မှုခင်းများနှင့် ပြည်သူလူထု ပူးပေါင်းပါဝင်မှု

မှုခင်းများနှင့် ပြည်သူလူထု ပူးပေါင်းပါဝင်မှု
Published 31 August 2015
သစ်ထွဋ်

နိုင်ငံရဲ့ မြို့တော်ကြီးများဖြစ်ကြတဲ့ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ လုယက်မှုများ၊အုပ်စုဖွဲ့ရမ်းကားမှု များအပါအဝင် မှုခင်းများဖြစ်ပွား လျက်ရှိရာ မြို့နေလူထုအကြား တရားဥပဒေစိုးမိုးမှု အားကောင်းဖို့ မျှော်လင့်နေကြပါတယ်။
ပြီးခဲ့တဲ့လပိုင်းအတွင်း ရန်ကုန်နဲ့ မန္တလေးမြို့များရှိ လူစည်ကားရာ အရပ်များတွင်ပါ ပြစ်မှုများကို ခပ်စိပ်စိပ် ကျူးလွန်လာ ကြတာကြောင့် မြို့ပြများ တရားဥပဒေစိုးမိုးမှုရှိရေး အတွက် စိန်ခေါ်မှုများရှိနေတာဖြစ် ပါတယ်။ မန္တလေးမြို့မှာဆိုရင် ဆိုင် ကယ်နဲ့ လုယက်မှုများဟာ တစ်စ တစ်စများလာတာကြောင့် မန္တလေး မြို့ခံများက စိုးရိမ်ဖွယ်ရာဖြစ်ရပ်အ ဖြစ် ရှုမြင်လာကြပါတယ်။ ဆိုင်ကယ်နဲ့ လုယက်သူများက ညပိုင်းအချိန်များတွင် သာမက နေ့ခင်းပိုင်း လူစည်ကားရာ အရပ်များတွင်ပါ လုယက်မှုများ ကျူးလွန်လာကြတာကြောင့် အတင့်ရဲတဲ့ လုပ်ရပ်အဖြစ် အများက ရှုမြင်လာကြပါတယ်။ အဲဒီလုယက်မှုတွေမှာ ဘဏ်မှငွေထုတ် လာသူများကို ဦးတည်လုယက်မှုများ ပါဝင်တာကြောင့် ဘဏ်အချို့မှာ သတိပေး ထုတ်ပြန်ချက်တွေ ထုတ်ပြန်သတိပေး ထားရတဲ့အထိ အခြေအနေတွေ ဆိုးရွားခဲ့ပါတယ်။ ဒါ့အ ပြင် ဆိုင်ကယ်စီးနင်းတဲ့ အမျိုးသမီး များကို ဦးတည်ထားပြီး လုယက်မှု တွေ မန္တလေးမြို့မှာဖြစ်ပွားခဲ့ပြီး လု ယက်သူများရဲ့  ရန်ပြုခံရမှုကြောင့် ပစ္စည်းလုယက်ခံရတဲ့အပြင် ဒဏ်ရာ ရသူများရှိသလို အသက်သေဆုံးတဲ့ အထိ ဖြစ်ပွားခဲ့တဲ့မှုခင်းများလည်း ဖြစ်ပွားခဲ့ပါတယ်။ ဒါတွေနဲ့ပတ်သက် ပြီး မြိုခံတွေအနေနဲ့ စိုးရိမ်မှုတွေရှိ နေကြောင်း မီဒီယာတွေက ဖော်ပြကြပါတယ်။
