စားနေကျ အိုးဘဲဥ မုန့်ဟင်းခါးဆိုင်က ရုတ်တရက် ဈေးတက်သွားသည်။ ခါတိုင်း အကြော်နှင့် အိုးဘဲဥ မုန့်ဟင်းခါးတစ်ပွဲစားလျှင် ကျပ် ၆၀၀ ကျသင့်သည်။ ဒီနေ့ မနက်မှာတော့ ကျပ် ၈၀၀ ဖြစ်သွားသည်။ ဘာကြောင့် လဲမေးကြည့်တော့ ဘဲဥတွေ ဈေးတက်သွားလို့တဲ့။ မုန့်ဟင်းခါးတွေပဲ ဈေးတက်သွားသလားဆိုတော့ မဟုတ်။ စားနေကျ ထမင်းဆိုင်ကလည်း ခါတိုင်း ကျပ် ၂၅၀၀ ကနေ ကျပ် ၃၀၀၀ ဖြစ်သွားသည်။ ကြက်၊ ဝက်၊ အမဲ ပုံမှန်အသားဟင်းနှင့် ဖြစ်သည်။ ပုစွန်တုပ်လို ဟင်းမျိုးကျတော့ ဈေးက ဒီထက်ပိုများသည်။ကုန်ဈေးနှုန်းတွေ တရိပ်ရိပ် တက်လာသည်ကို နံနက်ခင်းတိုင်း ဈေးဝယ်ထွက်ကြသည့် အိမ်ရှင်မတွေ အသိဆုံးဖြစ်သည်။ သူတို့က တကယ့်ဈေးကွက်နှင့် တိုက်ရိုက်ထိတွေ့နေရသူ။ နိုင်ငံခြားမှ ဒေါ်လာငွေဖြင့် တိုက်ရိုက်တင်သွင်းရသော ပစ္စည်းတွေလည်း ဈေးတွေ တက်ကုန်သည်။ ဆောက်လုပ်ရေးပစ္စည်းတွေ၊ လူသုံးကုန်ပစ္စည်းတွေ၊ စားသောက်ကုန်ပစ္စည်းတွေအားလုံး မူလတန်ဖိုးထက် ဈေးနည်းနည်း မြင့်တက်သွားသည်။လွယ်လွယ်ပြောရလျှင် မြန်မာကျပ်ငွေတန်ဖိုး တရိပ်ရိပ် ကျဆင်းနေခြင်းဖြစ်သည်။ ပို၍သိသာအောင် ပြောရလျှင် နေရင်းထိုင်ရင်း ကျွန်တော်တို့၏ ဝင်ငွေများ လျော့နည်းကျဆင်းသွားခြင်းဖြစ်သည်။ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းသောအခါ ကုန်ဈေးနှုန်းတို့ ထိုးတက်သွားသည်။ ဤဒဏ်ကို တစ်နိုင်ငံလုံးရှိ ပြည်သူအားလုံး တစ်ပြေးညီ ခံစားရသည်။ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေလည်း ခံစားရသည်။ နိုင်ငံတော်သမ္မတ၊ ဝန်ကြီးတွေလည်း ခံစားရသည်။ ညွှန်ကြားရေးမှူးတွေ၊ ရုံးအရာရှိတွေ၊ သာမန်ဝန်ထမ်းတွေ အားလုံးခံစားရသည်။ မြောင်းတူး၊ အုတ်စီ၊ ပန်းရန်သမားတွေ၊ လက်လုပ်လက်စား လမ်းဘေးဈေးသည်တွေ မကျန် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံစားရသည်။ မြန်မာကျပ်ငွေ ဖောင်းပွမှုက တိုင်းပြည်၏ စီးပွားရေးအညွှန်းကိန်းဖြစ်သည်။ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်နေသလား၊ ဆုတ်ယုတ်နေသလား။ လူတွေ၏ ငွေကြေးသုံးစွဲမှုပမာဏ (Purchasing Power) နှင့် တိုင်းတာနိုင်သည်။ စားသောက်ဆိုင်တွေ၊ ရှော့ပင်းစင်တာတွေမှာ ဈေးဝယ်သူတွေ ကြိတ်ကြိတ်တိုးနေသလား။ရှင်းလင်းခြောက်သွေ့ နေသလား။ ဒါကိုကြည့်လျှင် တိုင်းပြည်စီးပွားရေးကို အကဲခတ်၍ ရသည်။ လူတိုင်း ဝင်ငွေတွေ လျော့ကျနေသောအခြေအနေကို ကုစားဖို့ အစိုးရအဖွဲ့မှာ တာဝန်ရှိသည်။ ဘာတွေလိုအပ်နေသလဲ။ ဘာတွေဟာနေသလဲ။ ဘယ်လို အဖြေရှာမလဲ။ စနစ်တကျစီမံဖို့ လိုသည်။မြန်မာပြည်ကို လာရောက်ရင်းနှီးမြှုပ်နှံပြီး ဖွင့်လှစ်ထားသည့် ပြည်ပစားသောက်ဆိုင်တချို့ ကျဆင်းနေသော မြန်မာကျပ်ငွေကို လက်ခံယူဖို့ မဝံ့မရဲဖြစ်လာသည်။ Loteria၊ Swensen ၊ KFC ဆိုင်တွေက မြန်မာကျပ်ငွေနှင့် ဒေါ်လာကို သင့်တင့်အောင် ချိန်ညှိပြီး ရောင်းကြသည်။ မြန်မာကျပ်ငွေတန်ဖိုး မတည်မငြိမ်ဖြစ်လာသောအခါ “ဒေါ်လာ” ဖြင့် ဈေးနှုန်းသတ်မှတ်ဖို့ လုပ်လာတာတွေ့ရသည်။ အလားတူ ဟိုတယ်များ၊ ခရီးသွားလုပ်ငန်းများနှင့် ဆက်စပ်နေသောနေရာများမှာ “ဒေါ်လာ” ကိုအခြေခံတွက်ချက်ဖို့ လုပ်လာသည့်သတင်းများကိုလည်း ဖတ်ရသည်။ငွေကြေးတန်ဖိုး မတည်ငြိမ်သော နိုင်ငံတချို့မှာ Dollarization လုပ်ကြတာရှိသည်။ ပြည်တွင်းငွေကို အယုံအကြည်မရှိတော့သည့်အတွက် ပြည်တွင်းမှာပင် “ဒေါ်လာ” ကို အသိအမှတ်ပြု တန်ဖိုးသတ်မှတ် ရောင်းဝယ်ကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံ ဗဟိုဘဏ်ကတော့ ဒီလိုအဖြစ်မျိုး လက်ခံမည်မဟုတ်ဟု တရားဝင်ကြေညာထားပြီး အရေးယူသွားမည်ဟု မကြာမီက ကြေညာထားသည်။Dedollarization လုပ်မည်ဟု ဆိုသည်။စင်စစ် လက်ရှိငွေကြေးဖောင်းပွမှုနှင့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုက စိုးရိမ်စရာကောင်းလှသည်။ ၂၀၁၂ ခုနှစ် ဧပြီ ၂ ရက် က တစ်ဒေါ်လာ ၈၁၅ ကျပ် လဲလှယ်နှုန်းသည် ၂၀၁၅ သြဂုတ် ၂၁ ရက်တွင် တစ်ဒေါ်လာ ၁၂၈၅ ကျပ်သို့ ရောက်ရှိသွားသည်။ သုံးနှစ်အတွင်း မြန်မာကျပ်ငွေနှင့် ဒေါ်လာလဲလှယ်နှုန်းမှာ ကျပ် ၄၇၀ အထိ ကွာဟသွားပြီး မြန်မာငွေတန်ဖိုး ကျဆင်းမှု ရာခိုင်နှုန်း ၆၀ ရှိခဲ့သည်။ပြည်သူ့လွှတ်တော် အစီရင်ခံစာအရ နိုင်ငံ၏ အရအသုံးစာရင်းတွင် အသုံးက များနေပြီး “အရ” က နည်းနေသည်။ ဘတ်ဂျက်လို ငွေကွာဟမှု အလွန်အမင်း များပြားနေချိန်တွင် လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားများအား တိုးမြှင့်ပြင်ဆင် သတ်မှတ်ပေးခဲ့သည်။ မြန်မာကျပ်ငွေတန်ဖိုး တရိပ်ရိပ် ကျဆင်းနေသည့် အနေအထားတွင် တိုးမြှင့်သတ်မှတ်ပေးခဲ့သည့် လစာဝင်ငွေပမာဏမှာ ယခုတော့ ဘာမျှမထိရောက်တော့ပါ။ နိုင်ငံအတွက် အဆိုးရွားဆုံး ကျရောက်လာသည့် ကံကြမ္မာတစ်ခုက ယခုနှစ်တွင် ကြုံတွေ့လိုက်ရသည့် “ရေဘေး” အန္တရာယ်ဖြစ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုကို ထိခိုက်စေခဲ့သည့် ရေဘေးဒုက္ခ၏ အကျိုးဆက်က နိုင်ငံစီးပွားရေးကို ဆက်လက်ရိုက်ခတ်နေဦးမည် ဖြစ်သည်။ယခုရက်ပိုင်းအတွင်း တရုတ်က သူ၏ ငွေတန်ဖိုးကို ရုတ်တရက် ချပစ်လိုက်သည်။ တရုတ်စီးပွားရေးက ယခုနှစ်အတွင်း တန့်နေသည်။ တရုတ်ငွေ “ယွမ်” မာနေသဖြင့် တရုတ်အစိုးရက စီးပွားရေးလှုပ်လာဖို့ ယွမ်တန်ဖိုး ရုတ်တရက် ချပစ်ရာမှ အာရှတစ်လွှား ရိုက်ခတ်မှုဖြစ်ခဲ့သည်။ စတော့ရှယ်ယာဈေးနှုန်းတွေ ကျဆင်းကုန်သည်။ တရုတ်အစိုးရက နှေးနေသော တရုတ်စီးပွားရေးအင်ဂျင်ကို ပြန်နှိုးဖို့ သူတို့ငွေဈေးကို ချလိုက်ခြင်းဖြစ်သည်။ သူတို့မှာ မဟာဗျူဟာရှိသည်။ ကျွန်တော်တို့အနေနှင့်ရော တရိပ်ရိပ် ကျဆင်းနေသည့် “ကျပ်ငွေ” တန်ဖိုးနှင့် မြင့်မားလာနေသော ငွေကြေးဖောင်းပွမှုကို ကုစားဖို့ မဟာဗျူဟာတွေ ရှိနေပါပြီလား။အစစ်အဆေး အတားအဆီးမရှိ ဘတ်ဂျက်သုံးစွဲမှု၊ ဘတ်ဂျက်တောင်းခံမှုများ၊ “ဆန်မရှိ၊ အစားကြီး” ဆိုသလို ဝင်ငွေနှင့် သုံးစွဲငွေ မမျှမတဖြစ်နေမှုများကို နောက်ဆုံး ခါးစည်းခံရသည်မှာ “ပြည်သူ” တွေပဲဖြစ်သည်။ နိုင်ငံအုပ်ချုပ်သူများအနေဖြင့် စိုးရိမ်ရေမှတ် ရောက်နေသော “ငွေကြေးဖောင်းပွမှု” နှင့် “ကုန်ဈေးနှုန်းကြီးမြင့်မှု” များကို ဒီအတိုင်း လျစ်လျူရှုမနေဖို့ တိုက်တွန်းလိုက်ရပါသည်။










