မေတ္တာပါရမီလောကကြီးကို ဖရိုဖရဲ ပြိုကွဲမသွားရလေအောင် မေတ္တာနဲ့ ဖွဲ့စည်းထားကြရပါတယ်။ လောကကို မေတ္တာနဲ့ ဖွဲ့စည်းထားတဲ့အခါ လောကဟာ သိပ်သည်းကျစ်လျစ်တယ်။ တစ်ခုတည်း မဟုတ်ပေမယ့် တစ်ခုတည်းလိုပဲ ဖြစ်တယ်။ မေတ္တာရဲ့ တရားကိုယ်မှာ အဒေါသဖြစ်ကာ အဒေါသနဲ့ ဖွဲ့စည်းက လောကဟာ သိပ်သည်းပြီး၊ ဒေါသနဲ့ဖွဲ့စည်းက လောကဟာ ဖရိုဖရဲ ဖြစ်တယ်။ ဒါကြောင့် လောကမပြိုကွဲရေးအတွက် မေတ္တာဟာ အထူးလိုအပ်ပါတယ်။ လောကသိပ်သည်း ကျစ်လျစ်ခြင်းဆိုတာ ငြိမ်းချမ်းခြင်းဖြစ်ပြီး လောကဖရိုဖရဲ ပြိုကွဲခြင်းဆိုတာ ဆူပွက်ခြင်း ဖြစ်ပါတယ်။ဒါကြောင့် လောကမှာ ငြိမ်းချမ်းခြင်း စိုးမိုးအောင်ပြုနိုင်ဖို့ တစ်ဦးက တစ်ဦးအပေါ် မေတ္တာထားရခြင်း ဖြစ်တယ်။ မေတ္တာထားမှု အားကောင်းလေ လောကဟာ ငြိမ်းချမ်းလေဖြစ်တယ်။ တစ်ဦးက တစ်ဦးအပေါ် ချစ်နိုင်လေ လောကဟာ သာယာလေ ဖြစ်တယ်။ လောက သာယာလေ ဒုလ္လဘတရားတော်နဲ့အညီ လောကမှာ လူဖြစ်ရကျိုးနပ်လေ ဖြစ်ပါတယ်။
ချစ်ခြင်းမေတ္တာ (၃)မျိုးလောကမှာ ကိုယ်တွေ့လက်တွေ့ အနေနဲ့ ချစ်ခြင်းမေတ္တာ သုံးမျိုးကို တွေ့နိုင်ပါတယ်။ ချစ်သူအချင်းချင်း ချစ်တဲ့ ချစ်ခြင်းမေတ္တာက တစ်မျိုး၊ မိသားစု အချင်းချင်းချစ်တဲ့ ချစ်ခြင်းမေတ္တာက တစ်မျိုး၊ မြင့်မြတ်သောသူများက လောကအပေါ်ချစ်တဲ့ ချစ်ခြင်းမေတ္တာက တစ်မျိုးလို့ဆိုပြီး သုံးမျိုး မှတ်သားသင့်ပါတယ်။ဒီသုံးမျိုးထဲက ချစ်သူအချင်းချင်းချစ်သော ချစ်ခြင်းမေတ္တာနဲ့ တစ်ဦးနဲ့တစ်ဦး နှောင်ဖွဲ့တဲ့အခါ ချစ်သူနှစ်ဦးတို့ရဲ့ စည်းလုံးမှုမှာ ခိုင်မြဲတယ်။ အသွင်သဏ္ဌာန်အရ နှစ်ဦးဖြစ်ပေမယ့် အနှစ်သာရအရ တစ်ဦးတည်းလို ဖြစ်တယ်။ တကယ်လို့ ချစ်ခြင်းမေတ္တာပျောက်ပြီး ဒေါသရောက်လာတာနဲ့ တစ်ပြိုင်နက် ချစ်သူနှစ်ဦးတို့ရဲ့ စည်းလုံးမှုလည်းပျက်၊ အနှစ်သာရလည်း ပျက်စီးပါတော့တယ်။ ဒီအခါ ချစ်သူဘဝဟာ ဖရိုဖရဲ ပြိုကွဲမှုကို ဖန်တီးတတ်ပါတယ်။မိသားစုအချင်းချင်းချစ်သော ချစ်ခြင်းမေတ္တာနဲ့ မိသားစုကို နှောင်ဖွဲ့တဲ့အခါ မိသားစုရဲ့ စည်းလုံးမှုမှာ သိပ်သည်းတယ်။ အသွင်သဏ္ဌာန်အရ အများဖြစ်ပေမယ့် အနှစ်သာရအရ တစ်ခုတည်းလိုဖြစ်တယ်။ တကယ်လို့ မိသားစုအတွင်းမှာ မေတ္တာပျောက်ပြီး ဒေါသရောက်ပြီဆိုရင် မိသားစုရဲ့ စည်းလုံးမှုလည်းပျက်၊ အနှစ်သာရလည်း ပျက်စီးတတ်ပါတယ်။ ဒါကြောင့် မိသားစုအတွင်း အချင်းချင်း ချစ်ခင်ခြင်းဟာ နိုင်ငံတစ်နိုင်ငံရဲ့ အမျိုးသားရေးဘ၀ ပြိုကွဲမှုကို ဖန်တီးတတ်တယ်။ ဒါကြောင့် မိသားစုအတွင်း အချင်းချင်း ချစ်ခင်ခြင်းဟာ နိုင်ငံတစ်နိုင်ငံရဲ့ အမျိုးသားရေးဘဝကို သာယာငြိမ်းချမ်းအောင် ပြုတတ်ပါတယ်။
ပါရမီမေတ္တာမြင့်မြတ်သူများက လောကအပေါ်ချစ်တဲ့ ချစ်ခြင်းမေတ္တာကို ‘ပါရမီမေတ္တာ’ လို့ ဆိုပါတယ်။ ပါရမီမေတ္တာနဲ့ လောကအပေါ် ချစ်နေခြင်းကို လူစင်စစ်က ဗြဟ္မာဘဝနဲ့နေခြင်းလို့ ဆိုပါတယ်။ ဒီလို ပါရမီမေတ္တာတွေနဲ့ ချစ်တတ်သူများရှိရာနိုင်ငံမှာ လူလာဖြစ်ခြင်းဟာ လူ့ဘဝကို အရတော်စွာ ရရှိခြင်းဖြစ်တယ်။ ဘာကြောင့်လဲမေးရင် ဒီနိုင်ငံရဲ့ အမျိုးသားရေးဘဝဟာ ဓမ္မတာအရ ငြိမ်းချမ်းနိုင်တာကြောင့် ဖြစ်တယ်။ ပါရမီမေတ္တာဟာ အသွင်သဏ္ဌာန် အနေနဲ့ အစိတ်စိတ်အမြွာမြွာ ဖြစ်နေတဲ့ နိုင်ငံတစ်နိုင်ငံကို အနှစ်သာရအားဖြင့် တစ်ခုတည်းလိုဖြစ်အောင် စုစည်းနိုင်စွမ်း ရှိလို့ပါပဲ။လောကအပေါ် ဗြဟ္မာတို့ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ချစ်တတ်သူတွေကသာ မိမိတို့ရဲ့ ပါရမီမေတ္တာနဲ့ မိသားစုမေတ္တာကိုလည်း ထိန်းနိုင်ပါတယ်။ ချစ်သူမေတ္တာကိုလည်း ထိန်းနိုင်တယ်။ ဒါကြောင့် လောကပါလနတ်များဟာ လောကအတွက် ပါရမီမေတ္တာနဲ့ ချစ်တတ်သူတွေကို အစဉ်တောင့်တ,မျှော်လင့်ကြတယ်။ လူတွေ၊ နတ်တွေ၊ ဗြဟ္မာတွေကပါ အကျိုးစီးပွား လိုလားတောင့်တကြပါတယ်။အမှန်အားဖြင့် ပါရမီမေတ္တာနဲ့ လောကကို ချစ်တတ်ဖို့မှာ ခဲယဉ်းပေမယ့် လုပ်မရကောင်းတဲ့အရာ မဟုတ်ပါ။ လုပ်လို့ရကောင်းတဲ့အရာ ဖြစ်ပါတယ်။ ကမ္ဘာပေါင်း အသင်္ချေအနန္တအတွင်းမှာ ဒီလိုသော ပုဂ္ဂိုလ်များ ရှေးကလည်း ရှိဖူးပြီ၊ နောင်လည်း ရှိဦးမှာ ဖြစ်တယ်။ ယခုလည်း ရှိအောင်လုပ်လို့ ရတယ်။ တကယ်တမ်း လုပ်ချင်တဲ့စိတ် ရှိဖို့သာ လိုပါတယ်။ မိမိတို့ မွေးရာပါ ပဋိသန္ဓေစိတ် မညံ့လှပါ။ ဒုလ္လဘတရားနဲ့အညီ ရရှိတဲ့ ပဋိသန္ဓေစိတ်ဖြစ်တယ်။ ကုသိုလ်ရဲ့ အကျိုးဝိပါတ်တွေဖြစ်လို့ စွမ်းအင်များစွာ ရှိပါတယ်။ စွမ်းအင်ကို အသုံးချတတ်ဖို့သာ လိုပါတော့တယ်။
