“အခုတော့ ဘာလုပ်ရမလဲဆိုတာကို သိလိုက်ပါပြီ၊ အခုချက်ချင်းလက်ငင်း အသက်ရှူရပ်မသွားအောင် လုပ်ဖို့သာ လောကမှာ အရေးအကြီးဆုံးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ မနက်ဖြန်မှာ ဘာတွေဖြစ်လာမလဲဆိုတာကို ဘယ်သူမှ မသိနိုင်ကြလို့ ဖြစ်ပါတယ်” ဆိုတဲ့ စကားတစ်ခွန်းကို “ချပ်နိုလန်” Tom Hanks က ၂၀၀၀ ပြည့်နှစ်က ထွက်တဲ့ Cast Away ရုပ်ရှင်ဇာတ်ကားထဲမှာ ပြောသွားခဲ့တာပါ။ အမေရိကားမှာ “ဖက်ဒက်” FedEx လို့ခေါ်တဲ့ အမြန်ချောပို့ လုပ်ငန်းတစ်ခုရှိပြီး ချပ်ဟာ အဲဒီကုမ္ပဏီက ဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ်မှာ ချပ်ဟာ ကုမ္ပဏီအလုပ်ကိစ္စတစ်ခုနဲ့ မလေးရှားကိုသွားရင်း ပစိဖိတ်သမုဒ္ဒရာထဲကို သူစီးလာတဲ့ လေယာဉ်ပျက်ကျသွားလို့ သူဟာ အရေးပေါ် ပလတ်စတစ် အသက်ကယ်ဖောင်တစ်ခုပေါ်မှာ တစ်ညလုံး မျောပါသွားပြီး နောက်တစ်နေ့မနက်မှာ လူသူမနေတဲ့ ကျွန်းလေးတစ်ကျွန်းပေါ်မှာ သွားပြီးတင်နေပါတယ်။လှိုင်းရိုက်လို့ ကမ်းခြေပေါ်မှာ လာတင်ကြတဲ့ လေယာဉ်ပျက်ထဲက ချောထုပ်တွေကို ဖောက်ပြီး အသုံးဝင်မယ့်ကိရိယာတွေကို ချပ် စုဆောင်းရပါတယ်။ ချောထုပ်တွေထဲက ငှက်တောင်လေးနှစ်ခုပုံ ရေးဆွဲထားတဲ့ အထုပ်တစ်ထုပ်ကိုတော့ ချပ် ဖွင့်မကြည့်ဖြစ်ခဲ့ပါဘူး။ ချပ်ဟာ လေမှုတ်သွင်းရတဲ့ အသက်ကယ်လှေကို ပြုပြင်ပြီး ကျွန်းကနေ လှော်ထွက်ဖို့ ကြိုးစားပေမယ့် လှိုင်းတွေသိပ်ကြီးလို့ ကျွန်းနဲ့ ခပ်ဝေးဝေးထိ ရောက်အောင်တောင် မလှော်နိုင်ဘဲ လက်လျှော့ပြီး ပြန်လှည့်ခဲ့ရပါတယ်။ ဒါ့ကြောင့် ကျွန်းပေါ် ပြန်တက်ပြီး ရေရှည်ဆက်နေဖို့ စားစရာ အုန်းသီးတို့၊ ခိုနားစရာ လိုဏ်ဂူတို့ ကို ရှာရပါတယ်။ သူဟာ တစ်ရက်မှာ မီးမွှေးဖို့ ကြိုးစားရင်း လက်ဝါးမှာ ဒဏ်ရာရသွားလို့ ပစ္စည်းတွေကို စိတ်တိုပြီး လွှင့်ပစ်လိုက်ပါတယ်။ အဲဒီလိုလွှင့်ပစ်မိတဲ့ အထဲမှာ “ဝင်ဆင်” Wilson အားကစားကုမ္ပဏီက ထုတ်တဲ့ ဘော်လီဘောတစ်လုံးလည်းပါပါတယ်။ ဘော်လီဘောမှာ ချပ်ရဲ့လက်ဝါးကထွက်တဲ့ သွေးတွေ စွန်းသွားပါတယ်။ အဲဒီစွန်းနေတဲ့သွေးတွေနဲ့ ဘောလုံးပေါ်မှာ ပန်းချီဆွဲလိုက်တဲ့အခါ လူတစ်ယောက်ရဲ့မျက်နှာပုံပေါ်လာပါတယ်။ အဲဒီအချိန်က စပြီး ဘော်လီဘောကို “ဝင်ဆင်”လို့ နာမည်ပေးလိုက်ပြီး ဝင်ဆင်ဟာ သူပြောသမျှတွေကို နားထောင်ပေးရတဲ့ ကျွန်းပေါ်မှာရှိတဲ့ ချပ်ရဲ့ တစ်ဦးတည်းသော အဖော်ဖြစ်လာပါတော့တယ်။ လေးနှစ်လောက်ကြာတဲ့အခါမှာ ချပ်ဟာ တော်တော်ပိန်သွားပြီး ဆံပင်တွေ မုတ်ဆိတ်တွေလည်း တအားရှည်လာပါတယ်။ တစ်ရက်မှာ လေယာဉ်ပျက်က ပလတ်စတစ်နံရံအပိုင်းအစ နှစ်ခုမျောပြီး ကမ်းပေါ်လာတင်လို့ ဆယ်ယူပြီး သူလုပ်ထားတဲ့ လက်လုပ်ဖောင်လေးပေါ်မှာ ရွက်တိုင်အဖြစ် အသုံးပြုလိုက်ပါတယ်။ တော်တော်ကြာအောင် ဖောင်ကို စိတ်ကြိုက်ပြင်ဆင်ပြီးတဲ့နောက် ချပ်ဟာ ပင်လယ်ထဲကို လှေနဲ့ ခရီးစထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ မုန်တိုင်းမိလို့ ဖောင်ကွဲသွားလုမတတ် ဖြစ်ခဲ့ရပါသေးတယ်။ နောက်တစ်နေ့မှာ ဝင်ဆင်ဟာ ဖောင်ပေါ်က ပြုတ်ကျပြီး ပင်လယ်ထဲကို မျောပါသွားခဲ့ပါတယ်။ နောက်တစ်ရက်အကြာမှာတော့ ကံကောင်းထောက်မလို့ ချပ် ကို ကုန်တင်သင်္ဘောတစ်စင်းက ကယ်တင်နိုင်လိုက်ပါတယ်။မွေးရပ်ဇာတိကို ပြန်ရောက်တော့ အံ့အားသင့်စရာတွေကို ချပ် ကြုံတွေ့ရပါတော့တယ်။ သူ သေသွားပြီထင်လို့ ကျန်ရစ်သူတွေက သူ့ရဲ့ ဈာပန အခမ်းအနားကိုတောင် ကျင်းပပြီးခဲ့ကြပါပြီ။ ချစ်သူ ကယ်လီကလည်း သူသေသွားပြီထင်လို့ အိမ်ထောင်ပြုလိုက်ပြီး သမီးလေးတစ်ယောက်တောင် ရနေပါပြီ။ ကယ်လီနဲ့ပြန်တွေ့ဖြစ်ကြသေးပေမယ့် ဒီလို ဘဝအခြေအနေမျိုးမှာ ဆက်ပြီး အနေမနီးသင့်ကြတော့ဘူးဆိုတာကို နားလည်လို့ နှစ်ဦးသား လမ်းခွဲလိုက်ကြပါတယ်။ သူတောက်လျှောက် မဖွင့်ဘဲထားခဲ့တဲ့ ငှက်အတောင်လေးနှစ်ခုပုံ ရေးဆွဲထားတဲ့ချောထုပ်ကို ပိုင်ရှင်ဆီပြန်ပေးဖို့ လိပ်စာရှင်ရှိရာ မြို့လေးဆီကို ကားနဲ့ထွက်လာခဲ့ပါတယ်။လိပ်စာရှင်ရဲ့အိမ်ကိုရောက်တော့ အိမ်ထဲမှာ ဘယ်သူကိုမှမတွေ့ရလို့ ချပ် ဟာ ချောထုပ်ပေါ်မှာ ဒီချောထုပ်ကြောင့် သူအသက်ရှင်ခဲ့ရတဲ့အကြောင်း စာရေးပြီး ချောထုပ်ကို အိမ်ရှေ့မှာ ထားပစ်ခဲ့ပါတယ်။ အဲဒီကနေ ပြန်ထွက်လာတဲ့အခါ လူသူမရှိတဲ့ ကွင်းပြင်ကြီးတစ်ခုထဲက လမ်းဆုံလမ်းခွတစ် နေရာကိုရောက်လာပြီး ဘယ်ကိုဆက်သွားရမှန်းမသိလို့ ကားအပြင်ဘက်ထွက်ပြီး ဟိုဟို ဒီဒီ ရပ်ကြည့်နေလိုက်ပါတယ်။ အဲဒီအချိန်မှာ အမျိုးသမီးတစ်ယောက် မောင်းလာတဲ့ ကားတစ်စီး သူ့နားကိုလာရပ်ပြီး ဘယ်လမ်းအတိုင်းသွားရင် ဘယ်ကိုရောက်မယ်ဆိုတဲ့အကြောင်း သူ့ကို ကူညီရှင်းပြပါတယ်။ ပြီးတော့ သူချောထုပ်ထားပစ်ခဲ့တဲ့ အိမ်ရှိရာဘက်ဆီကို ဆက်မောင်းသွားပါတော့တယ်။ အဲဒီအချိန်မှာပဲ ကားရဲ့နောက်ဖုံးမှာ ချောထုပ်ပေါ်က အမှတ်အသားဖြစ်တဲ့ ငှက်တောင်လေးနှစ်ခုရဲ့ရုပ်ပုံ ရေးဆွဲထားတာကို ချပ် တွေ့မြင်လိုက်ရတဲ့ပြကွက်နဲ့အတူ ရုပ်ရှင်လည်း ပြီးသွားပါတော့တယ်။ ဒီဝတ္ထုကို ရေးခဲ့တဲ့စာရေးဆရာဟာ ရုပ်ရှင်ဇာတ်ညွှန်းတော်တော်များများကို ရေးခဲ့သူဖြစ်ပြီး ဒီဇာတ်လမ်းမှာ သူ့အတွေးအခေါ် သူ့အယူအဆတွေကို သူ့နည်းသူ့ဟန်နဲ့သူ ပိုင်ပိုင်နိုင်နိုင် တင်ပြသွားနိုင်ခဲ့တာကို တွေ့ရပါတယ်။လူသူမနေတဲ့ ကျွန်းတစ်ကျွန်းပေါ်မှာ နှစ်ပေါင်းအတန်ကြာအောင် လူသားတစ်ယောက်တည်း နေခဲ့ရတဲ့အကြောင်းရေးထားတဲ့ ဝတ္ထုတွေကတော့ ရှေးယခင်ကတည်းက တော်တော်များများ ရှိခဲ့ပါတယ်။ အဲဒီအထဲမှာ အစွဲလမ်းမိဆုံးကတော့ “ရော်ဘင်ဆန်ခရူးဆိုး” Robinson Crusoe ပဲဖြစ်ပါတယ်။ ဒီဝတ္ထုဟာ ကမ္ဘာကျော်ဝတ္ထုဖြစ်ပြီး ၁၇၁၉ ခုနှစ်မှာ ပုံနှိပ်ခဲ့ပါတယ်။ ခရူးဆိုးဟာ သင်္ဘောပျက်ပြီး ကျွန်းတစ်ကျွန်းပေါ် ရောက်လာတဲ့အခါ သူနဲ့အတူ ခွေးတစ်ကောင်နဲ့ ကြောင်နှစ်ကောင်လည်း ပါလာခဲ့ပါတယ်။ သင်္ဘောနစ်မြုပ်မသွားခင် သင်္ဘောပေါ်က လက်နက်၊ ကိရိယာမျိုးစုံနဲ့ တခြားပစ္စည်း တော်တော်များများကိုလည်း သယ်ယူလာနိုင်ခဲ့ပါတယ်။ ဂူတစ်ခုရဲ့ရှေ့မှာ တဲအိမ်ဆောက် ခြံစည်းရိုးကာပြီး နေနိုင်ရုံမက ဆန်တွေ မူယောစပါးတွေကို စိုက်ပျိုးနိုင်တဲ့အပြင် စပျစ်ပင်တွေစိုက်ပြီး စပျစ်သီးခြောက်တွေကိုပါ လုပ်နိုင်ခဲ့ပါတယ်။ ကိုယ်တိုင်အိုးဖုတ်နိုင်တဲ့အပြင် ဆိတ်တွေကိုလည်း မွေးနိုင်ခဲ့ပါတယ်။ ခရူးဆိုးဟာ ကျွန်း ပေါ်မှာ တစ်ယောက်တည်း ၂၈ နှစ်တိတိနေခဲ့ရပြီးမှ အင်္ဂလိပ်သင်္ဘောတစ်စီးရဲ့ ကယ်တင်ခြင်းကို ခံခဲ့ရတာပါ။ ကမ္ဘာကျော်တဲ့ ဒီဝတ္ထုကို ရေးခဲ့သူကတော့ အင်္ဂလိပ်စာရေးဆရာ “ဒင်နီယယ်ဒီဖိုး” (၁၆၆၀-၁၇၃၁) ပဲ ဖြစ်ပါတယ်။“ဒီဖိုး”ဟာ “ရောဘင်ဆန်ခရူးဆိုး”ကို ရေးတဲ့အခါမှာ “အလက်ဇင်းဒါးဆဲလ်ကပ်” Alexander Selkirk ဆိုတဲ့ စကော့လူမျိုးတစ်ယောက်ရဲ့ တကယ့်ကိုယ်တွေ့အဖြစ်အပျက်တွေကို အခြေခံပြီးမှ မှီငြမ်းရေးခဲ့တာ ဖြစ်တယ်လို့ ဆိုကြပါတယ်။ တကယ်တော့ ဆဲလ်ကပ်ကမှ တကယ့်ကမ္ဘာ့ပထမဦးဆုံး “ကာ့စ်တဝေး” Cast Away (သင်္ဘောပျက်၍ ရေမျောကမ်းတင်ဖြစ်နေသူ) အစစ်ဖြစ်ပါတယ်။ ၁၇၀၄ ခုနှစ် စက်တင်ဘာလမှာ ဆဲလ်ကပ် စီးလာတဲ့သင်္ဘောဟာ ချီလီနိုင်ငံကမ်းခြေရဲ့ အနောက်ဘက် မိုင် ၄၂၀ အကွာမှာရှိတဲ့ “ဝှမ်ဖာနန်းဒက်ဇ်”ဆိုတဲ့ကျွန်းကို ရောက်လာပါတယ်။ သင်္ဘောက ပေါက်နေလို့ သေသေချာချာပြင်ပြီးမှ ဆက်ထွက်ဖို့ ဆဲလ်ကပ်က သင်္ဘောကပ္ပတိန်ကို ပြောပါတယ်။ ကပ္ပတိန်က လက်မခံတဲ့အခါမှာ ဆဲလ်ကပ်က “မပြင်ဘဲ နဲ့ ဒီအတိုင်း ဆက်ထွက်မယ်ဆိုရင်တော့ ကျွန်တော်မလိုက်နိုင်ဘူး၊ ကျွန်တော့်ကို ဒီကျွန်းပေါ်မှာပဲ ချန်ထားရစ်ခဲ့”လို့ပြောတဲ့အတွက် ကပ္ပတိန်က စိတ်ဆိုးပြီး ဆဲလ်ကပ်ကို ကျွန်းပေါ်မှာ တကယ်ပဲ ထားပစ်ခဲ့တာပါ။ သင်္ဘောထွက်သွားတဲ့အခါကျမှ စိတ်လိုက်မာန်ပါ ပြောခဲ့မိလေခြင်းဆိုပြီး ဆဲလ်ကပ်ဟာ တော်တော့်ကို နောင်တရခဲ့ရတယ်လို့ ဆိုပါတယ်။ဆဲလ်ကပ်ဟာ ကျွန်းရဲ့အတွင်းပိုင်းမှာ အရင်က သင်္ဘောသားတွေ ရည်ရွယ်ချက်ရှိရှိနဲ့ လွှတ်ထားခဲ့တဲ့ ဆိတ်အုပ်နဲ့ တွေ့တာမို့ သူဟာ နောက်ပိုင်းမှာ ဆိတ်သားလည်း စားရ ဆိတ်နို့လည်း သောက်ရပါတယ်။ အဖေဖြစ်သူ က သားရေနယ်သမားဖြစ်လို့ သူ့ကို သားရေနယ်ပုံနယ်နည်း ကောင်းကောင်းသင်ပေးခဲ့တာကြောင့် ဆဲလ်ကပ်ဟာ ဆိတ်ရေနဲ့ အင်္ကျီအမျိုးမျိုး ချုပ်ဝတ်နိုင်ခဲ့ပါတယ်။ ကျွန်းပေါ်မှာ သူရှိနေစဉ်အတွင်း ဆိပ်ကမ်းမှာ သင်္ဘောနှစ်စီး ရေချိုဖြည့်တင်းဖို့ နှစ်ကြိမ်ခွဲ ရောက်လာကြပြီး ကျောက်ချ ရပ်နားကြပါသေးတယ်။ ဆဲလ်ကပ် ကံမကောင်းချင်တော့ အဲဒီသင်္ဘောနှစ်စီးစလုံးဟာ အင်္ဂလိပ်ရဲ့မဟာရန်သူ စပိန်သင်္ဘောတွေ ဖြစ်နေကြပါတယ်။စပိန်ရေတပ်သားတွေ တွေ့သွားပြီး သူဟာ အင်္ဂလန်က ဖြစ်တယ်ဆိုတာကို သိတာနဲ့ အသက်နဲ့ ခန္ဓာ အိုးစားကွဲရဖို့ကတော့ မြေကြီးလက်ခတ်မလွဲပါပဲ။ ဒုတိယသင်္ဘောက သင်္ဘောသားတွေက သူ့ကိုတွေ့သွားပြီး လိုက်ဖမ်းကြလို့ အသက်စွန့်ပြီး ကျွန်းရဲ့အတွင်းပိုင်းထဲကို ဝင်ပြေးရပါတယ်။ ပြေးလို့မလွတ်နိုင်မှန်းသိလို့ သစ်ပင်တစ်ပင်ပေါ် တက်ပုန်းနေရပါတယ်။ ဖြစ်ချင်တော့ စပိန်တွေဟာ သူပုန်းနေတဲ့ သစ်ပင်အောက် ရောက်လာပြီး အပေါ့တောင် စွန့်သွားကြသေးပေမယ့် သူ့ကိုတွေ့မသွားကြခဲ့လို့ ဆဲလ်ကပ် ကံကောင်းသွားတယ်လို့ ဆိုရ ပါမယ်။၁၇၀၉ ခုနှစ် ဖေဖော်ဝါရီလ၂ ရက်နေ့ ရောက်မှ ကျွန်းနားကို အင်္ဂလိပ်သင်္ဘောတစ်စီး လာဆိုက်ပြီး ဆဲလ်ကပ်ကို ပြန်တင်ခေါ်သွားခဲ့ကြတာပါ။ ကျွန်းပေါ်မှာ လေးနှစ်နဲ့ လေးလ တိတိကြာသွားခဲ့ပါတယ်။ဆဲလ်ကပ်ကို ပြန်တွေ့တော့ စကားပြောတာ ဗလုံးဗထွေးဖြစ်နေပြီး သိပ်မပီချင်တော့တာကို တွေ့ရပါတယ်။ ဒါပေမဲ့ လူကျန်းမာနေတဲ့အပြင် စိတ်လည်း တော်တော် တည်ငြိမ်နေတာကို တွေ့ရလို့ အတော့်ကို အံ့သြကြရပါတယ်။ဒါပေမဲ့ သင်္ဘော ပြန်မထွက်ခင် ရက်ပိုင်းအလိုမှာ သင်္ဘောသားတွေအတွက် ဆဲလ်ကပ်ဟာ လက်ချည်းသက်သက်နဲ့ တစ်ရက်ကို ဆိတ်သုံးကောင်နှုန်း ရအောင်ဖမ်းပေးခဲ့လို့ သင်္ဘောသားတွေမှာ အံ့လည်းအံ့သြ ဝမ်းလည်းဝမ်းသာ ဖြစ်ခဲ့ကြရတယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ ဒါ့ကြောင့် တစ်ကမ္ဘာလုံးက ဆဲလ်ကပ် ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု၊ လျင်မြန်ဖျတ်လတ်မှုနဲ့ ကျန်းမာသန်စွမ်းမှုတွေကို မအံ့သြဘဲ၊ အားမကျဘဲ မနေနိုင်ကြတော့ပါဘူး။မိမိကိုယ်မိမိ အားထားမှီခိုခြင်းနဲ့ သတ္တိရှိခြင်းဟာ ဘယ်လိုရလဒ်ကောင်းတွေကို ဖြစ်ထွန်းလာစေနိုင်သလဲဆိုတာကို လက်တွေ့နဲ့ သက်သေပြပြီး တန်ဖိုးမဖြတ်နိုင်တဲ့ ခွန်အားတွေကို ဆဲလ်ကပ်က ကမ္ဘာကြီးကို ပေးသွားခဲ့တာဖြစ်ပါတယ်။ ဆဲလ်ကပ်ဟာ အင်္ဂလန်ကိုပြန်ရောက်တော့ “ဆယ်လက်ဘရစ်တီ” Celebrity ထင်ရှားကျော်ကြားသူတစ်ယောက် ဖြစ်လာပါတယ်။ ဘဝရဲ့နောက်ပိုင်းအချိန်တွေမှာလည်း သူဟာ အောင်မြင်ခဲ့တာပါပဲ။ရုပ်ရှင်အကြောင်းကို ပြန်ဆက်ရမယ်ဆိုရင်တော့ တစ်ယောက်တည်း ကျွန်းတစ်ကျွန်းပေါ်မှာ နေရတဲ့ ချပ်ရဲ့ဒုက္ခတွေဟာ အတော့်ကို မသေးလှတာကို ပရိသတ်တွေ တွေ့မြင်ကြရပါတယ်။ မီးမွှေးရတာ အုန်းသီးခွဲရတာက အစ သစ်ရွက်လေးတွေပေါ်မှာ တင်ကျန်နေတဲ့ မိုးရေစက်လေးတွေကို စုဆောင်းရတာကအဆုံး ကျွန်းပေါ်မှာနေရတဲ့ ချပ်ရဲ့ အထီးကျန်ဘဝဟာ အားလုံးဒုက္ခတွေချည်းပါပဲ။ ဒီကျွန်းပေါ်မှာ နေရတာ အချိန်အတော်ကြာလာတဲ့အခါ ချပ်ဟာ စိတ်ဓာတ်အကြီးအကျယ်ကျလာလို့ ကျောက်တောင်ထိပ်ပေါ်ကနေ ကြိုးဆွဲချပြီး ကိုယ့် ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြံရွယ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ကျောက်တောင်ထိပ်အစွန်းမှာ ထိုးထွက်နေတဲ့ သစ်ကိုင်း ခြောက်ဟာ သူ့ခန္ဓာကိုယ် အလေးချိန်ကို ခံနိုင် မခံနိုင် သူ သံသယဖြစ်သွားပါတယ်။ ဒါ့ကြောင့် သူ့ရဲ့ခန္ဓာကိုယ်အရွယ်လောက်ရှိပြီး သူ့ခန္ဓာကိုယ်လောက်ပဲ အလေးချိန်စီးမယ့် သစ်သားတုံးတစ်တုံးကို ကြိုးဆွဲချပြီး အရင်စမ်းသပ်ကြည့်ဖို့ စိတ်ကူးရလိုက်ပါတယ်။ အဲဒီအခါမှာ သစ်ကိုင်းမခိုင်ရင် ကျောက်ဆောင်တွေပေါ် သူပြုတ်ကျပြီး မသေမရှင်နဲ့ ပိုပြီးတော့ ခံစားရမယ့်ဒုက္ခတွေကို မြင်ယောင်လာလို့ ကိုယ့် ကိုယ်ကိုယ် သတ်မသေတော့ဖို့ ချပ် ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲဒီအခိုက်အတန့်လေးအတွင်းမှာပဲ ချပ်ဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေးအခေါ်တစ်ခုကို ခိုင်ခိုင်မာမာ ရသွားခဲ့တာဖြစ်ပါတယ်။ လောကမှာ လူတစ်ယောက် ဟာ ဘေးဒုက္ခတစ်ခုကနေ လွတ်မြောက်သွားအောင်ဆိုတဲ့ မျှော်မှန်းချက်နဲ့ ဘယ်နေရာ ဘယ်ဒေသဆီကိုပဲ ထွက်ပြေးထွက်ပြေး၊ လွတ် မြောက်သွားနိုင်မယ် မဟုတ်ပါဘူး။ ပိုပြီးဆိုးတဲ့ ဘေးဒုက္ခနဲ့ ဖူးစာဆုံရဖို့သာပဲ ရှိပါတယ်။ အဲဒီဒုက္ခကို သတ္တိရှိရှိနဲ့ ရင်ဆိုင်လိုက်မှသာ အခက်အခဲပြဿနာတွေကို ရင်ဆိုင်ကျော်လွှားနိုင်မယ့် နည်းလမ်းနဲ့ အခွင့်အရေးတွေကို ရရှိလာနိုင်မှာဖြစ်ပါ တယ်။ ဒါ့ကြောင့် လောကကြီးမှာ လောလောဆယ် အသက်ရှူရပ်မသွား အောင် အရင်ဆုံးကြိုးစားဖို့ကသာ အရေးအကြီးဆုံးဖြစ်တယ်ဆိုတာကို ချပ် နားလည်သွားခဲ့ပါတယ်။ချပ်ရဲ့ ဒီဒဿနဟာ ရုပ်ရှင်ရဲ့ဆိုလိုရင်း အာဘော်ဖြစ်သလို ရုပ်ရှင်ကြည့်ပရိသတ်တွေကို ပေးသွားတဲ့ အကောင်းဆုံးအားဆေးတစ်ခွက်လည်းဖြစ်တယ်လို့ ဆိုချင်မိပါတယ်။










