အာဆီယံ ယူ-၁၆ ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြန်မာအသင်း ထိုင်းကို ရှုံးနိမ့်ပြီး ဒုတိယသာ ရရှိ

အာဆီယံ ယူ-၁၆ ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြန်မာအသင်း ထိုင်းကို ရှုံးနိမ့်ပြီး ဒုတိယသာ ရရှိ
Published 10 August 2015

အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ တတိယ နေရာလုပွဲနှင့် ဗိုလ်လုပွဲကို သြဂုတ် ၉ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ အိုလံပစ်ကွင်းတွင် ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းမှာ ထိုင်းအသင်းကို (၃-ဝ) ဂိုးဖြင့် ရှုံးနိမ့်ပြီး ဒုတိယဆုဖြင့်သာ ကျေနပ်ခဲ့ရကြောင်း သိရသည်။ ဗိုလ်လုပွဲတွင် ထိုင်းအသင်းက မြန်မာအသင်းကို (၃-ဝ) ဂိုး၊ တတိယနေရာလုပွဲတွင် သြစတြေးလျအသင်းက လာအို အသင်းကို (၁၀-၂) ဂိုးတို့ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။မြန်မာအသင်းသည် ပွဲအစပိုင်းတွင် ထိုင်းအသင်းဘက်သို့ ဖိအားပေး ကစားနိုင်ခဲ့သော်လည်း ဂိုးရရှိနိုင်သည့် အခွင့်အရေးများကို အသုံးချနိုင်ခဲ့ခြင်း မရှိပေ။ မိနစ် ၂၀ နောက်ပိုင်းတွင် ထိုင်းအသင်း ကစားပုံကောင်းလာခဲ့ပြီး မြန်မာနောက်တန်းမှာ စိုးရိမ်စိတ်များနေသောကြောင့် ထိုင်းအသင်း အခွင့်အရေးများ ရရှိခဲ့သည်။ ၄၁ မိနစ်တွင် ထိုင်းအသင်း အဖွင့်ဂိုးရခဲ့ပြီး ထောင့်ကန်ဘောမှတစ်ဆင့် ဆစ်တီရတ်က ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် မြန်မာအသင်းကစားပုံမှာ ပထမပိုင်းလောက်ပင် ကောင်းမွန်ခြင်း မရှိတော့ဘဲ ထိုင်းအသင်းက ပွဲကို စိုးမိုးကစားသွားခဲ့သည်။ မိနစ် ၈၀ တွင် ထောင့်ကန်ဘောမှတစ်ဆင့် နာသာပေါင်က ခေါင်းတိုက်ကာ ဒုတိယဂိုးသွင်းယူခဲ့ပြီး တတိယဂိုးကို ၈၂ မိနစ်တွင် ရူဆာမီက သွင်းယူခဲ့သည်။ ထိုင်းအသင်းမှာ ချန်ပီယံဆုကို သုံးကြိမ်မြောက် ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲ၏ အအောင်မြင်ဆုံးအသင်း ဖြစ်လာခဲ့သည်။မြန်မာအသင်းမှာ ဗိုလ်လုပွဲသို့ တတိယအကြိမ်မြောက် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ဗိုလ်လုပွဲအဆင့်၌ ပထမဆုံးအကြိမ် ရှုံးပွဲကြုံတွေ့ခဲ့ခြင်းလည်းဖြစ်သည်။ မြန်မာအသင်းသည် ယခုပြိုင်ပွဲတွင် ဒုတိယဆုအပြင် အသန့်ရှင်းဆုံး အသင်းဆုကိုလည်း ရရှိခဲ့ပြီး ပထမဆုကို ထိုင်း၊ တတိယဆုကို သြစတြေးလျအသင်းတို့က ရရှိခဲ့သည်။