မှန်ဖို့ တရားဖို့ မွေ့လျော်ဖို့

မှန်ဖို့ တရားဖို့ မွေ့လျော်ဖို့
Published 1 September 2015
ရဲထွတ်နီ

(၁)
“ဘိုးဘိုး သမီးကို အမှန်ခြစ်ပေးဦး’’
မြေးမလေး ယုယရှင်းသန့်က သူဆွဲထားသည့် ပုံ၊ ရေးထားသည့်စာကို ထိုးပေးပြီး အမှန်ခြစ်ပေးဖို့ တောင်းဆိုပါသည်။ ကျောင်းနေစ ကလေးလေးလည်း အမှန်ကို လိုချင်သည်။ အမှန်ကို ချစ်သည်။ ကျောင်းမှာလည်း သူ့ဆရာတို့နှင့် သည်လိုပင် ရှိလိမ့်မည်။ အမှန်အမှတ်ကလေး ခြစ်ပေးလိုက်တော့ ပျော်သွားလေသည်။ သူတို့ရေးသည့်စာနှင့် ဆွဲသည့်ပုံမှာ လိုနေသေးသည်။ မှားနေသည်ဆိုလျှင် မကြိုက်ချင်။ ကလေးတို့ အမှန်ကိုလိုချင်တာ ချစ်တတ်တာ ကောင်းပါသည်။ စာကိုသူတို့ ဆက်ကြိုးစားသွားတော့မည်။ အမှားလည်း ရှိသည်။ မရှိမဟုတ်ပါ။ ရေးသည့်စာ၊ တွက်ချက်သည့် သင်္ချာမှားလျှင် ပြန်ပြီးပြင်ရေး ပြန်တွက်ရမှန်း လည်းသိလာပါပြီ။ အမှန်ကို လိုလားလေလေ မမှားအောင် ပိုပြီးကြိုးစားရလေလေ ဖြစ်သည်ကိုလည်း သူတို့သိလာကြမည်။
(၂)
“ဟေ့ကောင် အဲဒါ မင်းမတရားဘူး”
ကစားနေကြရာက ချာတိတ်တစ်ယောက်က ထအော်သည်။ ဂေါ်လီပစ်တမ်း ကစားနေကြသည်။ သူကဲငါကဲ အနီးအဝေးငြင်းရင်း ဇွတ်ငြင်းသည့်တစ်ယောက်က သူ့ဂေါ်လီကို  ရှိနေရာမှ ပစ်တော့ရန် ဆတ်ခနဲ ကောက်ယူသဖြင့် စိတ်ဆိုးသွားခြင်း ဖြစ်သည်။ အမှန်ပဲ ဆိုးချင်စရာ။ ဆော့ကစားကြရင်း ချာတိတ်ကလေးတွေလည်း တရားသည် မတရားသည် ကို သိကြပါသည်။ မတရားတာကို မကြိုက်ပါ။ လက်မခံပါ။ တရားတာပဲ ကောင်းသည်။ တရားမျှမျှတတ ကစားကြရသည်ကို အများအားဖြင့် ပျော်ကြသည်။
နိုင်တဲ့သူက ပျော်ရွှင်သလို ရှုံးတဲ့သူကလည်း အရှုံးပေးရတာကို ကျေနပ်ရသည်။ နောက်တစ်ပွဲကစားလျှင် ကိုလည်းနိုင်အောင် ပြန်ကစားဦးမည်။ ကလေးတို့ဘာဝကစားကြ ရင်းက အားကစားစိတ်ဓာတ်ဆီ ရောက်ကြရမည်။ တရားမျှမျှတတ ယှဉ်ပြိုင်ကြ။ အနိုင်ရသူကို ချီးကျူးဂုဏ်ပြုကြ။ ချန်ပီယံဆုကို လက်ပြောင်းလွှဲပေးကြ။ အားကစားပြိုင်ပွဲတွင် ဒိုင် လူကြီးထားသည်မှာ တရားမျှတစွာ ယှဉ်ပြိုင်ကစားကြဖို့ဖြစ်သည်။ အချင်းချင်းတရားသဖြင့် ကစားခဲ့ကြသည့် ကလေးများသည် အားကစားပြိုင်ပွဲကို ကောင်းကောင်း နားလည်ကြပါသည်။
