မဲစာရင်းတွင်ပါဝင်ရေး လာရောက်ကြည့်ရှုခြင်းမရှိဘဲ အမည်မပါဝင်မှုအား တင်ပြခြင်းမရှိပါက ကော်မရှင်မှ တာဝန်ယူနိုင်မည်မဟုတ်ဘဲ မဲပေးပိုင်ခွင့်အပေါ် တာဝန်ပျက်ကွက်မှုသည် ကာယကံရှင်၏အားနည်းချက်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကပြောကြားသည်။စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင်က ဇူလိုင် ၂၄ ရက်တွင်ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ မဲစာရင်းများအား ပြည်သူများလာရောက်ကြည့်ရှုစေရန် ယခုထက်ပို၍ နှိုးဆော်တိုက်တွန်းပေးရန်၊ နောက်ဆုံးမဲစာရင်းကပ်ချိန်ထိ အမှားများတွေ့ရှိနေကြ၍ မဲပေးခွင့်အခွင့်အရေးဆုံးရှုံးမည်ဆိုပါက ကော်မရှင်အနေဖြင့် တာဝန်ယူပေးရန်၊ ပြည်တွင်းရွှေ့ပြောင်းလုပ်သားများ၏ ရက်ပေါင်း ၁၈၀ ကျော်လွန်ခြင်းမရှိသေး၍ မိမိ၏မဲစာရင်းရှိရာဒေသသို့ မသွားရောက်နိုင်သည့် ငွေကြေးအခက်အခဲတစ်စုံတစ်ရာရှိပါက ကော်မရှင်အနေဖြင့် ဖြေလျှော့ပေးရန်၊ မြန်မာနိုင်ငံသားတစ်ယောက်သည် အကြောင်းတစ်ခုခုကြောင့် မဲပေးရန် အခွင့်အရေးဆုံးရှုံးသည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၁ (က) နှင့် ငြိစွန်းခြင်း ရှိ၊ မရှိနှင့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲတို့၏ မဲပေးပိုင်ခွင့်ကွဲလွဲချက်များကို သိရှိလိုကြောင်း မေးခွန်းမေးမြန်းမှုအား ဦးမြင့်နိုင်က ဖြေကြားခဲ့ခြင်းဖြစ်သည်။မဲစာရင်းကြည့်ရှုရေးနှင့်ပတ်သက်၍ လက်ရှိတွင် နိုင်ငံပိုင်သတင်းစာများ၊ ရုပ်သံလိုင်းများမှ တစ်ရက်သုံးလေးကြိမ်ခန့် နှိုးဆော်ပေးလျက်ရှိကြောင်း ဦးမြင့်နိုင်ကပြောကြားသည်။"သက်ဆိုင်ရာမဲဆန္ဒရှင်များက ကြည့်ရှုရန်တာဝန်ရှိပြီး ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်း၊ ကန့်ကွက်ခြင်းပြုလုပ်ရပါသည်။ မိမိအမည် ပါ/မပါ လာရောက်ကြည့်ရှုခြင်းလည်းမရှိ၊ မိမိ၏အမည်မပါလျှင် ဖြည့်စွက်ပေးရန် တင်ပြခြင်းလည်းမရှိမှုအပေါ် ရွေးကောက်ပွဲကော်မရှင်က တာဝန်ယူနိုင်ခြင်းရှိမည်မဟုတ်ပါ။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် အခွင့်အရေးအပေါ် တာဝန်ပျက်ကွက်မှုသည် ကာယကံရှင်၏ အားနည်းချွတ်ယွင်းချက်ကြောင့်သာjဖစ်ပါတယ်။ မဲစာရင်းများကပ်ထားကြေညာတဲ့အချိန်မှာ မဲဆန္ဒရှင်များအနေနဲ့ လာရောက်ကြည့်ရှုရန် တာဝန်ရှိကြောင်း ရွေးကောက်ပွဲနည်းဥပဒေများမှာ ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်" ဟု ဦးမြင့်နိုင်ကပြောကြားသည်။ထို့ပြင် မဲစာရင်း၌ အမှားအယွင်း ခြွင်းချက်တစ်စုံတစ်ရာပါနေသော်လည်း ရွေးကောက်ပွဲနည်းဥပဒေအရ ထိုသူသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအမှန်ဖြစ်ကြောင်း တာဝန်ခံပြောဆိုလာပါက ပြင်ဆင်ရေးမှတ်၍ ဆန္ဒမဲပေးပိုင်ခွင့်ပြုရမည်ဟု ပြဋ္ဌာန်းထားသဖြင့် မဲပေးပိုင်ခွင့်လုံးဝဆုံးရှုံးသွားရန် အကြောင်းမရှိကြောင်း