အမည်စာရင်း တင်သွင်းခဲ့သည့် NLD ကိုယ်စားလှယ်လောင်း ၁၁၃၈ ဦးအနက် ခုနစ်ဦး ရွေးကောက်ပွဲကော်မရှင် ပယ်ချ၊ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ပယ်ချမှု ရှိ မရှိ သတင်းမရရှိ

အမည်စာရင်း တင်သွင်းခဲ့သည့် NLD ကိုယ်စားလှယ်လောင်း ၁၁၃၈ ဦးအနက် ခုနစ်ဦး ရွေးကောက်ပွဲကော်မရှင် ပယ်ချ၊ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ပယ်ချမှု ရှိ မရှိ သတင်းမရရှိ
Published 31 August 2015
ဆန်းမိုးထွန်း

၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အမည်စာရင်း တင်သွင်းခဲ့သည့် NLD ကိုယ်စားလှယ်လောင်း ၁၁၃၈ ဦးအနက် ခုနစ်ဦးကို ရွေးကောက်ပွဲကော်မရှင်က ပြဋ္ဌာန်းထားသော စည်းမျဉ်းစည်းကမ်းများနှင့် မကိုက်ညီဟုဆိုကာ သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်မှ ပယ်ချခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက သြဂုတ် ၃၁ ရက်တွင် ပြောကြားသည်။“အခုဟာက ခရိုင်က ပယ်လိုက်တာ။ ကော်မရှင်ကို အယူခံ ဆက်တက်မယ်။ အယူခံကာလကတော့ ကျန်သေးတယ် ထင်တယ်။ အခု နောက်ဆုံးနေ့ကတော့ ကိုယ်စားလှယ် အမည်လောင်း ကြေညာမှာပေါ့လေ။ အယူခံကတော့ ကျန်သေးတယ်။ သူတို့ဥပဒေမှာ တစ်ခါတည်း ပေးထားပါတယ်။ အခု အပယ်ခံထားရတဲ့သူတွေ အယူခံတက်ဖို့ ဆက်လုပ်နေကြပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောကြားသည်။NLD မှ ပယ်ချခံရသည့် ကိုယ်စားလှယ်လောင်းများမှာ ရှမ်းပြည်နယ်မှ နှစ်ဦး၊ ကချင်ပြည်နယ်မှ နှစ်ဦး၊ ကယားပြည်နယ်မှ တစ်ဦး၊ ရခိုင်ပြည်နယ်မှ တစ်ဦး၊ မန္တလေးတိုင်းဒေသကြီးမှ တစ်ဦးတို့ ဖြစ်ကြသည်။ပယ်ချခံရသည့် ကိုယ်စားလှယ်လောင်း ခုနစ်ဦးအနက် ကချင်ပြည်နယ်မှ နှစ်ဦးတွင် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၄)နေရာမှ ဦးနောင်နဂျာတန်နှင့် တနိုင်းမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁) နေရာမှ ဦးဇော်ထန်၊ မန္တလေးတိုင်းဒေသကြီးတွင် ချမ်းအေးသာစံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်(၁)နေရာမှ ဒေါက်တာဝင်းမြင့်၊ ကယားပြည်နယ်တွင် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၀ နေရာမှ ဦးဖြိုးဝေအောင်နှင့် ရခိုင်ပြည်နယ် ပြည်နယ်လွှတ်တော် မောင်တော မဲဆန္ဒနယ် (၂) နေရာမှ ဦးထွန်းမင်းစိုးတို့ဖြစ်ကြောင်း သိရသည်။“အခုပယ်ခံရတဲ့ ခုနစ်ယောက်မှာ အကြောင်းအရာက မတူဘူး။ ကချင်က နှစ်ယောက်က မတရားအသင်းတွေနဲ့ ဆက်သွယ်တယ်။ မတရားအသင်းတွေမှာ ပါဝင်တယ်။ သူတို့ မနေ့က ဖုန်းဆက်တယ်။ ဘာနဲ့လဲဆိုတော့ အဲဒါနဲ့တဲ့။ သူတို့က ပြောတယ်။ ကျွန်တော်တို့ လုံး၀ အဆက်အသွယ် မရှိဘူးတဲ့။ သူတို့ကို ဘာလို့ စွပ်စွဲလဲတဲ့။ အဲဒါကို ရှင်းပေါ့လို့ ကျွန်တော်က ပြောလိုက်တယ်။ ရှမ်းကနှစ်ယောက်ကိုတော့ ဘာကြောင့်ပယ်လဲဆိုတာ ကျွန်တော်မသိဘူး။ ကယားကတော့ အသက် ၂၉ ပဲရှိလို့ ပယ်ခံရတယ်။ မန္တလေးကတော့ မိဘက နိုင်ငံသားမဖြစ်လို့။ ရခိုင်က တစ်ယောက်ကလည်း ဘာလို့မှန်း မသိဘူး။ တတ်နိုင်သမျှတော့ သူတို့က ဘောင်ထဲကနေ လုပ်မှာပဲ။ ညစ်တယ် မညစ်တယ် ဆိုတာကတော့ ကျွန်တော်တို့ မသိဘူး။ ကျွန်တော်ဆိုလိုတာက ဥပမာအားဖြင့် အသက် ၂၉ နှစ်ဆိုပြီး အသက်ငယ်လို့ ပယ်ချခံရတဲ့ဟာက NLD မှာ တစ်ယောက်ရှိတယ်။ တခြားပါတီမှာရော ရှိလား မရှိဘူးလား။ ဒါမှမဟုတ်ရင် စစ်လား မစစ်ဘူးလား။ တရားမျှတမှု ရှိမရှိဆိုတာ အဲဒါတွေ ကြည့်ရမယ်။ ဒါကို ကျွန်တော်တို့ မသိဘူး။ သူတို့ဆီမှာ ရှိတယ်လို့ ကျွန်တော် မစွပ်စွဲဘူး။ အဲဒီလို စဉ်းစားမယ်ဆိုရင် ကျွန်တော်တို့ချည်းပဲလား” ဟု ဦးဉာဏ်ဝင်းက ပြောကြားသည်။ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်မည့်နေ့ကို သြဂုတ် ၁၈ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ထားသည်။လာမည့်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၁၃၉ ဦး အမည်စာရင်း တင်သွင်းထားရာ ရွေးကောက်ပွဲကော်မရှင်က ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း မည်မျှ ပယ်ချမှု ရှိမရှိကို သတင်းမရရှိပေ။ 

Most Read

Most Recent