တစ်နိုင်ငံလုံး မဲဆန္ဒရှင်စာရင်းကို စက်တင်ဘာလလယ်တွင် ကြေညာမည်ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ပြောကြား

တစ်နိုင်ငံလုံး မဲဆန္ဒရှင်စာရင်းကို စက်တင်ဘာလလယ်တွင် ကြေညာမည်ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ပြောကြား
Published 31 August 2015

လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံး မဲဆန္ဒရှင်စာရင်းကို စက်တင်ဘာလလယ်တွင် ကြေညာ၍ ကပ်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။သြဂုတ် ၃၁ ရက်က ရန်ကုန်မြို့ Park Royal Hotel ၌ ပြုလုပ်ခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် လူမှုအဖွဲ့အစည်းများအကြား ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာ အဋ္ဌမအကြိမ်မြောက် အစည်းအဝေးတွင် ၎င်းက ယခုကဲ့သို့ ပြောကြားသည်။ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက “မဲဆန္ဒရှင်စာရင်း ကြေညာခြင်းကိုလည်းပဲ စက်တင်ဘာလလယ်လောက်မှာ ကပ်ထားကြေညာသွားပါမယ်။ ယခင်က သြဂုတ်လအကုန်မှာ ကပ်ထားကြေညာဖို့ စီစဉ်ထားပေမယ့် ရေဘေးဒုက္ခ ကြုံတွေ့ရတဲ့ မဲဆန္ဒရှင်များ အနေနဲ့ မဲစာရင်း ကြည့်ရှုမှု အခက်အခဲ ရှိတဲ့အတွက်ကြောင့်မို့လို့ အဆင်ပြေလောက်တဲ့ ကာလကို ရွှေ့ဆိုင်းရခြင်း ဖြစ်ပါတယ်။ ဒီမဲစာရင်းကို ၁၄ ရက် ကပ်ထားကြေညာမှာ ဖြစ်ပါတယ်။ အဲဒီလို ကပ်ထားကြေညာရာမှာ မဲဆန္ဒရှင် ပြည်သူများအနေနဲ့ လာရောက်ကြည့်ရှုပြီး မဲစာရင်းမှာ မပါရင် ဖြည့်ဖို့၊ မှားရင် ပြင်ဖို့၊ မပါသင့်တာ ပါရင် ကန့်ကွက်ဖို့ ဆောင်ရွက်ရမှာဖြစ်ပြီး ဒီတစ်ခါ ကပ်ထားကြေညာခြင်းဟာ နောက်ဆုံးကပ်ထားခြင်း ဖြစ်တဲ့အတွက်ကြောင့် မဲဆန္ဒရှင် ပြည်သူအားလုံးက မဲစာရင်း ပါမပါ ကြည့်ရှုဖို့ လိုအပ်ပါတယ်” ဟု ပြောကြားသည်။ထို့ပြင် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ပြည်သူအားလုံးက မဲစာရင်းကို ကြည့်ရှုစစ်ဆေးပေးရန်၊ မဲစာရင်းမှာ အမည်မပါ၍ မဲပေးပိုင်ခွင့် ဆုံးရှုံးမှု မဖြစ်ရအောင် လူမှုအဖွဲ့အစည်းများ အနေဖြင့် မဲဆန္ဒရှင် ပြည်သူများကို သတိပေးဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း၊ ရက်ပေါင်း ၁၈၀ ကျော်လွန်နေထိုင်သူများ အနေဖြင့် ပုံစံ ၃ (က) နှင့် လျှောက်ထားနိုင်ကြောင်းကိုလည်း ထုတ်ပြန်ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ပုံစံ(၃)နှင့် အကျုံးဝင်သူများကိုလည်း လူမှုအဖွဲ့အစည်းများ အနေဖြင့် မဲပေးပိုင်ခွင့်ရှိအောင် ကူညီဆောင်ရွက်သွားရန် တိုက်တွန်းချင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက အရပ်ဘက် အဖွဲ့အစည်းများအား ပြောကြားသည်။မူလက တစ်နိုင်ငံလုံး မဲဆန္ဒရှင်စာရင်းကို သြဂုတ် ၂၃ ရက်မှ စက်တင်ဘာ ၆ ရက်အထိ ကြေညာကာကပ်ထားရန် စီစဉ်ခဲ့သော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရေကြီးမှု၊ မြေပြိုမှု စသည့် သဘာဝဘေးအန္တရာယ်များ ကျရောက်ခဲ့မှုကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်နေရသည့်အတွက် စက်တင်ဘာလသို့ ပြောင်းရွှေ့ခဲ့ရခြင်းဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က သြဂုတ် ၂၄ ရက်တွင် ပြောကြားသည်။ထို့ပြင် ဦးသောင်းလှိုင်က တစ်နိုင်ငံလုံး မဲဆန္ဒရှင်စာရင်း ကြေညာမည့်ရက်ကို ထပ်မံထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

Most Read

Most Recent