ညီမလေးသဖွယ် ခင်မင်ရတဲ့ ‘မိုးခါးရေ’ ဆိုတဲ့ကောင်မလေးက ဖေ့စ်ဘွတ်ပေါ်မှာ သူမရေးထားတဲ့ ဝတ္ထုတိုလေးတစ်ပုဒ် တင်ထားတာကို ဖတ်လိုက်ရပါတယ်။ ဝတ္ထုလေးက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခေါင်းစဉ်က ‘အဲဒီအချိန်က ကြယ်တွေကြွေသွားခဲ့သလား’ တဲ့။ မွေးရာပါ နှုတ်ခမ်းကွဲလေးပါလာတဲ့ ကောင်မလေးကို ညီမ,မတော်ချင်တဲ့ အစ်ကို။ အဲဒီအစ်ကိုရဲ့ မေတ္တာကို ငတ်မွတ်နေတဲ့ညီမလေး။ အဲဒီမောင်နှမနှစ်ယောက် အကြောင်းကို ရေးထားတာပါ။
မွေးရာပါချို့ယွင်းချက်ကြောင့် အားငယ်ရှက်ရွံ့သိမ်ငယ်စိတ်တွေ လွှမ်းမိုးနေပေမယ့် ညီမလေးဟာ ပတ်ဝန်းကျင်အပေါ် အရမ်းကောင်းရှာတယ်။ သူတစ်ပါးကို ကူညီချင်စိတ်ထက်သန်တယ်။ ဒါပေမဲ့ အစ်ကိုဖြစ်သူက သူမကိုဂရုမစိုက်ဘူး။ သူမစိတ်ထဲမှာ အစ်ကိုဖြစ်သူကို အားနည်းသူတွေအပေါ် ကြင်နာနွေးထွေးတတ်တဲ့ လူတစ်ယောက်ဖြစ်စေချင်တယ်။ အဲဒီအစ်ကိုက သူမပေါ် ခါးခါးသီးသီး ဆက်ဆံသလောက် သူမကတော့ မိုးရေထဲမှာ ကျန်ရစ်ခဲ့တဲ့ အစ်ကိုရဲ့ စာအုပ်လေးကို ရေစိုခံပြီး သွားယူပေးတဲ့အထိ ဂရုစိုက်ရှာပါတယ်။ အဲဒီလိုနဲ့ မိုးမိပြီး အပြင်းဖျားရာက ညီမလေး ဆုံးပါးသွားပါတယ်။
ညီမလေးမရှိတော့မှ အစ်ကိုဖြစ်သူဟာ ယူကျုံးမရ နှောင်းနောင်တတွေနဲ့ ကျန်ရစ်ခဲ့တယ်။ သို့သော် ညီမလေးဖြစ်စေချင်တဲ့ ပတ်ဝန်းကျင်အပေါ် ကိုယ်ချင်းစာစိတ်နဲ့ မေတ္တာထားတတ်တဲ့ လူတစ်ယောက်တော့ ဖြစ်လာခဲ့တယ်။ ပြီးတော့ သူ့ညီမလေးကို ကုသခွင့်မရလိုက်ပေမယ့် မျက်နှာနဲ့ မေးရိုးခွဲစိတ်ကု ဆရာဝန်တစ်ယောက်လည်း ဖြစ်လာခဲ့ပါတယ်။
ကျွန်တော်က အဲဒီဝတ္ထုလေးဖတ်ပြီးမန့်တော့ စာရေးသူညီမလေးက ‘လောကကြီးမှာ လူကောင်းတွေ ရှိသေးတယ်ဆိုတာ သိစေချင်တယ်။ ခံစားမိစေချင်တယ်’ လို့ ပြန်ရေးပါတယ်။ အဲဒီစာသားလေးက ကျွန်တော့်ကို တော်တော်လေး ထိခိုက်သွားစေပါတယ်။ ဘာဖြစ်လို့လဲ မသိဘူး။ စိတ်ထဲမှာ မကောင်းဘူး။ ဆို့နင့်ကြေကွဲသွားသလိုလို ဘာလိုလို...။
ဟုတ်ပါတယ်။ ကျွန်တော့်ညီမလေး ပြောသလိုပါပဲ။ လောကကြီးမှာ လူကောင်းတွေ ရှိပါသေးတယ်။ ကျွန်တော်တို့ တွေးထင်ထားသလောက် လောကကြီးက(အဆုံးစွန်ထိ) မရိုင်းစိုင်းသေးပါဘူး။ လူကောင်းတွေ ကျန်သေးတယ်။ ဟောဒီလောကကြီးကို လူဆိုးတွေနဲ့တည်ဆောက်ထားတာ မဟုတ်ပါဘူး။ လူကောင်းတွေနဲ့ တည်ဆောက်ထားတာပါ။
ဒီယနေ့ခေတ်မှာ နေ့စဉ်နဲ့အမျှ ဖတ်နေရတဲ့ သတင်းတွေမှာ ခိုး၊ ဆိုး၊ လုယက်၊ ဓားပြတိုက်၊ မုဒိမ်းကျင့်၊ လူသတ်၊ ဗုံးခွဲစတဲ့ သတင်းတွေဟာ မကြားချင်မမြင်ချင်မှ အဆုံးပါပဲ။ အဲဒီသတင်းတွေကို နေ့စဉ်ဖတ်နေရလို့ ‘လောကကြီးဟာ နေလို့မကောင်းတော့ဘူး။ အားလုံးက လူဆိုးတွေချည်းပဲ’ လို့တော့ မှတ်ချက်ချလို့မရပါဘူး။ အားလုံးကို ဝါးလုံးရှည်နဲ့ သိမ်းယမ်းလို့ မရပါဘူး။
