ချော်ရည်အောက်မှာဒယ်လ်ပီယာရို (Del Piarro) တို့ မိသားစုအိမ်မှာ လူစုံရှိကြတယ်။ ပုံမှန်ဆို အဖေက မိသားစုနဲ့အတူ ရှိနေတတ်တာ မဟုတ်ဘူး။ အိမ်နဲ့ အတန်ငယ်ဝေးတဲ့ နေမယ်တောင်ခြေက သစ်သီးစိုက်ပျိုးခင်းမှာ အနေများတယ်။ ပန်းသီး၊ လိမ္မော်သီး စိုက်ခင်းတွေ စိုက်ပျိုးရတယ်။ အမေရယ်၊ ပီယာရိုရယ်၊ ခွေးလေးဘော့ (Bob) သာ အိမ်မှာရှိတတ်တယ်။ ဒီနေ့တော့ လူစုံတယ်။ ပီယာရိုနဲ့ ဘော့က စက္ကူ ဘောလုံးကို ပစ်လိုက်၊ ကောက်လိုက် ဆော့ကစားနေတယ်။ အဖေနဲ့ အမေက မီးဖိုချောင်မှာ မနက်စာ ချက်ပြုတ်နေတယ်။အတန်ကြာတော့ ပီယာရိုနဲ့ ဘော့တို့ဟာ ဆော့ကစားရာမှ မောပန်းလာတယ်။ ဒါနဲ့ ဘော့ကို ပီယာရိုက ပွေ့ဖက်ထားရင်း နားနေကြတယ်။ နောက်တော့ ငိုက်မြည်းလာပြီး အိပ်ပျော်သွားကြတယ်။ သူတို့ဟာ အဲဒီလို အိပ်ပျော်ရာက ဘယ်တော့မှ မထတော့ဘူး။ ဘော့ကို ပွေ့ဖက်ထားတဲ့ ပီယာရိုကလည်း ဘယ်တော့မှ မလွှတ်ပေးတော့ဘူး။သူတို့ဟာ ချော်ရည်တွေအောက်မှာ ကျောက်ရုပ်လို ဖြစ်သွားကြပြီ။ အေဒီ ၇၉ ခုနှစ်မှ ၁၇၄၈ ခုနှစ်ထိ နှစ်ပေါင်း ၁၆၆၉ နှစ်တိုင်တိုင် ချော်ရည်အောက်မှာ နစ်မြုပ်နေခဲ့ရတယ်။သက္ကရာဇ် အေဒီ ၇၉၊ နေရာက ပွန်ပီ (Pompeii) မြို့ဖြစ်တယ်။ ပွန်ပီမြို့ဟာ အီတလီနိုင်ငံ နေပယ်မြို့အနီးမှာ ရှိတယ်။ ပွန်ပီမြို့အနီးမှာ ဗီဘူးဗီးယပ် (Vesuvius) မီးတောင်တန်း ရှိတယ်။ မိုင်ငါးမိုင်လောက် ကွာဝေးတယ်။ မီးတောင်ဟာ အေဒီ ၇၉ မတိုင်မီ အကြိမ်ငါးဆယ်လောက် အသေးစားပေါက်ကွဲမှု ဖြစ်ခဲ့တယ်။ ပွန်ပီမြို့ဟာ နေပယ်ကမ်းခြေရှိတာကြောင့် ရှုခင်းတွေက လှတယ်။ ပန်းရောင်စုံ၊ သစ်သီးစုံ၊ ကြွယ်ဝတယ်။ ဒါကြောင့် ခရီးသွားတွေ သဘောကျကြတယ်။ လာရောက်လည်ပတ်သူတွေ များပြားတယ်။ ဒီလို ဆွဲဆောင်မှုတွေရှိလို့ မီးတောင်ရဲ့ အန္တရာယ်ကို ဂရုမစိုက်ခဲ့ကြဘူး။လူတွေဟာ တစ်စုံတစ်ရာရဲ့ ဆွဲဆောင်မှုကို စွဲလမ်းမိရင် အန္တရာယ်ကို သတိမပြုမိတတ်ကြတာဟာ ဖြစ်ရိုးဖြစ်စဉ်ပဲ။ မြက်ပေါကြွယ်တဲ့နေရာဟာ နွားတွေကို ဆွဲဆောင်ထားနိုင်ပေမယ့် ကျားတွေရဲ့ အန္တရာယ် မေ့လျော့တတ်ကြတယ်။ ဒါဟာ မုဆိုးကျားအတွက် အခွင့်ကောင်းပဲ။ ကြိုက်တဲ့နွားကို