တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဥပဒေအရ တိုင်းရင်းသားရေးရာဝန်ကြီးဌာနဖွဲ့စည်းရန် ဆောင်ရွက်ဆဲဖြစ်ကြောင်း သမ္မတရုံးဒုတိယဝန်ကြီးပြောကြား

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဥပဒေအရ တိုင်းရင်းသားရေးရာဝန်ကြီးဌာနဖွဲ့စည်းရန် ဆောင်ရွက်ဆဲဖြစ်ကြောင်း သမ္မတရုံးဒုတိယဝန်ကြီးပြောကြား
Published 23 July 2015

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဥပဒေအရ တိုင်းရင်းသားရေးရာဝန်ကြီးဌာနဖွဲ့စည်းရန် ဆောင်ရွက်ဆဲဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်းက ပြောကြားသည်။မွန်ပြည်နယ် ဘီးလင်းမဲဆန္ဒနယ်မှ ဒေါက်တာစိုးမိုးအောင်က ဇူလိုင် ၂၃ ရက်တွင်ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ တိုင်းရင်းသားလူမျိုးများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်မည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာနများနှင့် စပ်လျဉ်းပြီး မည်သို့စီမံဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးခွန်းမေးမြန်းမှုအား ဒုတိယဝန်ကြီးက ဖြေကြားခဲ့ခြင်းဖြစ်သည်။
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဖွဲ့စည်းအကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် စနစ်တကျဖြစ်စေရန်အတွက် တည်ဆဲဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ . . .

ဥပဒေ၌ဖော်ပြပါရှိသော ပြဋ္ဌာန်းချက်အရ တိုင်းရင်းသားလူမျိုးရေးရာကိစ္စများနှင့်စပ်လျဉ်းသည့် ဝန်ကြီးဌာနများ ဖွဲ့စည်းအကောင်အထည်ဖော်ရေးကိစ္စတွင် အဓိကအားဖြင့် အစိတ်အပိုင်းနှစ်ခုပါရှိသည်ကို တွေ့ရှိနိုင်ပြီး ပထမတစ်ပိုင်းမှာ ဝန်ကြီးဌာနဖွဲ့စည်းခြင်းအပိုင်းနှင့် ဒုတိယအပိုင်းအနေဖြင့် ဝန်ကြီးဌာနဖွဲ့စည်းပြီးပါက ဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း တိုင်းရင်းသားလူမျိုးများရေးရာကိစ္စရပ်များကို ဆက်လက်အကောင်အထည်ဖော်ရမည့်အပိုင်းတို့ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ရှင်းလင်းပြောကြားသည်။ထို့နောက် ဒုတိယဝန်ကြီးက ဝန်ကြီးဌာနဖွဲ့စည်းရာတွင် လိုအပ်သည့် ဝန်ထမ်းဖွဲ့စည်းပုံ၊ တာဝန်ဝတ္တရား၊ ဘဏ္ဍာရေးစသည့် လုပ်ငန်းဆောင်တာများ ရေးဆွဲနေမှုအခြေအနေများနှင့် နည်းဥပဒေမူကြမ်းရေးဆွဲခြင်း ဆောင်ရွက်ဆဲအခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။"တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဖွဲ့စည်းအကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် စနစ်တကျဖြစ်စေရန်အတွက် တည်ဆဲဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ထိုသို့ဆောင်ရွက်နေစဉ်ကာလအတွင်း ဥပဒေပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်နိုင်ရေးအတွက် လစ်ဟာမှုမရှိစေဘဲ သက်ဆိုင်ရာတိုင်းရင်းသားရေးရာကိစ္စရပ်များအတွက် အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရန် ပြည်ထောင်စုဝန်ကြီးဌာနများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာနများ ဖွဲ့စည်းအကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်း၍ ဥပဒေနှင့်အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရများက သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များ၏ သဘောတူညီမှုဖြင့် တင်ပြလာပါက ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်" ဟု ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်းက ပြောကြားသည်။ဒုတိယဝန်ကြီး၏ဖြေကြားမှုအပြီးတွင် အဆိုရှင်ဒေါက်တာစိုးမိုးအောင်က ထပ်ဆင့်မေးခွန်းအဖြစ် ဝန်ကြီးဌာနဖွဲ့စည်းရာတွင် လုပ်ငန်းစဉ်အဆင့်ဆင့်ရှိသည်ကို နားလည်ကြောင်း၊ သို့သော် တိုင်းပြည်အတွက် အရေးကြီးသည့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဆောင်ရွက်သည့်နေရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် အရေးတယူ အရေးတကြီးကိစ္စသဘောထားပြီးဆောင်ရွက်ရန်လိုကြောင်း၊   သို့ဖြစ်၍ ဆောင်ရွက်နေသည့်ကိစ္စရပ်များသည် မည်သည့်အချိန်ကာလတွင် ပြီးစီးနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့သည်။ထိုသို့ ထပ်ဆင့်မေးမြန်းမှုအား ဒုတိယဝန်ကြီးက ဝန်ကြီးဌာနအား မဖွဲ့စည်းနိုင်မီအတောအတွင်း၌ လက်ရှိဆက်စပ်ဝန်ကြီးဌာနများဖြစ်သည့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ မွေး/ရေနှင့် ကျေးလက်ဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ သမ္မတရုံးဝန်ကြီးဌာန(၆)၊ သာသနာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန စသည့်ဝန်ကြီးဌာနများက ပေါ်ပေါက်လာမည့် ဝန်ကြီးဌာန၏လုပ်ငန်းစဉ်များကို ပါဝင်ပတ်သက်ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက်ကြောင့် လက်ရှိတွင်လည်း တိုင်းရင်းသားရေးရာကိစ္စရပ်များကို အထူးအလေးထားပြီး ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားသည်။

Most Read

Most Recent