တစ်ခါတစ်ခါ လူဆိုး၊ သူခိုး၊ လူသတ်သမား၊ လူယုတ်မာ၊ ကလိမ်ကကျစ်တွေ အကြောင်းကိုချည်းပဲ ကြားနေမြင်နေရလို့ ကျွန်တော်တို့ဟာ ‘လူကောင်း’ တွေအကြောင်းကို မစဉ်းစားဘဲ ဖြစ်နေတတ်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်က လူကောင်းတွေကို မေ့လျော့သွားတတ်ပါတယ်။ လူဆိုးတွေအကြောင်းချည်း အချိန်ပြည့် စဉ်းစားနေခြင်းဟာလည်း ‘လူကောင်းတွေ မရှိတော့ဘူး’ လို့ထင်မြင်သွားစေတဲ့ အဆိုးမြင်ဝါဒီတစ်ခုဆီကို ဦးတည်သွားစေပါတယ်။ လောကမှာ အကောင်းမြင်လွန်းတာလည်း မကောင်းပါဘူး။ အဆိုးမြင်လွန်းတာလည်း မကောင်းပါဘူး။ အားလုံးကို မျှမျှတတနဲ့ မှန်မှန်ကန်ကန်မြင်နိုင်ဖို့ အရေးကြီးလှပါတယ်။ ဘာလို့ ဒီစကားပြောရတာလဲဆိုတော့ အဲဒီအဆိုးမြင်ဝါဒဟာ လက်ရှိမြန်မာ့နိုင်ငံအရေးနဲ့လည်း တစ်နည်းတစ်ဖုံ ပတ်သက်နေလို့ပါပဲ။
၂၀၁၅ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မကြာခဏကြားနေရတဲ့ စကားတစ်ခွန်း ရှိပါတယ်။ ‘ဘယ်သူတက်တက် ဘာမှမထူးဘူး။ အားလုံးအတူတူပဲ။ ဒီထက်ကောင်းလာမှာလည်းမဟုတ်ဘူး။ ပိုဆိုးဖို့ပဲရှိတယ်’ ဆိုတဲ့စကားပါပဲ။ ဘာကြောင့် အဲဒီလိုပြောကြတာလဲ။ ဓလေ့ဟောင်း၊ အကျင့်ဟောင်း၊ စနစ်ဟောင်းတစ်ခု ကြာရှည်ခိုင်မာစွာ စွဲမြဲနေတဲ့အခါ အဟောင်းမှအသစ်သို့ ရုတ်တရက်ကူးပြောင်းတဲ့အခါ ပဋိပက္ခသဘော အသွင်ဆောင်တာမျိုး ရှိတတ်ပါတယ်။ အဲဒီအပြောင်းအလဲကို မယုံကြည်တာမျိုး၊ စိတ်မရှည်တာမျိုး ဖြစ်တတ်တာ သဘာဝပါပဲ။
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ လူကောင်းတွေ ရှိပါသေးတယ်။ တကယ်လည်းရှိပါတယ်။ အဲဒီလူတွေကို ကျွန်တော်တို့ ရှာဖွေတတ်ဖို့ပဲလိုတာပါ။ ပြီးရင်တော့ အဲဒီလူတွေကို အသိအမှတ်ပြုပါ။ ထောက်ခံပါ။ အားပေးပါ။ အရည်အချင်းရှိတဲ့ လူကောင်းတွေ ခေါ်ဆောင်ရာနောက်ကို ပေကတ်ကတ်မလုပ်ဘဲ လိုက်ပါဝန်းရံပေးပါ။ ကိုယ့်တိုင်းပြည်ကို ကောင်းစေချင်တယ်ဆိုရင် လူကောင်းကို ခေါင်းဆောင်တင်မှ အခြေအနေတွေ ကောင်းလာမှာပါ။
ပြောရရင်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ လူကောင်းရော၊မူကောင်းရော ပျောက်ဆုံးနေခဲ့တာ ကာလအတန်ကြာရှည်ခဲ့ပါပြီ။ အခုလို ကူးပြောင်းဖို့ အားယူနေဆဲကာလမှာ လူကောင်းကိုရွေးချယ်ဖို့ အခွင့်ကောင်းလည်း ပေါ်လာနေတဲ့ အချိန်အခါမျိုးမှာ တွေဝေတုံ့ဆိုင်းပြီး ဟိုလိုလိုဒီလိုလို မပြတ်မသားနဲ့ ‘ဟိုလူလည်းမကြိုက်၊ ဒီလူလည်းမကြိုက်၊ ဘယ်သူမှ မကြိုက်ဘူးကွာ’ လို့ ဘုကန့်လန့်တိုက်နေမယ့်အစား မူကောင်းကိုဖော်ဆောင်နိုင်မယ့် လူကောင်းကို ရွေးချယ်တတ်ဖို့ပဲလိုပါတယ်။ ဒါမှသာ လူကောင်း၊ မူကောင်းနဲ့ နိုင်ငံတော်သစ်ဆီသို့ စိတ်ကူးမျှော်မှန်းပြီး လျှောက်လှမ်းနိုင်ကြမှာ မဟုတ်ပါလား။