မီဒီယာတွေမှာ ဖော်ပြတဲ့ တရားဝင်စာရင်းတွေအရ မန္တလေးမြို့မှာ ၂၀၁၅ ခုနှစ် ဇန်နဝါရီမှ သြ ဂုတ်လအထိ လုယက်မှုပေါင်း ၅၀ ဖြစ်ပွားခဲ့ရာ ၂၅ မှု ဖော်ထုတ်နိုင်ခဲ့ပြီး တရားခံ ၆၃ ဦးကို အရေးယူနိုင်ခဲ့ပါ တယ်။ ဒီအမှုအရေအတွက်ဟာ တိုင် ကြားတဲ့အမှုများသာဖြစ်ပြီး အမှုမ ဖွင့်လိုတာကြောင့် ရဲတပ်ဖွဲ့သို့ စာရင်းမရောက်ရှိတဲ့ လုယက်ခံရမှု အ များအပြား ရှိနေနိုင်တယ်လို့ မြို့ခံ များကပြောကြောင်း သတင်းအချို့ မှာ ပါရှိခဲ့ပါတယ်။ ဒီလိုမှုခင်းဖြစ်စဉ် များကြောင့် မန္တလေးမြို့မှာ မှုခင်းအ များဆုံးဖြစ်ပွားတတ်တဲ့ နေရာများ ကို သုံးသပ် Hot Spot Area များ သတ်မှတ်ကာ အရပ်ဝတ်ဖြင့် စောင့်ကြည့်ခြင်း၊ အသွင်ယူ ထောင်ချောက်ဆင် ဖမ်းဆီးခြင်းများ ဆောင်ရွက်ဖို့ စီစဉ်ထားတယ်လို့ သက်ဆိုင်ရာတာ ဝန်ရှိသူတွေက ပြောဆိုထားပေမယ့် ဒေသခံတွေကတော့ မှုခင်းများဖြစ် ပွားလာမှာကို စိုးရိမ်မှုများရှိနေတာ ဖြစ်ပါတယ်။
ရန်ကုန်မြို့မှာလည်း အခုလ ပိုင်းတွေမှာ လူစည်ကားရာ အရပ် တွေမှာ လုယက်မှုတွေ၊ အုပ်စုဖွဲ့ရိုက် နှက်မှုတွေ ဖြစ်ပွားမှုများကိုတွေ့လာ ရတာကြောင့် စီးပွားရေးမြို့တော် ရန်ကုန်ရဲ့ တရားဥပဒေစိုးမိုးမှု အားကောင်းရေးဟာ စိန်ခေါ်မှုများနဲ့ကြုံ တွေ့နေကြရတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့လပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ လုယက်မှုများမှာဆိုရင် အမျိုးသမီးတွေကပါ တိုက်ခန်းလှေကားမှာ ဓားထောက်လုယက်ခဲ့တဲ့ ဖြစ်စဉ်များ ပါဝင်သလို အချို့လုယက်မှုများ မှာဆိုရင် လူကိုသတ်တဲ့အထိ ကျူးလွန်ကြတာ တွေ့ရပါတယ်။ ဒါ့အပြင် လူမြင်ကွင်းမှာ ရဲဝန်ထမ်းကိုပါ ဓားနဲ့ ခုတ်သတ်တဲ့အထိ ကြမ်းတမ်းတဲ့မှုခင်း ဖြစ်စဉ်တွေလည်း ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် လူမြင်ကွင်းမှာ အုပ်စုဖွဲ့ကာ လူအသက်ကို လုပ်ကြံတဲ့ ဖြစ်ရပ်များလည်း ရန်ကုန်မြို့မှာ ဖြစ်ပွားခဲ့တာကြောင့် ရန်ကုန်မြို့ရဲ့ တရားဥပဒေ စိုးမိုးမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။ ဥပမာအားဖြင့် လူ ၁၂ ဦးပါတဲ့ အဖွဲ့က ဘုရင့်နောင် ပွဲရုံဝင်းအတွင်း နေ့ခင်းဘက် လူမြင်ကွင်းမှာ အမျိုးသားတစ်ဦးကို တုတ်၊ ဓားများဖြင့် ခြိမ်းခြောက်ငွေတောင်းတဲ့ဖြစ်စဉ်၊  ပြည်လမ်းပေါ်ရှိ နိုင်ငံ ခြားငွေလဲကောင်တာ ဆိုင်တစ်ဆိုင် က ငွေသိမ်းတာဝန်ခံဖြစ်သူကို လူ လေးဦးက ဝိုင်းဝန်းရိုက်နှက်ပြီး