မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် SME လုပ်ငန်းများသည် အဓိကပါဝင်နေပြီး အိမ်တွင်းမှု လုပ်ငန်းများ၏ ၇၈ ရာခိုင်နှုန်းရှိ

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် SME လုပ်ငန်းများသည် အဓိကပါဝင်နေပြီး အိမ်တွင်းမှု လုပ်ငန်းများ၏ ၇၈ ရာခိုင်နှုန်းရှိ
Published 3 September 2015

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် SME လုပ်ငန်းများသည် အဓိကပါဝင် နေပြီး အိမ်တွင်းမှုလုပ်ငန်းများ၏ ၇၈ ရာခိုင်နှုန်းခန့် အထိရှိကြောင်း ADB မှ ထုတ်ပြန်သည့် အာရှ SME များ၏ ဘဏ္ဍာငွေကြေး အရင်းအနှီး အခြေအနေကို စောင့်ကြည့်လေ့လာမှု အစီရင်ခံစာ ၂၀၁၄ အရ သိရသည်။
မတ် ၂၀၁၅ ခုနှစ်အထိ စာရင်းအရ မြန်မာနိုင်ငံတွင် SME လုပ်ငန်းပေါင်း ၃၉၀၀၀ ကျော်ရှိပြီး မှတ်ပုံတင်ထားသော ကုမ္ပဏီစုစုပေါင်း၏ ၈၇ ဒသမ ၄ ရာခိုင်နှုန်းရှိကာ ယင်းအရေအတွက်မှာ လွန်ခဲ့သော တစ်နှစ်ကထက် ၁ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်လာကြောင်း ဖော်ပြနေသည်။ ထုတ်လုပ်မှုကဏ္ဍတွင် SME များအဓိက ပါဝင်နေပြီး အိမ်တွင်း လက်မှုလုပ်ငန်းများမှာ ၇၈ ရာခိုင်နှုန်းအထိရှိပြီး ဝန်ဆောင်မှု လုပ်ငန်းကဏ္ဍတွင် ၂၀ ဒသမ ၈ ရာခိုင်နှုန်းဖြင့် ဒုတိယအများဆုံးဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ SME လုပ်ငန်းများသည် ငွေရေးကြေးရေး ကုမ္ပဏီများနှင့် ငွေချေးငွေယူ ကိစ္စများကို ကိုင်တွယ်ဖြေရှင်းပေးသော အဖွဲ့အစည်းများ အပါအဝင် အာရှနှင့် ပစိဖိတ်ဒေသတွင် လွန်စွာသေးငယ်နေပြီး SME များ၏ ငွေကြေးလိုအပ်ချက် ကွက်လပ်ကို ဖြည့်ဆည်းနိုင်မှုမရှိပေ။ ယင်းဘဏ်မဟုတ်သော ဘဏ္ဍာရေး လုပ်ငန်းများသည် SME များကို ငွေကြေးထောက်ပံ့နိုင်ရန် ဘက်စုံမူဝါဒ မူဘောင်တစ်ခုကို အစိုးရများက ချမှတ်ရေးဆွဲရန်လည်း လိုအပ်လျက်ရှိကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။
“အာရှမှာ SME ပေါင်းသန်းချီရှိပေမယ့် အနည်းငယ်သာ ထိုးဖောက်ထွက်ပြီး နိုင်ငံတကာဈေးကွက်နဲ့ ချိတ်ဆက်နိုင်တာ ဖြစ်ပါတယ်။ ဒီလိုထိုးဖောက် ချိတ်ဆက်နိုင်အောင် ပုဂ္ဂလိက ဘဏ္ဍာငွေကြေးရင်းနှီး မြှုပ်နှံမှုရယ်၊ ငွေကြေးအရင်းအနှီး ရရှိနိုင်မယ့် ရင်းမြစ်မျိုးစုံကို လက်လှမ်းမီဖို့  အခွင့်အလမ်းတွေ ပိုမိုရရှိဖို့ရာ လိုအပ်ပါတယ်” ဟု ADB ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာဌာန အကြီးတန်း အကြံပေး နိုရိတာကာအာကာမဆုက ပြောကြားသည်။
ဆောက်လုပ်ရေး၊ ထုတ်လုပ်ရေးနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် တဖြည်းဖြည်း တိုးတက်လျက်ရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများလည်း တိုးတက်လာနေသော မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ခိုင်မာမှု အတွက် SME များက အဓိက အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း ယခုအစီရင်ခံစာတွင် ရေးသားထားသည်။
အာရှ SME များ၏ ဘဏ္ဍာငွေကြေး အရင်းအနှီး အခြေအနေကို စောင့်ကြည့်လေ့လာမှု အစီရင်ခံစာ ၂၀၁၄ ခုနှစ်သည် အာရှရှိ ဖွံ့ဖြိုးဆဲနိုင်ငံ ၂၀ နိုင်ငံကို ဆန်းစစ်လေ့လာ ထားပြီး မှတ်ပုံတင်ထားသော လုပ်ငန်းများ၏ ၉၆ ရာခိုင်နှုန်းမှာ SME များဖြစ်ကြောင်းနှင့် ယင်းတို့သည် လုပ်သားထု၏ ၆၂ ရာခိုင်နှုန်းကို ခန့်အပ်ထားနိုင်ကြောင်း အစီရင်ခံစာအရ သိရသည်။ သို့သော် ယင်းလုပ်ငန်းများမှာ စီးပွားရေးကဏ္ဍ၏ ၄၂ ရာခိုင်နှုန်းကိုသာ အထောက်အကူပြုကြောင်း သိရသည်။
SME များ နိုင်ငံတကာ ဈေးကွက်နှင့် ချိတ်ဆက်နိုင်ရန်၊ ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုတိုးတက်လာစေရန် ဒေသတွင်းရှိ နိုင်ငံအစိုးရများ အနေဖြင့် ယင်းတို့ကို ကူညီထောက်ပံ့မှုများ ပြုရန်လိုအပ်သည်။ ပစ္စည်းတင်သွင်းသူများကို ငွေပေးချေရာတွင် အချိန်ပိုမိုရယူထားခြင်း စသည့်နည်းလမ်းတို့ အပါအဝင် SME များသည် ငွေကြေးအရင်းအနှီး အသစ်များကို လွယ်လင့်တကူ လက်လှမ်းမီစေရန် နိုင်ငံအစိုးရတို့က အကူအညီပေးခြင်းတို့လို အပ်လျက်ရှိကြောင်း အဆိုပါအစီရင်အရ သိရသည်။
 

Most Read

Most Recent