မေတ္တာ (၃)မျိုးနှင့် ပါရမီအချစ်ချစ်ခြင်းမေတ္တာဝယ် ‘ငါ’ အပွားဆုံး ပါဝင်တဲ့အခါ ချစ်သူချစ် ဖြစ်လာတယ်။ ‘ငါ’ အပါးဆုံး ပါဝင်တဲ့အခါ လောကချစ် ဖြစ်လာတယ်။ မိသားစုရဲ့ မေတ္တာမှာမူ ငါ-ဟာ အလယ်ဗဟိုမှာ ဖြစ်လာတယ်။ ပွားရာဘက်ကို ရှေးရှုနိုင်သလို ပါးရာဘက်ကိုလည်း ရှေးရှုနိုင်ပါတယ်။ ဒါကြောင့် မိသားစု ချစ်ခြင်းမေတ္တာကို ကောင်းတဲ့မေတ္တာပြယုဂ်အဖြစ်လည်း ထုတ်လို့ရတယ်။ လောကအတွက် ဘေးဖြစ်ရင် မကောင်း၊ လောကအတွက် ဆေးဖြစ်ပါမှ ကောင်းပါတယ်။မေတ္တာသုံးမျိုးမှာ ချစ်သူမေတ္တာဟာ အစွန်းရောက်မေတ္တာဖြစ်ပြီး မိမိချစ်သူ အသာစံရေးသာ ပါဝင်တာမို့ လောဘစွန်းကို ရောက်တယ်။ အခြားသူတွေအပေါ် အဟန့်အတား ပြုထားသလို ဒေါသစွန်းလည်း ရောက်တယ်။ မိသားစု ချစ်ခြင်းမေတ္တာမှာလည်း ဒီအတိုင်းပါပဲ။ မိမိ မိသားစုအတွက်သာဖြစ်ရင် လောဘစွန်းရောက်တယ်။ အခြားမိသားစုအပေါ် ငဲ့ညှာထောက်ထားမှု မရှိရင် ဒေါသစွန်းကို ရောက်တယ်။ အစွန်းရောက်အချစ် မှန်သမျှ လောကအတွက် အန္တရာယ်ပဲဖြစ်တယ်။ ဒါကြောင့် လောကကို အန္တရာယ်ပြုခြင်းမှ ကာကွယ်ဖို့အတွက် အစွန်းရောက်အချစ်မျိုးတွေအပေါ် လောကချစ်နဲ့ မပြတ် ထိန်းကျောင်းပေးရပါ့မယ်။လောကချစ်ဆိုတာဟာ ငါ-ပါးသည်ထက် ပါးပြီးလာတဲ့ အချစ်ဖြစ်တယ်။ ဒါကြောင့်မို့ လောကအချစ်ကို ပါရမီချစ်လို့ ဆိုရခြင်း ဖြစ်ပါတယ်။ဒါကြောင့် မြတ်ဗုဒ္ဓဟာ အလောင်းတော်ဘဝတွေက ဆိုင်ရာဆိုင်ရာ ပါရမီတော်များကို ဖြည့်ကျင့်တော်မူရာမှာ မိမိရဲ့ ချစ်သူနဲ့ မိသားစုတွေကို ချစ်သူချစ်နဲ့ မိသားစုချစ် အဆင့်မှ လောကချစ်အဆင့်သို့ တက်လှမ်းရာဝယ် ပါရမီဖြည့်ဖက်များ အနေနဲ့ အားယူရခြင်း ဖြစ်ပါတယ်။လောကကို တကယ်ချစ်တတ်ဖို့သာ လိုပါတယ်။ တကယ်ချစ်တတ်ရိုးမှန်ရင် မိမိချစ်ရတဲ့ လောကအတွက် အနစ်နာခံဖို့ဆိုတာ ဘာမှဝန်လေးတဲ့လုပ်ငန်း မဟုတ်ပါ။ အနစ်နာခံနိုင်ခြင်းသည်သာ ဒါနပါရမီသဘော ဖြစ်တယ်။ မိမိချစ်တဲ့လောကမှ ဘာကိုမျှ မမျှော်လင့်ဘဲ ချစ်ရလို့ အများရဲ့ အကျိုးစီးပွားအတွက် ဆောင်ရွက်ခွင့်ရရုံ သက်သက်နဲ့ ကျေနပ်နိုင်ခြင်းဟာလည်း ဘာမျှဝန်လေးတဲ့အလုပ် မဟုတ်ပါ။ ဘာကိုမျှ မမျှော်ကိုးဘဲ စေတနာသန့်သန့်နဲ့ ဆောင်ရွက်နိုင်ခြင်းသည်သာ နေက္ခမ္မပါရီမီသဘောသို့ ရောက်ပါတယ်။ဒီအခါ အခြားပါရမီများလည်း မိမိတို့ရဲ့ ဆိုင်ရာလုပ်ငန်းတွေမှာ အလိုအလျောက် ပါဝင်လာမှ ဖြစ်တယ်။ ဒါကြောင့် လောကအကျိုးစီးပွားအတွက် ဆောင်ရွက်ဖို့ သန္နိဋ္ဌာန်ခိုင်မာရေးအတွက် လောကအပေါ် တကယ်တမ်းချစ်တတ်တဲ့ စိတ်ကို ထားဖို့လည်း လိုအပ်ပါတယ်။ တကယ်ချစ်မှ ချစ်သူအတွက် ဆောင်ရွက်ဖို့ သန္နိဋ္ဌာန်ဟာ ခိုင်မာပြီး၊ အခြားပါရမီတော်များလည်း မခက်မခဲ ဖြစ်လာနိုင်ပါတယ်။မြတ်ဗုဒ္ဓဟာ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြား ပါရမီတော်များကို ဖြည့်ကျင့်တော်မူခြင်းဟာ ကိုယ်တိုင်လည်း လောဘကို သတ်နိုင်ဖို့ ဝေနယျသတ္တဝါများအားလည်း လောဘကို သတ်နိုင်အောင် သင်ကြားပေးဖို့သာဖြစ်တယ်။ အခြားရည်ရွယ်ချက်တွေ မထားမရှိ။ ယနေ့အချိန်မှာ နိုင်ငံတစ်ဝန်း သဘာဝရေဘေးအန္တရာယ် ကျရောက်နေတဲ့ ဒေသတွေဆီ ခေတ်ရဲ့လူငယ်တွေ၊ ကျောင်းသူကျောင်းသားတွေက ကိုယ်စားမယ့် မုန့်ဖိုးတွေ၊ အဝတ်အစားဆေးဝါးတွေ လှူခြင်း၊ စုပေါင်းလမ်းပေါ်ထွက် လျှောက်အလှူခံပြီး ရေဘေးသင့် ပြည်သူတွေအပေါ် စာနာထောက်ထား မေတ္တာစိတ်တွေနဲ့ ဆောင်ရွက်နေကြသလို ပရဟိတ အဖွဲ့တွေကလည်း အားတက်သရော ဘာကိုမျှ မမျှော်ကိုးဘဲ မေတ္တာစေတနာ အနစ်နာဝါသနာတွေနဲ့ ဆောင်ရွက်နေကြတာ သာဓုခေါ်မိပါရဲ့။ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့မှာလည်း တစ်ဦးကအစ အနန္တသတ္တဝါတွေအပေါ် မေတ္တာစိတ်၊ အကြင်နာစိတ်၊ လောကချစ်စိတ်တွေနဲ့ လောကလူသားကောင်းကျိုးအတွက် မေတ္တာပါရမီတော်များကို ဆက်လက်ဖြည့်ကျင့်ရမယ့် နေ့ရက်များလို့ မှတ်ယူကြပါစို့။