(၃)
အမှန်ကိုလိုချင်၍ ကလေးကြိုးစားထားသည်ကို အမှားခြစ်ပေးကြည့်ပါ။ ယုယလို အသွက်ကလေးက ပြန်အော်လိမ့်မည်။ ငြူစူမည်။ “ဒီမှာ သေချာကြည့် မှန်နေတာမတွေ့ ဘူးလား” ဟု ရန်ထောင်မည်။ “ဘိုးဘိုးတို့က ကျောင်းက ဆရာမလောက်တောင် မတတ်ဘူး” ဟု ပြောချင်ပြောဦးမည်။ မှန်နေပါလျက် အမှားသတ်မှတ် ကြက်ခြေခတ်ပေးလျှင် ဘယ်သူမှမကျေနပ်။ ကျေနပ်စရာလည်း  မဟုတ်ပါ။
ဤသဘောပင်။
အချင်းချင်းကစားကြရာတွင် ညစ်တတ်သည့်အကောင် မတရားလုပ်တာကို ခံရသဖြင့် “နောက် တို့ကစားရင် ဒီကောင်မပါစေ နဲ့ကွာ” ဟုတစ်ယောက်က အဆိုပြုတော့သည်။ “အေး၊ ငါလည်း ဒီကောင်ပါရင် မကစားဘူး ဟေ့” ဟု ထောက်ခံသူက ထောက်ခံသည်။ နောက်ကစားပွဲတွင် ညစ်သည့်အကောင်က သူမပါရင်တော့ ညစ်ကန်ကန်ဖြင့် ကစားနေကြတာကို အနှောင့်အယှက်ပေးပြီး ပွဲဖျက်သည်။ လူကြီးလောကတွင် မင်းသားကြီး မလုပ်ရတော့ ပတ်မကြီးကို ထိုးဖောက်သည်။ ညစ်ပတ်တတ်သူတွေဖြစ်သည်။
ငယ်ငယ်ကလမ်းထဲတွင် လူခွဲပြီး ဘောလုံးကစားခဲ့သည့်အထဲက တစ်ခုကို သတိရမိသည်။ ထိုစဉ်က ဒဗလျူဟု ခေါ်သော ရော်ဘာဘောလုံး ကစားခြင်းဖြစ်သည်။ ကစားတိုင်း မြင့်အောင်ဆိုသည့်ကောင်သည် ညစ်ကစားသည်။ လူချသည်။ သူ့ထက်အသက်ရော အလုံးအဖန်ပါ ငယ်သူတို့က ခံကြရသည်။ ကျွန်တော်လည်း သူ့ထက်ငယ်ပါသည်။ သို့သော် မခံချင်သဖြင့် လူခွဲကြလျှင် သူခေါ်တာတောင် သူ့ဘက်မှမပါ။ တစ်ဖက်အသင်းမှာ သာနေပြီး သူနှင့်တိုးမိလျှင် သူညစ်တာကို အနာခံပြီး သူ့ကိုပြန်ခံအနိုင် ကစားလိုက်သည်။ အတော်တော့ နာကျင်ပါသည်။ နောက်တော့ သူညစ်ကားတာကို မခံကြတော့ သူအချိုးပြောင်းသွားတော့သည်။