အမဲလိုက်ခွင့် ရလိုက်တာပဲ။ ဒီလိုနဲ့ နွားခမျာ အသက်ပေးသွားရတယ်။ခုလည်း ပီယာရိုတို့ မိသားစု ဗီးဆူးဗီးယပ်မီးတောင် ပေါက်ကွဲရာမှ ထွက်လာတဲ့ ချော်ရည်တွေရဲ့အောက်ကို စက္ကန့်ပိုင်းအတွင်း ကျရောက်သွားရတယ်။ ပွန်ပီမြို့တစ်မြို့လုံး ချော်ရည်အောက်မှာ ပျောက်ဆုံးခဲ့ရတယ်။ လူပေါင်းနှစ်သောင်းကျော် သေဆုံးခဲ့ရတယ်။ မီးတောင်ရဲ့ ပေါက်ကွဲမှု ပြင်းထန်မြန်ဆန်တာကြောင့် လူတွေမထွက်ပြေးနိုင်ဘဲ ချော်ရည်အောက်ကို ရောက်သွားတယ်။ ပုံသွင်း (Mould) ခံရသလို ငုတ်တုတ်သေဆုံးရတယ်။ ခွေးကိုပိုက်လျက် ပီယာရိုဟာ ချော်ရည်အောက်မှာ ပုံမပျက်ပဲ။ ကလေးနို့တိုက်နေတဲ့ မိခင်နဲ့ ကလေးကလည်း ချော်ရည်အောက်မှာ ဒီအတိုင်းပဲ။ မီးဖိုချောင်ထဲက အဖေနဲ့အမေလည်း တစ်ယောက်ပခုံး တစ်ယောက်ဖက်ရင်း မတ်တတ်ရပ်ရင်း ဟင်းအိုးမွှေနေတဲ့အတိုင်း ပြန်လည်တူးဖော် တွေ့ရှိရတယ်။ ၁၇၄၈ ခုနှစ်မှာ ချော်ရည်အောက်က ပွန်ပီမြို့ကို တူးဖော်ရာမှ တွေ့ခဲ့ကြရတာ ဖြစ်တယ်။လူတွေရဲ့ ရုပ်အလောင်းဟာ နောက်ဆုံးအချိန်ရဲ့ လှုပ်ရှားပုံအတိုင်း ပုံမပျက် ရှိနေတာကို တွေ့ကြရတယ်။ သဘာဝဘေးကို ပြေးလွတ်ဖို့ နေနေသာသာ ပြေးတောင်မပြေးလိုက်ရဘဲ အသက်ပေးလိုက်ရတယ်။ သမိုင်းမှာ သဘာဝဘေးတွေဟာ လူတွေကိုသာမကဘဲ တိရစ္ဆာန်တွေ၊ သစ်ပင်တွေ၊ တောတောင်ရေမြေ မြစ်ချောင်းအင်းအိုင်တွေကိုပါ ဖျက်ဆီးတတ်တယ်။
သဘာဝဘေးသဘာဝဘေးဆိုတာ ဖြစ်တတ်တာပဲလို့ အချို့ပုဂ္ဂိုလ်တို့က ဆိုကြတယ်။ ဒီလို ဘေးဒုက္ခမျိုး တစ်သက်မှာတစ်ခါမှ မကြုံဖူးဘူးလို့ ဆိုကြပြန်တယ်။ ဖော်ပြပါ ဆိုစကားတွေက အမှတ်တမဲ့ကြည့်ရင် မှန်သလိုပဲ။ သေသေချာချာ တွေးကြည့်ရင်တော့ အမြင်မကျယ်မှု၊ ဗဟုသုတနည်းပါးမှုကို ပြလိုက်တာဖြစ်တယ်။စင်စစ် ကမ္ဘာမြေကြီးဟာ သဘာဝဘေးဒဏ်ပေါင်းများစွာရဲ့ ထိုးနှက်ချက်ကို ခံနေရတာ နှစ်သန်းပေါင်းများစွာ ကြာခဲ့ပြီ။ မိုးသည်းထန်စွာ ရွာသွန်းတယ်။ မိုးကြိုးတွေ ပစ်တယ်။ လျှပ်စီးတွေ လက်တယ်။ ငလျင်တွေ လှုပ်တယ်။ မုန်တိုင်းတွေ ထန်တယ်။ တောင်တွေ ပြိုတယ်။ မီးတောင်တွေ ပေါက်ကွဲတယ်။ ချော်ရည်တွေ မြို့တစ်မြို့လုံး ဖုံးလွှမ်းသွားတယ်။ စာဖတ်ကြည့်ရင် သမိုင်းကို