ကျား-မ ရေးရာလို့ ဘာသာပြန်ကြတဲ့ ဂျန်ဒါ (Gender) သင်တန်းတစ်ခုကို လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က ကျွန်မ ဘေးက ထိုင်ကြည့်ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ သင်တန်းပို့ချသူက သင်တန်းတက်သူတွေကို ဉာဏ်စမ်းလေးတစ်ပုဒ် မေးပါတယ်။‘အဖေနဲ့ သားက ကားတစ်စီးထဲမှာ အတူပါလာကြတယ်။ လမ်းမှာ ယာဉ်တိုက်မှုဖြစ်တော့ အဖေဖြစ်သူက အဲဒီနေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်။ သားက ခေါင်းမှာ ဒဏ်ရာရပြီး သတိလစ်သွားတယ်။ ဆေးရုံက အရေးပေါ်ဌာနကို ရောက်တော့ ခေါင်းကို ခွဲစိတ်ရမယ့် အနေအထားမှာ ရှိနေတယ်။ ခွဲခန်းထဲသွင်းပြီး ခွဲဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေချိန်မှာ ဦးနှောက်ခွဲစိတ် အထူးကုဆရာဝန်ကြီး ခွဲခန်းထဲ ဝင်လာတယ်။ သူက လူနာကိုကြည့်ပြီး အခုလို ပြောလိုက်တယ်။ “ဒါ ငါ့သား ငါခွဲလို့ မဖြစ်ဘူး” တဲ့။ “အဲဒီ ဦးနှောက်ခွဲစိတ် အထူးကုဆရာဝန်ကြီးက ဘယ်သူလဲ” “သူ့ အဖေပေါ့”သင်တန်းတက်သူတွေထဲက အသံထွက်လာပါတယ်။ သင်တန်းပို့ချသူက အဖေက ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ပြန်သတိပေးပါတယ်။ သင်တန်းတစ်ခုလုံး အတန်ကြာအောင် တိတ်ဆိတ်နေကြပါတယ်။ အဖြေကိုရှာလို့ မရကြပါဘူး။ ဘယ်သူလဲ ... ဘယ်သူ ဖြစ်မလဲ။ မသိတော့ဘူးဟာ စသဖြင့် ပွစိပွစိ အသံတိုးတိုးလေးတွေကိုတော့ ကြားရပါတယ်။စာဖတ်သူရော၊ အဲဒါ ဘယ်သူလို့ ထင်ပါသလဲ။ ဟုတ်ပါတယ်။ အမေပါ။ ဦးနှောက်ခွဲစိတ်တဲ့ အထူးကုဆရာဝန် တစ်ဦးဟာ အမျိုးသမီးတစ်ဦး၊ အထူးသဖြင့် မိခင်တစ်ယောက် ဖြစ်နိုင်တယ် ဆိုတာကို မြင်နိုင်ဖို့ ဘာကြောင့် အလွန်ခက်ခဲကြပါသလဲ။ ကျွန်မတို့ အနီးအနားမှာ မြင်နေတွေ့နေကျ မဟုတ်လို့ ပြီးတော့ မသိစိတ်တွေထဲက ဘက်လိုက်ဆုံးဖြတ်ထားပြီးသား အချက်တွေကြောင့် ဖြစ်မယ်လို့ ယူဆရပါတယ်။ကျွန်မတို့ လူမှန်းသိတတ်စ အရွယ်ကတည်းက ဖြတ်သန်းလာရတဲ့ ပတ်ဝန်းကျင် အခြေအနေတွေက သင်ပေးခဲ့တာတွေကြောင့် အမျိုးသမီးတွေကို အထင်သေးလေ့ရှိပြီး၊ အမျိုးသားတွေကို အထင်ကြီးလေ့ ရှိကြပါတယ်။ ဒါက အမျိုးသမီးတွေ ကိုယ်တိုင်ကိုက ဖြစ်တတ်တာပါ။ အချို့သော အရည်အချင်းတွေက အမျိုးသမီးတွေမှာ မရှိဘူး။ ဒါမှမဟုတ် အားနည်းတယ်လို့ စွဲလမ်းယုံကြည်မှုတွေလည်း ရှိကြပါတယ်။ ဥပမာ - အမျိုးသမီးတွေက သင်္ချာညံ့တယ်လို့ ယုံကြတာမျိုးကို တော်တဲ့ အမျိုးသမီး သင်္ချာဆရာမ သင်ပေးတဲ့ အတန်းမျိုး တက်ခွင့်ရမှ အမြင်ပြောင်းသွားတယ် ဆိုတာမျိုး ကြားဖူးပါတယ်။ ဒါပေမဲ့ အဲဒီ အခြေအနေမှာပဲ ဒီဆရာမကသာ ထူးပြီး တော်တာ၊ အမျိုးသမီးအများစုက သင်္ချာမတော်ဘူးလို့ ဆက်ထင်နေတာမျိုးတွေလည်း ရှိနိုင်ပါသေးတယ်။ ဘယ်အလုပ်တွေက အမျိုးသမီးတွေနဲ့ မသင့်တော်ဘူး၊ ဘယ်အလုပ်တွေကတော့ အမျိုးသမီးတွေ လုပ်လို့ မအောင်မြင်နိုင်ဘူးဆိုတဲ့ ထင်မြင်ယူဆမှု၊ သတ်မှတ်မှုတွေက အဲဒီ စွဲလမ်းယုံကြည်မှုတွေကနေ ဖြစ်ပေါ်လာကြတာပါ။ပိုမိုခက်ခဲစေတာက ယောက်ျားတွေမှာ မွေးရာပါ ‘ဘုန်း’ ဆိုတဲ့အရာ ရှိတယ်ဆိုတဲ့ ယုံကြည်မှုပါ။ အဲဒီယုံကြည်မှုက အမျိုးသမီးတွေကို ပိုမိုနိမ့်ကျသူတွေလို့ အလိုလို ယူဆစေပြီးသား ဖြစ်သွားပါတယ်။ အဲဒီလို အကြောင်းပေါင်းများစွာကြောင့် လူ့အဖွဲ့အစည်းတွေက အမျိုးသမီးတွေအပေါ်မှာ မျှော်လင့်ချက်တစ်မျိုး ထားကြပြီး အမျိုးသားတွေအပေါ်မှာ မျှော်လင့်ချက်တစ်မျိုး ထားကြပါတယ်။ မတူညီတဲ့ မျှော်လင့်ချက်တွေက ဆင့်ပွားဖြစ်ပေါ်လာတဲ့ အရာတွေကနေ အမျိုးသမီးတွေအတွက် သာမက၊ အမျိုးသားတွေနဲ့ လူ့အဖွဲ့အစည်းတွေ အတွက်ပါ အပျက်သဘော သက်ရောက်မှု အများအပြား ကြုံတွေ့လာရတဲ့အတွက် ကျား-မ ရေးရာ တန်းတူညီမျှရေး (Gender Equality) ဆိုတာကို စဉ်းစားလာ၊ ပြောလာ၊ ထည့်သွင်းဆောင်ရွက်လာကြတာ ဖြစ်ပါတယ်။ကျား-မရေးရာ တန်းတူညီမျှရေးဆို လိုက်တာနဲ့ လတ်တလော သတင်းတွေထဲမှာ ပါနေတဲ့ နယူးယောက်က အမျိုးသမီးတွေ အပေါ်ပိုင်းဗလာနဲ့ ချီတက်ဆန္ဒပြတာကိုပဲ ပြေးမြင်ကြမှာကို စိုးရိမ်ပါတယ်။ အဲဒီထက် ပိုမိုအခြေခံကျတဲ့၊ နက်ရှိုင်းတဲ့ အရာတွေ အများကြီးရှိကြောင်းကို ယနေ့ခေတ်မှာ ပြောနေ၊ ရေးနေသူတွေ ရှိပြီးသားမို့ အထူးအကျယ် မချဲ့တော့ပါဘူး။ ဒီဆောင်းပါးကို ကျား-မ ရေးရာကို နားလည်ဖို့ ခက်ခဲနေဆဲသူတွေအတွက် မိတ်ဆက်သဘောလေးပဲ ရေးတာမို့ နန်စီအာစမစ် (Nancy R.Smith) ရဲ့အမျိုးသမီး တစ်ယောက်တိုင်းအတွက် (For Every Woman) ဆိုတဲ့ ကဗျာကလေးနဲ့ဲ နိဂုံးချုပ် ရပ်တန့်ချင်ပါတယ်။ ကဗျာမူကွဲ အနည်းငယ်ရှိတဲ့ အထဲမှာ Gender and Disaster Network ရဲ့ အင်တာနက်စာမျက်နှာက မူကွဲက မူရင်းဖြစ်တယ်လို့ ဆိုတာကြောင့် အဲဒီမူကွဲကိုပဲ ဆီလျော်အောင် ပြန်ဆိုပေးလိုက်ပါတယ်။အမျိုးသမီးတစ်ယောက်တိုင်းအတွက်■ သန်စွမ်းပေမယ့်၊ အားနည်းယောင်ဆောင်ရတာကို စိတ်ပျက်နေတဲ့ အမျိုးသမီး တစ်ယောက်တိုင်းအတွက် ထိခိုက်ခံစားလွယ်တဲ့ ကာလတွေမှာ သန်မာယောင်ဆောင်ရတာကို စိတ်ကုန်နေတဲ့ အမျိုးသားတစ်ယောက် ရှိပါတယ်။■ ထုံအယောင်ဆောင်ရတာကို စိတ်ပျက်နေတဲ့ အမျိုးသမီးတစ်ယောက်တိုင်းအတွက် အရာရာသိမယ့်သူလို့ အစဉ်တစ်စိုက် မျှော်လင့်ခံရတဲ့ ဖိစီးမှုတွေနဲ့ အမျိုးသားတစ်ယောက် ရှိပါတယ်။■ ‘စိတ်လှုပ်ရှားလွယ်တဲ့ မိန်းမ’ လို့ ခေါ်ဝေါ်သတ်မှတ်မှုတွေကို စိတ်ပျက်နေတဲ့ အမျိုးသမီးတစ်ယောက်တိုင်းအတွက် ငိုကြွေးခွင့်၊ ညင်သာခွင့်တွေကို ငြင်းပယ်ခြင်းခံနေရတဲ့ အမျိုးသားတစ်ယောက် ရှိပါတယ်။■ ယှဉ်ပြိုင်မှုပြုတိုင်းမှာ မိန်းမ မပီသဘူးလို့ အပြောခံရတဲ့ အမျိုးသမီးတစ်ယောက်တိုင်းအတွက် ယှဉ်ပြိုင်မှုကသာ ယောက်ျားပီသကြောင်းပြဖို့ တစ်ခုတည်းသော နည်းလမ်းလို့ ကြုံတွေ့နေရတဲ့ အမျိုးသားတစ်ယောက် ရှိပါတယ်။■ လိင်မှုဆိုင်ရာ အဖြည့်ခံပစ္စည်းလို အသုံးချခံရတာကို စိတ်ပျက်နေတဲ့ အမျိုးသမီးတစ်ယောက်တိုင်းအတွက် လိင်မှုဆိုင်ရာ စွမ်းဆောင်နိုင်မှုအတွက် ပူပန်သောက ရောက်နေရတဲ့ အမျိုးသားတစ်ယောက် ရှိပါတယ်။■ သားသမီးတွေနဲ့ ချည်နှောင်မှုကို ခံစားနေရတဲ့ အမျိုးသမီး တစ်ယောက်တိုင်းအတွက် မျှဝေအုပ်ထိန်းခြင်းရဲ့ နှစ်သက်မှုကို အပြည့်အ၀ မရရှိတဲ့ အမျိုးသားတစ်ယောက် ရှိပါတယ်။■ အဓိပ္ပာယ်ရှိတဲ့ အလုပ်ရခွင့်၊ တန်းတူညီမျှ လုပ်ခခံစားခွင့်တွေကို ငြင်းပယ်ခံနေရတဲ့ အမျိုးသမီးတစ်ယောက်တိုင်းအတွက် အခြားလူသားတစ်ဦးရဲ့ ကုန်ကျစရိတ်တွေကို အလုံးစုံ တာဝန်ယူထားရတဲ့ အမျိုးသားတစ်ယောက် ရှိပါတယ်။■ ယာဉ်တစ်စီးရဲ့ ရှုပ်ထွေးမှုအကြောင်းကို သင်ကြားခွင့်မရတဲ့ အမျိုးသမီးတစ်ယောက်တိုင်းအတွက် ချက်ပြုတ်ခြင်းရဲ့ ကျေနပ်စရာတွေကို သင်ကြားခွင့်မရတဲ့ အမျိုးသားတစ်ယောက် ရှိပါတယ်။■ မိမိလွတ်မြောက်ရေးအတွက် ခြေတစ်လှမ်းတိုးထွက်လာတဲ့ အမျိုးသမီးတစ်ယောက်တိုင်းအတွက် မိမိလွတ်မြောက်မှု လမ်းကြောင်း အနည်းငယ် လွယ်ကူချောမွေ့လာတဲ့ အမျိုးသားတစ်ယောက် ရှိပါတယ်။နန်စီအာစမစ်(References: ဆရာမစန္ဒာသန့်၏ ပို့ချချက်၊ http://gdnonline.org/nancy-smith-poem.php)










