“ဒီလိုဇာတ်ကားမျိုးတွေ လာရိုက်နေတာ ကျွန်မတော့ ဒေသခံတစ်ယောက်အနေနဲ့ သဘောမကျဘူး”တစ်နေ့က ပုဂံ လက်ဖက်ရည်ဆိုင်မှာ ပုဂံမြို့သူတစ်ဦး ဘုရားကျွန် ဇာတ်လမ်းတွေနဲ့ ပတ်သက်ပြီး ရင်ဖွင့်လိုက်တဲ့စကားပါ။ယခုနောက်ပိုင်း ဘုရားကျွန်အကြောင်းပြုပြီး ရေးသားဖော်ပြလာတာ တော်တော်များများ တွေ့လာရတယ်။ ဒီနေရာမှာ ကျွန်တော့်အနေနဲ့ ပြောပြချင်တာက ပုဂံခေတ်က ဘုရားကျွန်ဆိုတာ ဘယ်လိုအဓိပ္ပာယ်မျိုးနဲ့ သတ်မှတ်ခေါ်ဝေါ် သုံးစွဲခဲ့တယ်။ ဘယ်လို လူတန်းစားမျိုးဖြစ်တယ်ဆိုတာကို ပညာရှင်တွေ မှတ်သားခဲ့တဲ့ သမိုင်းမှတ်တမ်းတွေထဲကနေ ထုတ်နုတ်ကိုးကားပြီး ပြောပြချင်တာပါပဲ။“ကျွန်”ဆိုတာ ပုဂံခေတ်က “ကျာန်”ဆို တဲ့ ဝေါဟာရက ဆင်းသက်လာတာပါ။ နျှိမ်ချသုံးနှုန်းတဲ့ သဘောမျိုးမဟုတ်ဘဲ အမှုထမ်းခြင်း၊ အလုပ်အကျွေးပြုခြင်းဆိုတဲ့ သဘောမျိုးပါ။ ကျွန်တော်၊ ကျွန်မ ၊ ကျွနု်ပ်စတာတွေဟာ “ကျွန်”ဆိုတဲ့ ဝေါဟာရကနေဖြစ်တည်လာတယ်လို့ ပညာရှင်တွေ သုံးသပ်ခဲ့တာရှိပါတယ်။ပုဂံခေတ်မှာ ကျွန်အမျိုးအစား အမျိုးမျိုး ရှိပါတယ်။ - တရားဆောင်ဆို၍ရသော ကျွန် (တရားရှုံး၍ခံရသော ကျွန်) - ငွေနှင့်ဝယ်သောကျွန် - ကျွန်ကမွေးဖွားသောကျွန် - မိလာ ဖလာ အိမ်ပေါက် အစဉ်ကျွန် - သုံ့ကျွန် - ဖမ်းရကျွန် - လက်ရကျွန် - လက်ဆောင်ရကျွန် - ထင်းမင်းကျွေးခနှင့်ရသောကျွန် - ပေါင်သေကျွန် - ပေါင်ရှင်ကျွန် - ပေါင်သွင်းကျွန် - ကျွန်မြဲ (ကျွန်အဖြစ်မှ လွတ်ပါသော်လည်း ထွက်ခွာမသွားတဲ့ ကျွန်) - ကျွန်ပြန်(ကျွန်အဖြစ်မှ လွတ်ပါလျက် ပြန်လာသော ကျွန်) - ကျွန်ဆက်(သခင်ရင်းက ကျွန်အဖြစ်မှ လွှတ်ပါလျက် သခင်ရဲ့သားသမီးထံ ကျွန် ပြန်ခံသောကျွန်)ကျွန်အမျိုးအစားတွေများလိုက်တာမှ သမီးကို လိုချင်လို့ ယောက္ခမလောင်းဆီမှာ ကျွန်အဖြစ်ခံယူတဲ့ ကျွန်အမျိုးအစားတောင် ရှိသတဲ့။ ပုဂံခေတ်မှာ ကျွန်အမျိးမျိုးရှိပေမယ့် ယေဘုယျအားဖြင့်တော့ နှစ်မျိုးနှစ်စားရှိတာ တွေ့ရပါတယ်။ အဲ့ဒါက- - လောကီကျွန်နဲ့ - လောကုတ္တရာကျွန်ပါ။လောကုတ္တရာကျွန်ကို “ကျွန်သီးတော်” လို့ ခေါ်ပါတယ်။ ကျွန်သီးတော်မှာ သုံးမျိုး သုံးစား ရှိပါတယ်။ - ဘုရားကျွန် - ပိဋကတ်ကျွန် နဲ့ - ကျောင်းကျွန် ပါ။ပုဂံခေတ်က ဘုရားတွေ၊ ကျောင်းတွေ ဆောက်လုပ်လှူဒါန်းခဲ့ကြတယ်။ လှူတဲ့အခါ ဘုရားမှာ၊ ကျောင်းမှာ ဝေယျာဝစ္စလုပ်ဖို့၊ ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်းကပ်လှူဖို့၊ တူရိယာတွေ နဲ့ တီးမှုတ်ပူဇော်ဖို့၊ ဘုရားကျောင်းတွေ ရေရှည်တည်တံ့အောင် ထိန်းသိမ်းသွားနိုင်ဖို့ ဘုရားကျွန်၊ ကျောင်းကျွန်ဆိုတာတွေ ထားရှိ လှူဒါန်းခဲ့ကြတယ်။ ဘုရားတွေ၊ ကျောင်းတွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့အခါမှာလည်း လိုအပ်တာသုံးစွဲနိုင်ဖို့ ထန်းတောတွေ၊ လယ်ပယ်တွေပါ အမြော်အမြင်ကြီးစွာနဲ့ လှူဒါန်းခဲ့ကြတာပါ။“သင်ကြီးအဘိနန္ဒသူ အမည်ငကြီး ကိုယ်လှူ၏။ မယားကိုလည်း လှူ၏။ သမီးကြီးကိုလည်း လှူ၏။ သမီးငယ် မောင်းမကိုလည်း လှူ၏။”တိုင်းချွတ်ဘုရားကျောက်စာပါ။ အဲ့ဒီ ကျောက်စာဟာ ပုဂံခေတ်၊ နရပတိစည်သူမင်းလက်ထက် အမှုတော် ထမ်းရွက်ခဲ့တဲ့ အမတ်ကြီး အဘိနန္ဒသူရေးထိုးခဲ့တဲ့ ကျောက်စာပါ။ တိုင်းချွတ်ဘုရားကို ရွှေသင်္ကန်းကပ်လှူ ဒါန်းပြီး မိမိကိုယ်တိုင်ရော၊ ဇနီးနဲ့ သားသမီးများကိုပါ ဘုရားကျွန်အဖြစ် လှူဒါန်းခဲ့တဲ့ ဖြစ်စဉ်တစ်ခုပါ။ အဲဒီ လှူဒါန်းမှုမျိုး အများအပြားရှိပါတယ်။ အထူးသဖြင့် ရမက်ကျွန်၊ တဏှာကျွန်အဖြစ် က လွတ်မြောက်လိုသူတွေဟာ ဘုရားကျွန်အဖြစ် မိမိကိုယ်ကိုယ် ကျေကျေနပ်နပ်ကြီး ခံယူခဲ့ကြတာ တွေ့ရပါတယ်။“သံထုံမနုဟာမင်းကိုလည်း သားမယား အခြွေအရံနှင့်တကွ ကောင်းမှုတော် ရွှေစည်းခုံဘုရားမှာ လှူတော်မူ၍ အကြီးပြုရ၏” ဆိုပြီး မဟာရာဇဝင်ကြီးထဲမှာ ဘုရင်အနော်ရထာဟာ မနုဟာမင်းရဲ့လက်တော်ကို ကိုင်ပြီး ရွှေစည်းခုံဘုရားမှာ လှူဒါန်းခဲ့တယ်လို့ဆိုတော့ အနော်ရထာလို အမြော်အမြင်ကြီးမားတဲ့ မင်းတစ်ပါးက အခြား ထီးဆောင်းမင်းတစ်ပါးကို ဘုရားကျွန်အဖြစ် လှူဒါန်းခဲ့မှုဟာ ဖိနှိပ်၊ နှိမ်ချတဲ့သဘောမျိုးမဟုတ်ဘဲ ချီးမြှင့် မြှောက်စား၊ အရာထားတဲ့ သဘောမျိုးသာဖြစ်မယ်လို့ ယူဆရပါတယ်။ဘုရားကျွန်၊ ပိဋကတ်ကျွန်၊ ကျောင်းကျွန်ဆိုပြီးရှိရာမှာ ဘုရားကျွန်ဟာ အမြင့်မြတ်ဆုံးလို့ ပုဂံခေတ်က ယူဆခဲ့ပါတယ်။ ဒုတိယ အမြင့်မြတ်ဆုံးကတော့ ပိဋကတ်ကျွန်ပါ။ ပိဋကတ်ကျွန်ဆိုတာက စာတတ် (စတတ်)၊ ဂဏန်းသင်္ချာတတ်(ကနန်တတ်) ကျွန်တစ်နည်းအားဖြင့် ပိဋကတ်စာပေကူးယူဖို့၊ သင်ကြားတတ်မြောက်ဖို့တာဝန်ယူ ဆောင်ရွက်ရတဲ့ကျွန် ကိုခေါ်ပါတယ်။ ကျောင်းကျွန်က ဘုန်းတော်ကြီးကျောင်းတွေမှာ ဝေယျာဝစ္စ လုပ်ဖို့၊ ရေခပ်၊ တံမြက်လှည်းလုပ်ဖို့ တာဝန်အပ်နှင်းခံရတဲ့ ကျွန်ပါ။ သူကတော့ တတိယမြောက် အမြင့်မြတ်ဆုံး ကျွန်လို့ ဆိုပါတယ်။၁၉၅၆ ခုနှစ်က ထုတ်ဝေခဲ့တဲ့ သတင်းစာဆရာကြီး ဦးသိမ်းမောင်ရဲ့ ပုဂံခေတ် ယဉ်ကျေးမှုစာအုပ်ထဲမှာ ဘုရားကျွန်ဖြစ်ရခြင်းအကြောင်း အမျိုးမျိုးနဲ့ ပတ်သက်ပြီး-“ဘုရားကျွန်ဖြစ်ရခြင်း အကြောင်းအမျိုးမျိုးရှိရာ၌ ဘုရားကျွန် နှင့် လူရိုးရိုးအိမ်ထောင်ပြုသဖြင့် ဘုရားကျွန်ဖြစ်ရခြင်း၊ ၎င်းတို့မှ ပေါက်ဖွားသူလည်း ဘုရားကျွန်ဖြစ်ရခြင်း၊ ဘုရားကျွန်အချင်းချင်း ပေါင်းသင်းရရှိသော သားသမီးတို့ မိလိုက်ဘပါ ဘုရားကျွန်ဖြစ်ရခြင်းများလည်း ပါဝင်သည်။ ၎င်းတို့ လိုက်နာရမြဲ အစဉ်အလာ ထုံးတမ်းသည်လည်း ဘုရားကျွန်ဥပဒေတမျိုးကဲ့သို့ ဖြစ်ပေါ် တည်ရှိနေခဲ့ပေသည်။”လို့ ရေးသားခဲ့ပါတယ်။ဆရာကြီးရဲ့ စာထဲမှာပဲ ကျွန်သီးတော် အချင်းချင်း အကြောင်းပါရင် မြင့်ရာအတန်းဘက်ကို လိုက်ပါရတဲ့အကြောင်း၊ မြန်မာမင်းတွေလက်ထက်က ကျွန်သီးတော် သန်းခေါင်စာရင်းကို ဆယ်နှစ်တစ်ကြိမ်ကောက်ယူရတဲ့ ထုံးစံရှိတဲ့အကြောင်း၊ စစ်ထဲမလိုက်ရခြင်း၊ မင်းမှုမင်းခင်း စရိတ်အသေးအဖွဲခန့်ခွဲ ခြင်းမှ လွတ်ကင်းခြင်းစတဲ့ မင်းရေးစိုးခွင် လွတ်လပ်ခွင်တွေရခဲ့ကြပြီး၊ ကုန်းဘောင်ခေတ်မှာတော့ လူလိုတဲ့အခါ ကျွန်သီးတော်လည်း စစ်ထဲလိုက်ရတတ်တဲ့အကြောင်း၊ သဿမေဓ အခွန်ထမ်းရတဲ့ ကျွန်သီးတော်နဲ့ မထမ်းရတဲ့ ကျွန်သီးတော်ဆိုပြီးရှိလာတော့ သူတို့ဆီကရတဲ့ ငွေတော်ကို ကျောင်းကန်ဘုရားတွေ မှာ လှူဒါန်းဖို့အတွက်အခြားငွေတော်ထည့် တဲ့ အိတ်ဖြူနဲ့မထည့်ဘဲ အိတ်နီနဲ့ထည့်ပြီး သီးခြားထားတဲ့အကြောင်း မှတ်သားခဲ့ရတယ်။ပြီးတော့ ပုဂံခေတ် ကျောက်စာတွေကို လေ့လာရင် အလှူရှင်တွေဟာ သူတို့ရဲ့ အလှူမှတ်တမ်းတွေမှာ ကျွန်ဘယ်ရွေ့ဘယ်မျှကို လယ်ပယ်ဘယ်လောက်နဲ့အတူ လှူဒါန်းခဲ့တယ်လို့သာ ပါရှိပြီး၊ ဆုတောင်းစာ၊ ကျိန်စာတွေမှာ ကျွန်တွေကို ဆွေစဉ်မျိုးဆက်၊ ကမ္ဘာတည်သရွေ့ သူ့ရဲ့ကောင်းမှုဘုရား၊ ကျောင်း၊ ကန်ကို စောင့်ရှောက်ဖို့ ပျက်ကွက်ပါက ဘာဖြစ်ပါစေ၊ ညာဖြစ်ပါစေ ဆုတောင်းတာမျိုး မတွေ့ရဘူး။ သူ့ကောင်းမှုကို ဖျက်ဆီးသူကိုပဲ “ညောင်ဦးမှသည် သီရိပစ္စယာတိုင် မြေပုံလုံးမျှရှိသော ဘုရားအဆူဆူချွတ် မကျွတ်မလွတ်တဲ့ ငရဲငုတ်တို ဖြစ်ပါစေ” တို့၊ ဘာဖြစ်ပါစေတို့ကိုပဲ ရေးထိုးခဲ့တာ တွေ့ရတယ်။ လှူဒါန်းခဲ့တဲ့ ကျွန်တာဝန် မကျေက၊ ပျက်ကွက်ပါက ဘာဖြစ်ပါစေ၊ ညာဖြစ်ပါစေ ဆုတောင်းတာမျိုး မတွေ့ရဘူး။ သူတို့ကိုယ်စား ဘုရားမှာ ဝတ်ပြုဆုတောင်းမှုတွေ ဆောင်ရွက်မယ့်၊ ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးစတဲ့ ဝေယျာဝစ္စတွေကို ဆောင်ရွက်မယ့် ဘုရားကျွန်တွေကို ဘေးမသီ ရန်မခဖို့ ဆန္ဒပြု ရေးထိုးခဲ့တဲ့ ကျောက်စာတွေသာ ရှိသတဲ့။ပုဂံခေတ်ဆိုတာ နှစ်ပေါင်း ၉၀၀၊ ၁၀၀၀ ရှိခဲ့ပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၀၊ ၁၀၀၀ က အင်မတန်မှ မွန်မြတ်သန့်စင်တဲ့ လူတန်းစားတစ်ရပ်၊ မင်းစိုးရာဇာတွေကိုယ်တိုင် ရမက်ကျွန်၊ တဏှာကျွန်ဘဝက လွန်မြောက်ချင်လို့ ထီးနန်း၊ စည်းစိမ်၊ ရာထူး၊ အာဏာတွေစွန့်ပြီး မွန်မြတ်သန့်စင်တဲ့ ဘုရားကျွန်ဘဝကို ခံယူဆောက်တည်သွားခဲ့တဲ့ လူတန်းစားတစ်ရပ်။ စာပေ၊ ကျန်းဂန်တွေ ခိုင်ခိုင်လုံလုံ ရှိခဲ့တဲ့ ကြီးကျယ်မြင့်မြတ်တဲ့ လူတန်းစားတစ်ရပ် ဖြစ်ပါတယ်။ကျွန်တော်တို့တစ်တွေဟာ ခေတ်သစ်ပန်းတိုင် တစ်ခုဆီကို ချီတက်နေကြတဲ့ သူတွေပါ။ ရည်မှန်းချက်ပန်းတိုင်ဆီကို အရောက်လှမ်းဖို့ဆိုတာ ဆင်းရဲမွဲတေမှုတွေ ကင်းစင်ဖို့ လိုပါတယ်။ အသိဉာဏ်ပညာ ဆင်းရဲမှု၊ အကျင့်သီလ ဆင်းရဲမှု၊ ငွေကြေးဓနဥစ္စာ ဆင်းရဲမှု စတဲ့ ဆင်းရဲမွဲတေမှုတွေ ပပျောက်ပါမှ လိုရာခရီးကို ရောက်ရှိကြမှာပါ။ ဆင်းရဲမွဲတေမှုအားလုံး ကင်းဝေးပါစေ။စာကိုး-- သတင်းစာဆရာကြီး ဦးသိမ်းမောင်၏ ပုဂံ ခေတ်ယဉ်ကျေးမှု၊- ဆရာကြီးလှသမိန်၏ ပုဂံခေတ်မြင်ကွင်း ကျယ်။