လေ့လာကြည့်ရင် ကမ္ဘာမြေကြီးခမျာ သဘာဝဘေးဒဏ် အလူးအလိမ့် ခံခဲ့ရတာ သိနိုင်တယ်။ ကိုယ့်သက်တမ်းလောက်ကိုပဲ ထိတွေ့နားလည်တာ ဆိုရင်တော့ အထက်ကလို စကားမျိုး ပြောကြမှာပဲ။၂၁ ရာစုလွန် ယနေ့ခေတ်ကာလမှာ ကွန်ပျူတာတွေ ဂြိုဟ်တုတွေနဲ့ ချိတ်ဆက်ပြီး ရာသီဥတုကို ကြိုတင်ခန့်မှန်းနိုင်ကြပြီ။ မြန်မာနိုင်ငံမှာ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနဆိုတာ ရှိတယ်။ မိုးရွာမယ်၊ လေတိုက်မယ်၊ နေသာမယ်၊ ဘယ်လောက် အပူချိန်ရှိမယ်၊ မုန်တိုင်းတိုက်နိုင်တယ်၊ ဘယ်ဒေသကို ဝင်ရောက်တိုက်နိုင်မယ် စတဲ့သတိပြုမှုတွေ ရာနှုန်းပြည့်နီးပါး ခန့်မှန်းကြေညာ သတိပေးနိုင်ပြီဖြစ်တယ်။ ဒါက မဖြစ်ခင် ကြိုတင်ပြင်ဆင်ရမယ့် အဆင့်တွေ ဖြစ်တယ်။ထို့အတူ ကြိုတင်ပြင်ဆင်ရမယ့် အချက်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဖြစ်တယ်။ မြစ်ချောင်းအင်းအိုင် သဘာဝဖြစ်တည်မှုကို မဖျက်ဆီးတာဟာ သဘာဝဘေးကို ကြိုတင်ပြင်ဆင်ခြင်း မည်တယ်။ သစ်တောတွေခုတ်တာ၊ ရွှေကျင်တာ။ သတ္တုတွေတူးဖို့ မြေကို တူးဆွဖျက်ဆီးတာဟာ သဘာဝဘေးကို ဖိတ်ခေါ်နေတာပဲ။ အထက်က ရေးခဲ့သလို ဆွဲဆောင်မှုတစ်ခုဟာ သေမင်းကိုပါ ဖိတ်ခေါ်သလို ဖြစ်နေတတ်တယ်။ဆိုတော့ မီးတောင်ကို မပေါက်ကွဲအောင် မဟန့်တားနိုင်ပေမယ့် မီးတောင်နဲ့လွတ်မယ့် နေရာမှာ နေကြရမယ်။ မြစ်နားနေရင် မြစ်ကိုချစ်ရမယ်။ ချစ်သူတွေဟာ တစ်ယောက်အကျိုးကိုတစ်ယောက် လိုလားကြတယ်။ အကျိုးပြုကြတယ်။ မြစ်နားနေပြီး မြစ်ကိုအသုံးချဖို့ပဲ လုပ်ဆောင်နေရင် မြစ်ကို ချစ်ရာမကျဘူး။ မြစ်ကမ်းနဖူးတွေ လှပနေအောင် သစ်ပင်စိုက်ရမယ်။ မြစ်ထဲက ငါးတွေ ပုစွန်တွေကိုတော့ယူပြီး မြစ်ထဲကို ပလတ်စတစ်တွေ အမှိုက်တွေ ပစ်ချနေတာဟာ မြစ်ကို ချစ်ရာမကျဘူး။ ဒါဆို မြစ်ရဲ့ တုံ့ပြန်မှုကလည်း အချစ်မဟုတ်တော့ဘူး။ အမုန်းတွေဖြစ်လာမယ်။အခု သဘာဝရဲ့ အမုန်းဒဏ်ကို လူသားတွေ ခံနေရပြီ။ သစ်ပင်တွေ ခုတ်တယ်။ တောတွေ ပြောင်တယ်။ ငါးတွေ ဖမ်းတယ်။ ဖမ်းရုံအားမရဘူး ဘက်ထရီရှော့ခ် ရိုက်တယ်။ စက်ရုံ စွန့်ပစ်အမှိုက်တွေ လာပစ်တယ်။ သတ္တု၊ ရွှေရဖို့ မြေကို ဧရာမစက်ကြီးတွေနဲ့ တူးဆွတယ်။ မြေခမျာ ကျောက်ပေါက်မာ ဗရပျစ်နဲ့ အရုပ်ဆိုးနေရှာပြီ။ဆိုတော့ ကိုယ်လုပ်ခဲ့တာ တရားလား။ ကိုယ်လုပ်ခဲ့တာ မျှတလား။ သဘာဝကို ကိုယ်လုပ်ချင်သလိုလုပ်ပြီး သဘာဝကတုံ့ပြန်မှ သတိဝင်ကြတာ။ သတိလက်လွတ်နေကြရင် သဘာဝရဲ့ ဒဏ်ခတ်မှုကို ခံကြရမယ်။ဗီဘူးဗီးယပ်မီးတောင်က အမှန်တကယ် ပြင်းပြင်းထန်ထန် မပေါက်ကွဲမီ အကြိမ်ငါးဆယ်လောက် သတိပေးနေတာပဲ။ လူတွေက ဂရုမစိုက်ကြဘူး။ ဆွဲဆောင်မှုအောက်မှာ သဘာဝကို လျစ်လျူရှုထားခဲ့ကြတယ်။ သတိပေးနေပါလျက်နဲ့ သတိမမူကြတဲ့ လူသားတွေ နောက်ဆုံး မြို့လုံးကျွတ် ပျောက်ကွယ်ကာ လူပေါင်းသောင်းချီ အသက်ပေးလိုက်ရတယ်။ခုမြန်မာနိုင်ငံ ရေဘေးဟာ ပြန်လည်တည်ဆောက်ရေး ကာလကို ရောက်လာပြီ။ ပြန်လည်တည်ဆောက်ရေးဟာ နောက်တစ်ကြိမ် သဘာဝဘေးကို တွန်းလှန်ရင်ဆိုင် တုံ့ပြန်နိုင်သည့် ကြိုတင်ကာကွယ်ရေး ဖြစ်ရမယ်။ ဖြစ်ပြီးတာကို သင်ခန်းစာယူရမယ်။ အိမ်ပြန်ဆောက်ရုံ၊ စပါးပြန်စိုက်ရုံ၊ ကျောင်းပြန်တက်ကြရုံနဲ့ မပြည့်စုံဘူး။ ဆောက်တဲ့အိမ်တွေ လယ်ယာမြေတွေ စာသင်ကျောင်းတွေ ဘုန်းကြီးကျောင်းတွေဟာ သဘာဝဘေးဒဏ် ခံနိုင်ရမယ်။ဒါ့အပြင် သစ်ပင်စိုက်ရမယ့် နေရာတွေမှာ သစ်ပင်တွေစိုက်ရမယ်။ မြေပြိုတာဟာ မိုးကြီးလို့ ဆိုတာထက် ကုပ်တွယ်ပေးထားမယ့် သစ်ပင်မရှိလို့ ဖြစ်တယ်။ မြစ်တွေ၊ ချောင်းတွေ ရေစီးရေလာ ကောင်းနေရမယ်။ ငါးတွေ၊ ပုစွန်တွေ၊ ငှက်တွေ ပျော်မြူးနေရမယ်။ မြစ်တွေ ချောင်းတွေကို ချစ်ရမယ်။ စောင့်ရှောက်ရမယ်။ အမှိုက်ပစ်ရဘူး။ အညစ်အကြေး မစွန့်ရဘူး။ပြန်လည်တည်ဆောက်ရေးမှာ လူတွေကိုပဲ ရည်ရွယ်လုပ်ဆောင်ရင် သဘာဝက ကျေနပ်မှာ မဟုတ်ဘူး။ သဘာဝကိုပါ ပြန်လည်တည်ဆောက် ပြုပြင်ပေးရမယ်။ ရေကာတာဆောက်တာ၊ ဆည်တည်ဆောက်တာ သဘာဝက လက်ခံသလား။ သဘာဝနဲ့ သဟဇာတ ဖြစ်ရဲ့လား။ စနစ်ကျတဲ့ သုတေသန လုပ်ရမယ်။ ဖြစ်စေချင်တဲ့ စိတ်ဇောနဲ့ မဖြစ်၊ ဖြစ်အောင်လုပ်တဲ့ လိုရာစွဲသုတေသန မလုပ်သင့်ဘူး။ ဘက်လိုက်မှု (Bias) ကင်းတဲ့ သုတေသနရဲ့ ရလဒ်အတိုင်း လက်ခံကျင့်သုံးသင့်တယ်။ မြန်မာနိုင်ငံမှာ လုပ်ကြတဲ့ အချို့သော Seminar စာတမ်းဖတ်ပွဲတွေမှာ လုပ်ချင်တာကို လုပ်နိုင်ဖို့ ကြိုတင်ထောက်ခံတဲ့ သုတေသနတွေက များတယ်။ ဒါတွေဟာ လတ်တလော ပြဿနာ၊ ဘေးဒုက္ခ မဖြစ်ပေမယ့် တာရှည်မှာ ဘေးဒုက္ခ ဖြစ်လာတတ်တယ်။ လူတွေရော အုပ်ချုပ်သူများကပါ လတ်တလောအကျိုးကို ရှေ့တန်းတင်လွန်းတယ်။ ရေရှည်ဆိုးကျိုးကို နောင်ခါလာနောင်ခါဈေး သဘောထားတတ်ကြတယ်။ခုဖြစ်လာတဲ့ ရေဘေးဟာ ဒီနေ့စတဲ့ အကြောင်းက ဒီနေ့အကျိုးပေးတာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ဆယ်စုနှစ်က တောပြောင်တာ၊ မြစ်ချောင်းတွေ ရေကြောင်းပြောင်းတာ။ ရေထုညစ်ညမ်းတာတွေက အစပြုလာတာ။ ဒါကို လူတွေက သတိမမူ ဂူမမြင်ခဲ့ကြတာ။ဆိုတော့ ရေဘေးကယ်ဆယ်ရေးက ထိရောက်စွာ ကယ်ဆယ်နိုင်ခဲ့ပြီ။ မြန်မာပြည်သူတို့ရဲ့ ပရဟိတ မြင့်မားစိတ်ကို ပြသခဲ့ပြီ။ ကျန်ရှိတဲ့ ပြန်လည်တည်ဆောက်ရေးမှာ လူတွေကိုပဲ မဟုတ်ဘဲ သဘာဝပတ်ဝန်းကျင် တစ်ခုလုံးကို ပြန်လည်တည်ဆောက်ကြပါ။ နောက်ထပ် ဘေးဒုက္ခကို ကောင်းစွာတုံ့ပြန်နိုင်အောင် ရည်မှန်းချက်ထား တည်ဆောက်ပါ။ မပျက်စီးခင်ကအိမ်ထက် ပိုခိုင်ခံ့တဲ့အိမ် ပြန်ဆောက်ကြရမယ်။ လမ်း၊ တံတား၊ ကျောင်း စတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေကို စေတနာရော၊ နည်းပညာရော၊ ရေရှည်အမြင်ရော၊ သုတေသနအမြင်ရော အားလုံးပေါင်းစပ်ပြီး နောင်လာလတ္တံ့သော စိန်ခေါ်မှု (Challenge) တွေကို ရင်ဆိုင်ကျော်လွှားနိုင်သည်အထိ တည်ဆောက်ရမယ်။ ပြန်လည်တည်ဆောက်ရေး လုပ်ကြရာမှလည်း ယခင်တဲက ယခင်တဲအတိုင်း၊ ယခင်ဝါးတံတားက ဝါးတံတားအတိုင်း ဆိုတာမျိုး ပြန်လည်မတည်ဆောက်ကြဘဲ လာမည့်ဘေးဒဏ်ကို ခံနိုင်ရည်ရှိတဲ့ နည်းပညာ၊ ပိုမိုခိုင်ခံ့တဲ့ ပစ္စည်းတွေကို အသုံးပြု တည်ဆောက်ရမယ်။ ထို့အတူ ဒေသခံများကိုလည်း သဘာဝဘေးမှ ရှောင်ရှားတတ်အောင် အသိပညာပေးရမယ်။ လူသားချင်း စာနာစိတ် အပြည့်ထားကာ ရိုင်းပင်းကူညီကြရမယ်။ဒေသခံတွေဟာ ဒေသရဲ့ဘေးကို နောက်တစ်ကြိမ် ရင်ဆိုင်ကြတဲ့အခါ ယုံကြည်မှုအပြည့်နဲ့ ရင်ဆိုင်နိုင်အောင် စိတ်ခွန်အားဖြစ်အောင် ဆောင်ရွက်ပေးသင့်တယ်။ ပြည်သူတွေ ဆေးမြီးတိုမသုံးဘဲ မြန်မာပြည်ကြီးကို ထာဝရကယ်တင်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါကြောင်း။