အခုလည်း ကစားနေတုန်းမပါရသည့် ငညစ်က ပွဲလာဖျက်တော့ မခံချင်သည့်ချာတိတ်နှင့် ရန်ဖြစ်တော့သည်။ ချာတိတ်ကို သူကထိုးသည်။ ချာတိတ်ကလည်း ပြန်ခံထိုးသည်။ အတူတူ ကစားနေကြသည့် ချာတိတ်ဘက်က ကလေးများကလည်း ငညစ်ကိုဝိုင်းပြီး တွန်းဖယ်ပစ်ကြသည်။ အိမ်တွေကသိတော့ ပြေးထွက်လာကြပြီ။ “ဟဲ့ ဟဲ့ ကြည့်စမ်း ကြည့်စမ်းဖြစ်နေလိုက်ကြတာ”။ လမ်းပေါ် ကလေးကစားဝိုင်းလေးမှာ ဆူဆူညံညံဖြစ်သွားပြီ။
ကလေးချင်းဖြစ်ကြရာတွင် မတရားသည့်ကလေး၊ မတရားသည့်ဘက်ရှိပါသည်။ ဘယ်လိုဖြစ်၊ ဘယ်သူမှား၊ ဘယ်သူမှန် ဆန်းစစ်ပြီး ဖျန်ဖြေလျှင်ပြေလည်ရမည့်အစား မ ဆန်းစစ်သည့် လူ...ကိုယ့်ဥမှ ကိုယ့်ဥလုပ် သည့် မိဘတို့ပါလာတော့ လူကြီးချင်းလည်း ရန်ဖြစ်တော့သည်။ စကားအပြန်အလှန်ပြော ဆိုနေကြရာတွင် ရင့်သီးစွာ ဆဲဆိုတာတွေ ပါလာတတ်သည်။ ထဘီစွန်တောင်ဆွဲရုံမက သတ်ကြပုတ်ကြသည့်အဆင့်အထိလည်း ရောက်သွားနိုင်သည်။ ကိုယ့်ကလေးက မတရားလည်း အလုပ်ခံရသေးတော့ ဖြစ်နိုင်ပါ သည်။
ထိုရောအခါ ကလေးတို့သည် မည်သည့် သင်ခန်းစာကို နမူနာရကြပါသနည်း။ တကယ်က ဆန်းစစ်ကြပြီး အမှန်ကိုသိကြရ၊ မှန်တာနှင့် တရားတာကိုသာ လက်ခံကြပါလျှင် ညစ်သည့်ကလေးကို သူ့မိဘကလည်း တစ်ဦးတစ်ယောက်က ကိုယ့်ကိုအခုလို မတရားလုပ်ခဲ့လျှင် ကိုယ်လည်းမခံချင်မခံနိုင်ဖြစ်မှာပဲမို့ အချင်းချင်းအတူတူ ကစားကြလျှင် သူနိုင်လျှင် သူပျော်၊ ကိုယ်နိုင်လျှင် ကိုယ်ပျော် သူ့အလှည့်တစ်ခါ ကိုယ့်အလှည့်တစ်ကျော့ စာနာတရား မျှတတ်ဖို့ဆိုကြရမည်။ ထိုသို့ဆိုပြီးလျှင် ခံရသောချာတိတ်ကိုလည်း ဆက်ပြီး ဆုံးမဦးမှာမို့ ကျေနပ်စေရပါမည်။ မတရားအနိုင်ကျင့် သည့် ကလေးမိဘတို့က စာနာ နားလည်တတ် ကြရမည်။
ဤသို့မဟုတ်ခဲ့လျှင်တော့ ကိုယ်ကလည်း မတရားတာရယ် ကိုယ်ကမှားပေမယ့် ကိုယ့်လူကြီး ကိုယ့်မိဘက ကိုယ့်ဘက်ကနေ၍သာ တစ်ဖက်ကို ရန်ထောင် အနိုင်လုပြောသေး တာဆိုတော့ ညစ်ကန်ကန်ချာတိတ်က အားရသွားပြီ။ “တွေ့တယ်မဟုတ်လား။ ငါ့မိဘတွေက ဒီလိုမျိုး၊ ငါမှားတာမဟုတ်ဘူး။ ငါတရားလွန်တာ မဟုတ်ဘူး” ဟု မှတ်တော့သည်။ လူကြီးအားကိုးကာ ပိုပိုဆိုးနိုင်တော့သည်။ မတရားအနိုင်ကျင့်ခံရသည် ကလေးကလည်း စိတ်ထဲအချဉ်ပေါက်လေပြီ။ ဆရာကြီး ရွှေဥဒေါင်းကဲ့သို့ ဆူးတစ်ချောင်း ပေါက်သွားနိုင်လေပြီ။
