ဒီဘရိုင်းအား ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်(၅၂)သန်းဖြင့် မန်စီးတီးခေါ်ယူ

ဒီဘရိုင်းအား ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်(၅၂)သန်းဖြင့် မန်စီးတီးခေါ်ယူ
Published 31 August 2015

မန်စီးတီးအသင်းသည် ဂျာမန်ကလပ် ဝုလ်ဖ်အသင်း၏ ဘယ်လ်ဂျီယံကွင်းလယ်လူ ကီဗင်ဒီဘရိုင်း(၂၄ နှစ်)အား ကလပ်စံချိန် တင်ပြောင်းရွှေ့ကြေး ပေါင်(၅၂)သန်းဖြင့် ခေါ်ယူလိုက်ကြောင်း သိရှိရသည်။
၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ချယ်လ်ဆီးက စားသမားအဖြစ်ရှိခဲ့သူ ဒီဘရိုင်းသည် ၂၀၁၄ ခုနှစ်က ဝုလ်ဖ်ဘတ်အသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ သူသည် ချယ်လ်ဆီးအသင်းတွင် ကစားစဉ်က KRC ဂျန့် (ဘယ်လ်ဂျီယံ)၊ ဝါဒါဘရီမင်(ဂျာမနီ) အစရှိသော အသင်းများတွင် အငှားစာချုပ်ဖြင့် သွားရောက်ကစားခဲ့ရပြီး ဝုလ်ဖ်ဘတ်အသင်းက သူ့အား အပြီးသတ်ခေါ်ယူ ခဲ့ခြင်းဖြစ်သည်။ ဒီဘရိုင်းသည် ပြီးခဲ့သည့်စနေနေ့က မန်စီးတီးအသင်းတွင် ဆေးစစ်ဆေးမှုပြုလုပ်ခဲ့ပြီး တနင်္ဂနွေနေ့က သူ၏အပြောင်းအရွှေ့ကို တရားဝင်ထုတ်ဖော် ကြေညာခဲ့သည်။ ဒီဘရိုင်းသည် ပြီးခဲ့သည့်ရာသီက ဘွန်ဒစ်လီဂါ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သူဖြစ်ပြီး ယခုနှစ်အတွက်လည်း ဂျာမနီအကောင်းဆုံး ဘောလုံးသမားဆုကို ရရှိထားသူဖြစ်သည်။
ဒီဘရိုင်း၏ ပြောင်းရွှေ့ကြေးမှာ ယခုနွေရာသီ အပြောင်းအရွှေ့ကာလ အစောပိုင်းက လီဗာပူးလ်မှ ရောက်ရှိလာသော တောင်ပံတိုက်စစ်ကစားသမား စတာလင်၏ ပြောင်းရွှေ့ကြေး ပေါင် (၄၉) သန်းကို ကျော်လွန်၍ မန်စီးတီးအသင်း၏ စံချိန်တင်ပြောင်းရွှေ့ကြေးလည်း ဖြစ်လာခဲ့သည်။ မန်စီးတီးအသင်းသည် ယခုနွေရာသီ အပြောင်းအရွှေ့ ကာလအတွင်း စတာလင်၊ ဒဲ့လ်ဖ်၊ ပက်ထရစ်ရောဘတ်၊ အော်တာမန်ဒီ အစရှိသူတို့ကို ခေါ်ယူထားပြီး အသင်း၏ နွေရာသီအသုံးစရိတ်မှာ ပေါင်သန်း (၁၄၀) ခန့်အထိ ရှိသွားခဲ့ပြီ ဖြစ်သည်။
        

Most Read

Most Recent