ငွေ ကျပ်သိန်း ၃၅၀ ခန့်ကို လုယူပြေးတဲ့ ဖြစ်စဉ်တွေဟာ အတင့်ရဲတဲ့ မှုခင်း ဖြစ်ရပ်များလို့ အများက ရှုမြင်ကြ ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် လအလိုက် မှုခင်းဖြစ်ပွားမှု စာရင်း ထုတ်ပြန်မှုမှာ လူဦးရေထူထပ်တဲ့  ရန်ကုန်တိုင်းဒေသကြီးမှာ မှုခင်းဖြစ်စဉ် အများဆုံးဖြစ်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ ဆိုရင် ရန်ကုန်တိုင်းဒေသကြီးမှာ လူ သတ်မှု၊ လုယက်မှု၊ ခိုးမှုဖြစ်စဉ်များ အပါအဝင် အမှုပေါင်း ၉၆၅ မှုဖြစ်ပွားခဲ့ပြီး လုယက်မှုမှာ ယခင်လများထက် ပိုမိုဖြစ်ပွားလာကြောင်း သတင်းတွေ ဖော်ပြချက်တွေမှာ ပါရှိခဲ့ပါတယ်။
အခုလိုဖြစ်ပွားနေတဲ့ မှုခင်းများ နဲ့ပတ်သတ်ပြီး ရဲတပ်ဖွဲ့အပေါ် စွမ်းဆောင်ရည်အပေါ် မေးခွန်းထုတ်မှု တွေရှိနေပါတယ်။ အထူးသဖြင့် မှုခင်းဖြစ်စဉ်များကို ဖော်ထုတ်ဖို့ ကြန့်ကြာနေခြင်းနဲ့ မှုခင်းကာကွယ် တားဆီးရေး လုပ်ငန်းများရဲ့ ထိရောက်မှု စွမ်းရည်တွေအား ကောင်းမွန်မှု ရှိမရှိအပေါ် မေးခွန်းထုတ်နေကြတာ ဖြစ်ပါတယ်။ တကယ်တော့ မှုခင်းများ ကျဆင်းရေးနဲ့ ကာကွယ်တားဆီးရေး ဆောင်ရွက်ရာမှာ ရဲတပ်ဖွဲ့အတွက်  ပြည်သူလူထုရဲ့ ယုံကြည်မှုနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်မှုက အရေးကြီးလှပါတယ်။ ပြည်သူလူထု ပူးပေါင်းပါဝင်မှု မရှိတဲ့ ရဲလုပ်ငန်းဟာ အောင်မြင်တဲ့ ရဲလုပ်ငန်းလို့ မဆိုနိုင်ပါဘူး။ ဒီလိုပြည်သူက ပူးပေါင်းပါဝင်ဖို့ဆိုရင် ယုံကြည်မှုရှိဖို့က အရေးကြီးပါတယ်။ ယုံကြည်မှသာ ပူးပေါင်းဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ တစ်ဝန်းရှိ မြို့နယ် ၃၆ ခုမှ လူပေါင်း ၁၆၂၀ ကို မေးခွန်းပေါင်း ၂၀၀ ကျော် မေးမြန်းမှုမှ ရရှိလာတဲ့ အချက်အလက်များကို အခြေခံထားတဲ့ ၂၀၁၅ မြန်မာအာရ ှဘာရိုမီတာစစ်တမ်း (2015 Myanmar Asian Barometer Survey) မှာတော့ ရဲဌာနအပေါ် ယုံကြည်မှုရှိခြင်းဆိုတဲ့ အချက်ပေါ် မြန်မာနိုင်ငံမှာ ထောက်ခံသူ ၂၈ ရာခိုင်နှုန်းသာရှိပြီး အခြားအာဆီယံ ဒေသတွင်း နိုင်ငံအချို့နဲ့ နှိုင်းယှဉ်ပါက အနည်းဆုံး ဖြစ်နေတယ်လို့ ဖော်ပြထားခဲ့ပါတယ်။
