အီတလီက ရှုံးပွဲမရှိသေးပေမယ့်နောက်ပိုင်းမှာ သရေပွဲတွေများလာတယ်။ အုပ်စုကို ဦးဆောင်နေတဲ့ ခရိုအေးရှားနဲ့တောင် နှစ်မှတ်ကွာသွားပါတယ်။ အုပ်စုဗိုလ်ရချင်ရင်တော့ အိမ်ကွင်းပွဲကိုအနိုင်ကစားရမှာပါ။ ဘူလ်ဂေးရီးယား ရှုံးနိမ့်ဖို့များပါတယ်။
စကော့တလန် နှင့် ဂျာမနီ
(၈-၉-၂၀၁၅ အင်္ဂါ နံနက် ၁း၁၅)
          စကော့တလန်က ဂျာမနီကိုကျော်တက်ပြီး အုပ်စုဒုတိယနေရာယူနိုင်စွမ်းရှိလို့ ဂျာမနီ အတွက်မလွယ်ပါဘူး။ ဂျာမနီရဲ့ အဓိက က ကစားသမားအများစုကလည်း ကလပ်အသင်းတွေမှာ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေတယ်။ စကော့တလန် သရေရနိုင်ပါတယ်။
ယူရို-၂၀၁၆ ခြေစစ်ပွဲစဉ်များ
၅/၆/၇-၉-၂၀၁၅
          လူဇင်ဘတ်          -          မက်ဆီဒိုးနီးယား
          ယူကရိန်း        -         ဘီလာရုစ်
          အက်စ်တိုးနီးယား         -         လစ်သူယေးနီးယား
          ဆန်မာရီနို       -         အင်္ဂလန်
          ရုရှား    -         ဆွီဒင်
          စပိန်    -         ဆလိုဗက်ကီးယား
          ဆွစ်ဇာလန်      -         ဆလိုဗေးနီးယား
          သြစတြီးယား    -         မော်လ်ဒိုဗာ
          မွန်တီနီဂရိုး      -         လက်ချင်စတိန်း
          လတ်ဗီးယား     -         ချက်
          တူရကီ -         နယ်သာလန်
          ဝေးလ်စ်          -         အစ္စရေး
          မော်လ်တာ      -         အဇာဘိုင်ဂျန်
          နော်ေ၀ -         ခရိုအေးရှား
          အိုက်စလန်      -         ကာဇက်စတန်
          ဘော့စနီးယား   -         အန်ဒိုရာ
          ဆိုက်ပရပ်စ်      -         ဘယ်လ်ဂျီယံ
          အီတလီ          -         ဘူလ်ဂေးရီးယာ
          အာမေးနီးယား  -         ဒိန်းမတ်
          ပိုလန်   -         ဂျီဘရော်လ်တာ
          အိုင်ယာလန်     -         ဂျော်ဂျီယာ
          စကော့တလန်   -         ဂျာမနီ
          ဖင်လန် -  ဖာရိုးကျွန်းစုများ
          မြောက်အိုင်ယာလန်   -  ဟန်ဂေရီ
          ရိုမေးနီးယား     -    ဂရိ
          အယ်လ်ဘေးနီးယား   -  ပေါ်တူဂီ