ဤနည်းဖြင့် လူကြီးနှင့်မိဘတို့ကိုယ်တိုင်သည် ငယ်ရွယ်နုနယ်သေးသည့် ကလေးများကို ပိုဆိုးသွမ်း မိုက်ကန်းသွားအောင် လုပ်တတ်ကြသည်ဟု ဆိုနိုင်သည်။ ပါးစပ်ကပြောတော့ “အမှန်တရား” အမှန်တရားဟု ပြောတတ်ကြပါသည်။ မသိမှုဖြင့် မိုက်မဲစွာကလေးနှင့် လူငယ်တို့ကို မမှန်ကန်တာ မတရားတာကိုပင် လုပ်တတ်သွားအောင် ပြုမိတတ်ကြသည်။ တမင်သက်သက်လည်း တရားမလိုက်ဘဲ အမှားစရိုက်ကို ကြိုက်သွားအောင် အားပေးပုံမျိုးရှိပါသည်။ ကိုယ့်ကလေး စားရ၊ ကိုယ့်ကလေးပဲ ဝတ်ရ၊ ကိုယ့်ကလေး ကစားချင်တိုင်း ကစားရ၊ ကိုယ့်ကလေး ကျေနပ်ကာအနိုင်ရလျှင် ပြီးပြီးရော သဘောထားတတ်ကြသည်။ ထိုသို့လူကြီးမျိုးဖြစ်သော လူဆိုးဂိုဏ် ခေါင်းဆောင်တို့သည် မတရားပြုူဆိုးမိုက်ရူးရဲများကို မွေးမြူထားကြသည် မဟုတ်ပါလား။ သူတို့မှာ “မတရားဘူးဟူသော ဝေါဟာရမရှိ၊ အဓိပ္ပာယ်ကိုလည်း မဖွင့်” အမှား ဆိုတာကို မသိချင်ကြ။ အာဏာရူးသူများ၊ မတရားစီးပွားရှာ ချမ်းသာကြသူများလည်း ဤသို့ပင်ပြုတတ်ကြသည်။ ကျောင်းကကလေးတို့လို အမှားကြုံလျှင် ပြင်ရမှန်းမခံယူတော့ လောကဇာတ်ခုံသည် မတရားမှုများ အလွန်ပြွမ်းကာ ထိခိုက်မှုများ မတရားစီရင် ဆုံးဖြတ်မှုများဖြင့် အရပ်ထဲလမ်းထဲ မှာကအစ မအေးချမ်းနိုင် တော့ချေ။ ယခု ဆိတ်ကွယ်ရာမဟုတ်သည့် နေရာနှင့်အချိန်မှာပင် ရာဇဝတ်မှုများ ကျူးနေကြသည်။ နိုင်ငံရေးအမြတ်ထုတ်လျက် ထောင်မှလွှတ်ပေးလိုက်သော ရာဇဝတ်ဒဏ်ကျ လွတ်ငြိမ်းလာသူတို့ကြောင့် ထိခိုက်ရသူ ပြည်သူများရှိလာနေပါသည်။ အမှန်နှင့်အမှား၊ တရားသလား၊ မတရားသလား ကိုယ်တိုင် တရားမျှတမှ မှန်ကန်ကြပါလိမ့်မည်။
(၄)
