မီဒီယာတွင် ဖြေကြားခြင်း၊ ဆွေးနွေးဟောပြောခြင်းများ မပြုလုပ်ရန် ကိုယ်စားလှယ်လောင်းများအား NLD တားမြစ်

မီဒီယာတွင် ဖြေကြားခြင်း၊ ဆွေးနွေးဟောပြောခြင်းများ မပြုလုပ်ရန် ကိုယ်စားလှယ်လောင်းများအား NLD တားမြစ်
Published 22 August 2015
ဇာလီမြင့်ဦး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်းများအနေဖြင့် မီဒီယာများတွင် ဖြေကြားခြင်း၊ ဆွေးနွေးဟောပြောခြင်းများ မပြုလုပ်ရန် တားမြစ်ကြောင်း ကြေညာချက်တစ်ရပ်ကို ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့က သြဂုတ်၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
 
အဆိုပါကြေညာချက်တွင် ၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အဆင့်ဆင့်၏ မဲဆန္ဒနယ်အသီးသီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု၍ ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက်  ကိုယ်စားလှယ်လောင်းတို့ကို ရွေးချယ်လျက် မိမိတို့ သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများတွင်  စာရင်းတင်သွင်းစေခဲ့ပြီးဖြစ်ကြောင်းနှင့် ကိုယ်စားလှယ်လောင်းများအား စိစစ်ခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက်လျက်ရှိနေပြီး မကြာမီတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက အတည်ပြု ကြေညာတော့မည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။ 
 
ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြု ရွေးချယ်ရ န်တာဝန်ပေးအပ်ထားသော ကိုယ်စားလှယ်လောင်းများသည်  ထုတ်ပြန်ပြဋ္ဌာန်းထားသည့် မဲဆွယ်စည်းရုံးရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် သဘောတူညီထားသော ကျင့်ဝတ်များကို တိကျစွာလိုက်နာရန် လိုအပ်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။ 
 
ထို့ကြောင့် ကိုယ်စားလှယ်လောင်းများသည် ရေဒီယိုရုပ်မြင်သံကြား၊ စာနယ်ဇင်းများ၊ အခြားသော သတင်းမီဒီယာများနှင့် ပြင်ပဟောပြောပွဲများတွင် ပုဂ္ဂလိက သဘောဖြင့် လည်းကောင်း၊ အဖွဲ့ချုပ်ကိုယ်စားပြု၍သော် လည်းကောင်း ဟောပြောခြင်း အပြန်အလှန်ဆွေးနွေးခြင်း၊ အင်တာဗျူးလုပ်ခြင်း၊ ပြင်ပဆွေးနွေးပွဲများတွင်  ပင်တိုင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခြင်းစသည်တို့ကို မပြုလုပ်ကြရန် တားမြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ 
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က မဲဆန္ဒနယ် ၁၁၇၁ နေရာအနက် ၁၁၃၈ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူများက ပြောကြားသည်။
 
NLD ကပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀ အနက် ၃၁၉ နေရာတွင် လည်းကောင်း၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နေရာ အနက် ၁၆၆ နေရာတွင် လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၆၄၄ နေရာအနက် ၆၂၄ နေရာတွင် လည်းကောင်း၊ တိုင်းရင်းသားလူမျိုးကိုယ်စားလှယ် (တိုင်းရင်းသားရေးရာဝန်ကြီး)၂၉နေရာအနက် ၂၉ နေရာစလုံးတွင် ဝင်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။   
 
NLD ပါတီ ကိုယ်စားပြုဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းအများစုမှာ ဒေသခံများဖြစ်ကြောင်းလည်း သိရသည်။  
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် အဖွဲ့ ၁၅ ဦးရှိရာ လာမည့် ရွေးကောက်ပွဲတွင် ၁၁ ဦးသာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ 
 
၂၀၁၅ ရွေးကောက်ပွဲများကို နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။