ဦးမြင့်နိုင်ကဆိုသည်။ထို့အတူ ရက်ပေါင်း ၁၈၀ ကျော်လွန်ပြီး မဲဆန္ဒနယ်ပြင်ပရောက်ရှိနေသူများသည် ရောက်ရှိဒေသတွင် မဲပေးလိုပါက ပုံစံ (၃- က) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရေး တောင်းဆိုနိုင်သော်လည်း ရက်ပေါင်း ၁၈၀ ထက်နည်း၍ မဲဆန္ဒပြင်ပရောက်ရှိနေသူများသည် မဲစာရင်းရှိရာဒေသသို့သာ ပြန်လည်သွားရောက်မဲပေးရမည်ဖြစ်ကြောင်း နည်းဥပဒေတွင် ပြဋ္ဌာန်းသတ်မှတ်ချက်ဖြစ်သဖြင့် ကော်မရှင်အနေဖြင့် ဖြေလျှော့ပေးနိုင်ခြင်းမရှိကြောင်း ဦးမြင့်နိုင်ကပြောကြားသည်။ထို့နောက် ဦးမြင့်နိုင်က ၂၀၁၀ ရွေးကောက်ပွဲကျင်းပစဉ်က ဆန္ဒမဲပေးနိုင်ခွင့်ပုံစံနှင့် ယခု ၂၀၁၅ ရွေးကောက်ပွဲဆန္ဒမဲပေးပိုင်ခွင့်ပုံစံ ကွဲလွဲချက်များ၊ လက်ရှိတွင် ကော်မရှင်မှ ရွေးကောက်ပွဲအတွက် ကြိုတင်ဆောင်ရွက်နေသည့် မဲစာရင်းပြုစုခြင်းမှစ၍ နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ ဖိတ်ခေါ်ရန်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။ထိုသို့ ကော်မရှင်၏ဖြေကြားမှုများအပေါ် မေးခွန်းရှင် ဒေါ်ခင်မွှေးလွင်က ထပ်ဆင့်မေးခွန်းအဖြစ် မဲစာရင်းတွင်ပါဝင်မှုအား ကိုယ့်တာဝန်ကိုယ်ယူရမည်ဟု သိရှိခံစားရကြောင်း၊ မဲစာရင်းသွားကြည့်သူမှာ မရှိသလောက်ဖြစ်နေကြောင်း၊ သတင်းစာများ၊ ရုပ်သံလိုင်းများတွင် မဲစာရင်းနှင့်ပတ်သက်၍ နေ့စဉ်ထည့်သွင်းကြေညာပေးနေသော်လည်း မိမိတို့မင်းကင်းမြို့နယ်တွင် မြန်မာ့ရုပ်မြင်သံကြား ရုပ်သံလိုင်းကိုပင် ဖမ်းယူကြည့်ရှုနိုင်ခြင်းမရှိသည့်နေရာများရှိသည်ကို နမူနာပေးပြောလိုကြောင်း၊ အခြေခံကျသည့် ရပ်ကွက်/ကျေးရွာတွင် အုပ်ချုပ်ရေးနှင့် ရွေးကောက်ပွဲကော်မရှင်တို့မှ သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်တိုက်နှိုးဆော်မှုများကို ရွေးကောက်ပွဲမတိုင်ခင်အထိ နှိုးဆော်မှုများ တိုးချဲ့ပြုလုပ်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိမေးမြန်းခဲ့သည်။ယင်းသို့မေးမြန်းမှုအား ဦးမြင့်နိုင်က လက်ရှိအခြေခံမဲစာရင်းကြေညာရာတွင် မှားယွင်းမှုများအားတင်ပြလာပါက ပြင်ဆင်ပေးနေသည့်အခြေအနေများနှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲစာရင်းထပ်မံကြေညာရာတွင်လည်း မှားယွင်းမှုများပြင်ဆင်နိုင်မည်ဖြစ်ကြောင်း၊ နေ့စဉ်သတင်းစာများနှင့် ရုပ်သံလိုင်းများကိုကြည့်ရှုပါက ကော်မရှင်အနေဖြင့် မည်ကဲ့သို့နှိုးဆော်ဆောင်ရွက်နေသည်ကို အထင်အရှားတွေ့ရမည်ဖြစ်ပြီး အရှိန်အဟုန်နှင့် ဆောင်ရွက်နေသဖြင့် ရုပ်သံလိုင်းများအားကြည့်ရှုပေးရန် ဖြေကြားသည်။
မဲစာရင်းတွင်ပါဝင်ရေး လာရောက်ကြည့်ရှုခြင်းမရှိဘဲ အမည်မပါဝင်မှုတင်ပြခြင်းမရှိက ကော်မရှင်မှ တာဝန်ယူနိုင်မည်မဟုတ်ဘဲ မဲပေးပိုင်ခွင့်အပေါ် တာဝန်ပျက်ကွက်မှုသည် ကာယကံရှင်၏အားနည်းချက်ဟု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ပြောကြား