NCA လက်မှတ်ထိုးရေးနှင့် ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား အမြင်မတူ ဖြစ်နေပြီး အကြိတ်အနယ် ဆွေးနွေးနေရ၍ ချင်းမိုင်ထိပ်သီး အစည်းအဝေးကို ရက်ထပ်တိုး

NCA လက်မှတ်ထိုးရေးနှင့် ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား အမြင်မတူ ဖြစ်နေပြီး အကြိတ်အနယ် ဆွေးနွေးနေရ၍ ချင်းမိုင်ထိပ်သီး အစည်းအဝေးကို ရက်ထပ်တိုး
Published 24 August 2015
အောင်ဇော်ထွန်း

တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ထိုးရေးနှင့် ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား အမြင်မတူ ဖြစ်နေပြီး အကြိတ်အနယ် ဆွေးနွေးနေရ၍ ထိုင်းနိုင်ငံ ချင်းမိုင်၌ ပြုလုပ်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို သြဂုတ် ၂၄ ရက်တွင် ဆက်လက်ပြုလုပ်ရန် ရက်ထပ်တိုးခဲ့ကြောင်း သိရသည်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) အဖွဲ့၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို သြဂုတ် ၂၁ ရက်မှ သြဂုတ် ၂၃ ရက်အထိ ပြုလုပ်ရန် သတ်မှတ်ထားခြင်းဖြစ်သည်။SD အဖွဲ့ဝင် ပဒိုစောကွယ်ထူးဝင်းက “အစည်းအဝေးက မပြီးသေးဘူးဗျ။ ဆွေးနွေးမှုက အားကောင်းနေတာ အကြိတ်အနယ်ပဲ။ မပြီးသေးတဲ့အတွက်ကြောင့် မနက်ဖြန်တစ်ရက် အချိန်ထပ်ယူရမယ်။ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးနိုင်ဖို့အတွက် နောက်ဆုံးအပြီး သတ်ညှိနှိုင်းခဲ့တာ ဖြစ်တဲ့အတွက် အကျေအလည် ဆွေးနွေးနေရတာပေါ့။ ကျွန်တော်တို့ အခုက NCA မှာကျတော့ အကုန်လုံးညှိပြီးလို့ရှိရင် လက်မှတ်ရေးထိုးကြမှာပေါ့။ အချို့အဖွဲ့တွေကျတော့ အကုန်လုံးပါမှ ထိုးမယ်ဆိုတဲ့ သဘောထား ရှိပေမယ့် အကုန်လုံးပါဝင်ရေးမူကို ကိုင်ဆွဲပြီး နည်းလမ်းရှာကြမယ်ဆိုတဲ့ အဖွဲ့တွေ ပိုများပါတယ်။ နည်းလမ်းဆိုတာကတော့ အကုန်လုံးပါဝင်ရေးမူကို ကိုင်မယ်။ ပြီးတော့ ဖြစ်နိုင်ခြေက စထိုးပြီးတော့ ဆွေးနွေးဖို့ပါ” ဟု သြဂုတ် ၂၃ ရက်က ပြောကြားသည်။အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လုပ်ဆောင်ရန် နှစ်ဖက်ကိုယ်စားလှယ်များအကြား နှစ်နှစ်နီးပါးအကြာ ညှိနှိုင်းပြီးနောက် ၂၀၁၅ ခုနှစ် သြဂုတ်လဆန်းပိုင်းတွင် အပစ်ရပ်စာချုပ်ကို အပြီးသတ်ရေးဆွဲနိုင်ခဲ့သည်။ သို့ရာတွင် စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးမည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိစ္စနှင့် ပတ်သက်ပြီး နှစ်ဖက်အဆင့်အမြင့်ဆုံး ခေါင်းဆောင်များ ညှိနှိုင်းရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဘက်က အဆိုပြုခဲ့ရာ သြဂုတ် ၂၅ ရက် ဝန်းကျင်တွင် တွေ့ဆုံရန် စီစဉ်ထားသော်လည်း သြဂုတ် ၂၃ ရက် ညပိုင်းအထိ တိုင်းရင်းသားအဖွဲ့များဘက်က ကိုယ်စားပြုတွေ့ဆုံမည့် ပုဂ္ဂိုလ်များ အမည်စာရင်းကို အစိုးရထံသို့ ပေးပို့ထားခြင်း မရှိသေးကြောင်း သိရသည်။အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့၏ အလုပ်အဖွဲ့ဖြစ်သော Myanmar Peace Center မှ ဦးလှမောင်ရွှေက “တိုင်းရင်းသားတွေဘက်က အမည်စာရင်းပေးပို့မှုကို ဝန်ကြီးဦးအောင်မင်းဘက်က သြဂုတ် ၇ ရက် အစည်းအဝေးကတည်းက ဒါကို ပြောထားတယ်။ တိုင်းရင်းသားတွေဘက်က ပေးပို့လာရင် သူ့အနေနဲ့ ဆက်ပြီးတော့ စီစဉ်ဆောင်ရွက်ပေးဖို့  စောင့်ဆိုင်းနေတယ်။ အခုထိတော့ ပေးပို့လာခြင်း မရှိသေးပါဘူး” ဟုဆိုသည်။လတ်တလောတွင် NCA ကို အစိုးရနှင့် လက်မှတ်ရေးထိုးမည်ဟု ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု တပ်မတော် (DKBA) KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့က ပူးတွဲကြေညာထားကြောင်း သိရသည်။

Most Read

Most Recent