“နိုင်ငံဖြစ်စေ၊ လူမျိုးဖြစ်စေ၊ နိုင်ငံအတွက် လူမျိုးအတွက် အနစ်နာခံနိုင်သူများ၊ ဘဝကိုစတေးနိုင်သူများ ပေါများသည် နှင့်အမျှ ထိုနိုင်ငံထိုလူမျိုးတို့သည် ကမ္ဘာ၌ထိပ် တန်းနိုင်ငံ ထိပ်တန်းလူမျိုး ဖြစ်မည်မှာသေချာ၏။ ဤနေရာ၌ ထိပ်တန်းဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာပြည့်စုံမှု၌ ထိပ်တန်းကို ဆိုလိုသည်မဟုတ်။ အတတ်ပညာပိုင်းဆိုင်ရာ ပြည့်စုံမှု၌လည်း ထိပ်တန်းကို ဆိုလိုသည်မဟုတ်။ ကိုယ်ကျင့်သိက္ခာပိုင်း ပြည့်စုံမှု၌သာ ထိပ်တန်းကို ဆိုလိုချင်းဖြစ်၏။”
ဤစကားသည် ဆရာကြီးဦးရွှေအောင် [သက်ကျသီဟဓမ္မာစရိယ (ဝဋံသကာ)၊ စေတီယင်္ဂဏဓမ္မာစရိယ၊ အစိုးရဓမ္မာစရိယ(သိရောမဏိ)မဟာဝိဇ္ဇာ(သက္ကဋ)] က ဆိုခဲ့သော စကားဖြစ်ပါသည်။ ဆရာကြီးဦးရွှေအောင် သည် သူရေးသားသောစာများတွင် အုပ်စိုးသူ မင်း၊လူကြီး စသူများ ကိုယ်ကျင့်တရားနှင့် ပြည့်စုံကြစေရန် အများကောင်းစားရေး အတွက် မိမိကောင်းစားရေးကို စွန့်လွှတ်သည့် ပါရမီဖြည့်သင့်ကြောင်းများ ရေးသားဖွင့်ဆို လေ့ရှိပါသည်။ သူလိုငါလို အဆင့်ကိုကျော်လွန်သော ပါရမီရှင်တို့သည် မိမိအတွက် သိမ်း ပိုက်ခြင်းထက် လောကအတွက် စွန့်လွှတ်ရခြင်းကို ပို၍မြတ်နိုးကြသည်ဟူ၏။ ထိုသူမျိုးတို့သာလျှင် နိုင်ငံ့ခေါင်းဆောင် ဖြစ်ထိုက်ပေသည်။
ဓမ္မပဒ အခန်း(၇)၊ ရဟန္တာအခန်း ဓမ္မပဒဂါထာ ၉၈ ကိုလည်း ဆရာကြီးဦးရွှေအောင်က ယခုကဲ့သို့ မြန်မာပြန်ဆိုထားပါသည် -
          “ဒေသတစ်ခုသည် ‘ရွာ’ ဖြစ်ချင်ဖြစ်မည်။
          ‘တော’ ဖြစ်ချင်ဖြစ်မည်။
          ‘ချိုင့်ဝှမ်း’ ဖြစ်ချင်ဖြစ်မည်။
          ‘ကြည်းကုန်း’ ဖြစ်ချင်ဖြစ်မည်။
သို့ရာတွင် မည်သို့ပင်ဖြစ်စေ သူတော်စင်များ နေထိုင်ရာ ဖြစ်ရိုးမှန်ပါက ထိုနေရာ ထိုဒေသသည် ကမ္ဘာ့မြေပြင်တွင် မွေ့လျော်ဖွယ် အကောင်းဆုံးဖြစ်၏’’ ယခု မိမိတို့နိုင်ငံ ကတော့ အကောင်းဆုံး မဟုတ်ပါသေးဘဲ ‘မွေ့လျော်ဖွယ်’ မျှဖြစ်လာအောင်ကိုပင် ဆင်းရဲကျပ်တည်းမှု မတရားမှုတို့မှ မည်မျှ ရုန်းထွက် နေကြရဦးမည် မဆိုနိုင်ချေ။

Most Read

Most Recent