တကယ်တော့ ဒီလိုယုံကြည်မှု အားနည်းစေတဲ့ အချက်တွေဟာ အကြောင်းရှိလို့ အကျိုးဖြစ်လာတာပါ။ အခုနောက်ပိုင်းမှာ ရဲတပ်ဖွဲ့အနေနဲ့ EU ကဲ့သို့ နိုင်ငံတကာ အကူအညီများနဲ့ စံနှုန်းမီတဲ့ ရဲလုပ်ငန်းဆိုင်ရာ သင်တန်းအချို့ ဖွင့်လှစ်ပြီး ပြည်သူများနဲ့ ပိုမိုထိတွေ့နိုင်တဲ့ လုပ်ငန်းစဉ်အချို့ကို ဆောင်ရွက်လာတာ တွေ့ရပေမယ့် လက်ပံတန်းမှာ ကျောင်းသားများကို အင်အားသုံး ဖမ်းဆီးမှု ဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင်အချို့ရဲ့ လုပ်ရပ်က အများရဲ့အမြင်မှာ အရုပ်ဆိုးစေခဲ့တာ ဖြစ်ပါတယ်။ သက်ဆိုင်ရာက စည်းကမ်းဥပဒေနဲ့အညီ မဆောင်ရွက်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အရေးယူမှုတွေ ပြုလုပ်နေသော်လည်း အချို့စည်းကမ်းဥပဒေ မလိုက်နာတဲ့ ရဲ တပ်ဖွဲ့ဝင်အချို့ရဲ့ ဆောင်ရွက်ချက်တွေက ရဲတပ်ဖွဲ့ကို အိုးမဲသုတ်သလို ဖြစ်နေပြီး ပြည်သူလူထုရဲ့ ယုံကြည်မှုလျော့ကျစေကာ ရဲလုပ်ငန်းများ ဆောင်ရွက်ရာမှာ အများရဲ့ပူးပေါင်းပါဝင်မှုကို မရရှိတာ ဖြစ်ပါတယ်။ ဒါကြောင့် ရဲလုပ်ငန်းဆိုင်ရာတွေ အားကောင်းဖို့နဲ့ တရားဥပဒေ စိုးမိုးဖို့အတွက် ပြည်သူလူထုရဲ့ ယုံကြည်မှုကို အပြည့်အဝရစေတဲ့ အပြုအမူတွေ၊ ဆောင်ရွက်မှုတွေကို ရဲတပ်ဖွဲ့အနေဖြင့် ပိုပြီးလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်အတွင်းက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ အင်အားဖြည့်တင်းမှုများနဲ့ ပတ်သက်ပြီး ပြည်ထဲရေး ဝန်ကြီးဌာနက တင်ပြမှုများမှာတော့ လူဦးရေ တစ်သိန်းလျှင် ရဲတပ်ဖွဲ့အင်အား ၁၁၆ ဦးဖြစ်ရာ ရဲနဲ့နိုင်ငံ လူဦးရေ အချိုးဟာ တစ်အချိုး ၈၆၁ ဖြစ်နေပြီး  နိုင်ငံတကာ စံချိန်စံညွှန်းဖြစ်တဲ့ လူဦးရေတစ်သိန်းမှာ ရဲ ၂၅၀ နှုန်းဖြစ်တဲ့ ရဲနဲ့နိုင်ငံသား ဦးရေအချိုး တစ်အချိုး ၄၀၀ အထိ ဖြစ်လာအောင် အင်အားဖြည့်တင်း ဆောင်ရွက်လျက် ရှိတယ်လို့ ဆိုထားခဲ့ပါတယ်။ ဒီလို ရဲဝန်ထမ်း လိုအပ်ချက်ရှိနေချိန်မှာ ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှုက မှုခင်းတားဆီး ကာကွယ်ရေးနဲ့ ဖော်ထုတ်ရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ဒါ့အပြင် ရဲတပ်ဖွဲ့ဝင် လိုအပ်ချက်ကို ဖြည့်တင်းရာမှာလည်း ပြည်သူတွေရဲ့ အားကိုးယုံကြည်မှု လေးစားမှုက အရေးပါလှပါတယ်။ နဂိုကတည်းက ယုံကြည်လေးစားမှု ရှိမှသာ တပ်ဖွဲ့ဝင်အဖြစ် ဝင်ရောက် လိုသူတွေကို ခက်ခက်ခဲခဲ ရှာဖွေစရာမလိုမှာ ဖြစ်ပါတယ်။ ဒီအတွက် ရဲတပ်ဖွဲ့ကို ခေတ်မီစံနှုန်းမီ တပ်ဖွဲ့အဖြစ် တည်ဆောက်ရင်းနဲ့ ပြည်သူလူထုရဲ့ ယုံကြည်လေးစားမှုကိုလည်း ရအောင်လုပ်ဖို့ လိုအပ်ပါတယ်။
တကယ်တမ်းကျတော့ မှုခင်းများလျော့ကျရေး၊ လူအများ တရားဥပဒေ ဘောင်အတွင်း နေထိုင်စေရေး ဆိုတာဟာ ရဲတပ်ဖွဲ့ တစ်ခုတည်းနဲ့ ဆောင်ရွက်လို့ရတာ မဟုတ်ပါဘူး။ စည်းစနစ်ကျနတဲ့ နိုင်ငံတကာ စံနှုန်းမီ ရဲတပ်ဖွဲ့အပြင် ကောင်းမွန်တဲ့ တရားစီရင်ရေးစနစ်၊ အကျဉ်းထောင် စနစ်များလည်း လိုအပ်ပါတယ်။ မျှတတိကျတဲ့ တရားရေးစနစ်၊ ပြုပြင်ပြောင်းလဲအောင် ထိန်းကျောင်းပေးနိုင်တဲ့ အကျဉ်းထောင်စနစ်များက တရားဥပဒေစိုးမိုးရေးကို ပံ့ပိုးပေးနိုင်ပါတယ်။ အနီးစပ်ဆုံး ဥပမာပေးရရင် မကြာမီက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာသူအချို့ လွတ်လာပြီးရက် ပိုင်းအတွင်း မှုခင်းတွေပြန်လည် ကျူးလွန်ကြတဲ့ ဖြစ်ရပ်မျိုးတွေဟာ တရားဥပဒေစိုးမိုးမှုကို စိန်ခေါ်နေတဲ့ဖြစ်ရပ်တွေလို့ ဆိုနိုင်ပါတယ်။ ဒီအတွက် တရားဥပဒေစိုးမိုးမှု ရှိစေဖို့အတွက် ရဲတပ်ဖွဲ့အပြင် အခြားကဏ္ဍများမှလည်း ပူးပေါင်းပါဝင်ဖို့ လိုသလို အများပြည်သူတွေရဲ့ ပူးပေါင်းပါဝင် မှုတွေကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍဖြစ်တယ်လို့ ရှုမြင်ကြဖို့ လိုပါတယ်။ ဒါမှသာ ရဲတပ်ဖွဲ့အနေနဲ့ ပြည်သူလူထုရဲ့ ပူးပေါင်းကူညီမှုနဲ့အတူ မှုခင်းများဖြစ်ပွားမှုကို လျှော့ချနိုင်မှာဖြစ်ပြီး မှုခင်းကြိုတင် ကာကွယ်တားဆီးရေး လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်မှာဖြစ်ပြီး ကူညီပါရစေ ဆောင်ပုဒ်အတိုင်း အခက်အခဲ ဖြစ်နေသူများကို ကူညီဆောင်ရွက် ပေးနိုင်မှာဖြစ်ပါကြောင်း အများပြည်သူကိုယ်စား ရေးသားတင်ပြ လိုက်ရပါတယ်။

Most Read

Most Recent