Forbes မဂ္ဂဇင်းမှ ထုတ်ပြန်သည့် ကမ္ဘာ့တန်ဖိုးအရှိဆုံး အားကစားအသင်း စာရင်းတွင် ရီးယဲလ်အသင်း သုံးနှစ်ဆက် ဦးဆောင်နေပြီး ထိပ်ဆုံး ၁၀ သင်း၌ ဘာစီလိုနာနှင့် မန်ယူ ပါဝင်

Forbes မဂ္ဂဇင်းမှ ထုတ်ပြန်သည့် ကမ္ဘာ့တန်ဖိုးအရှိဆုံး အားကစားအသင်း စာရင်းတွင် ရီးယဲလ်အသင်း သုံးနှစ်ဆက် ဦးဆောင်နေပြီး ထိပ်ဆုံး ၁၀ သင်း၌ ဘာစီလိုနာနှင့် မန်ယူ ပါဝင်
Published 17 July 2015

အမေရိကန်အခြေစိုက် Forbes မဂ္ဂဇင်းက ထုတ်ပြန်သည့် ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့တန်ဖိုးအရှိဆုံး အားကစားအသင်းများ စာရင်းတွင် လာလီဂါကလပ် ရီးယဲလ်အသင်းက ထိပ်ဆုံးနေရာ၌ သုံးနှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။Forbes မဂ္ဂဇင်းသည် ကမ္ဘာတစ်ဝန်းရှိ တန်ဖိုးအရှိဆုံး အားကစားအသင်းများ စာရင်းကို ၁၉၉၈ ခုနှစ်က စတင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ရီးယဲလ်အသင်းက ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၅ သုံးနှစ်ဆက်တိုက် ထိပ်ဆုံးနေရာမှ ဦးဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ ရီးယဲလ်အသင်း၏ တန်ဖိုးမှာ ဒေါ်လာ ၃ ဒသမ ၂၆ ဘီလျံအထိရှိပြီး NFL (အမေရိကန်ရပ်ဘီ) ကလပ် ဒဲလက်စ်ကောင်းဘွိုင်စ်အသင်းက ၃ ဒသမ ၂၀ ဘီလျံဖြင့် ဒုတိယ၊ မေဂျာလိဂ် ဘေ့စ်ဘောကလပ် နယူးယောက်ယန်းကီးစ်အသင်းက ၃ ဒသမ ၂၀ ဘီလျံဖြင့် တတိယနေရာတွင် ရပ်တည်နေသည်။ ပြီးခဲ့သည့်ရာသီ ဖလားသုံးလုံး ချန်ပီယံ ဘာစီလိုနာအသင်းက ၃ ဒသမ ၁၆ ဘီလျံဖြင့် စတုတ္ထနေရာတွင် ရပ်တည်နေပြီး မန်ယူအသင်းမှာ တတိယနေရာမှ အဆင့်ငါးအထိ ကျဆင်းသွားကာ ၃ ဒသမ ၁၀ ဘီလျံ သတ်မှတ်ခံခဲ့ရသည်။ တန်ဖိုးအရှိဆုံး ထိပ်ဆုံး ၁၀ သင်း စာရင်းတွင် ဘောလုံးကလပ် သုံးသင်းသာ ပါဝင်ခဲ့ပြီး အမေရိကန် ဘတ်စကက်ဘောကလပ် La Lakers အသင်း၊ NFL ကလပ် နယူးအင်္ဂလန် ပတ်ထရီးယော့စ်အသင်း၊ ဘတ်စကက်ဘောကလပ် နယူးယောက်နစ်အသင်း၊ ဘေ့စ်ဘောကလပ် LA Dogers အသင်း၊ NFL ကလပ် ဝါရှင်တန်ရက်ဒ်စကင်အသင်းတို့က အဆင့် ၆ မှ ၁၀ အထိ အစဉ်လိုက် ရပ်တည်နေသည်။ ပရီးမီးယားလိဂ်ကလပ် မန်စီးတီး (အဆင့် ၂၉)၊ ချယ်လ်ဆီး (အဆင့် ၃၁)၊ အာဆင်နယ် (အဆင့် ၃၆) တို့မှာ ထိပ်ဆုံး ၅၀ စာရင်းတွင် ပါဝင်ခဲ့သည်။
 
ကမ္ဘာ့တန်ဖိုးအရှိဆုံး အားကစားအသင်းများ
အသင်း
အားကစားနည်း
တန်ဖိုး(ဒေါ်လာ)
ရီးယဲလ်
ဘောလုံး
၃.၂၆ ဘီလျံ
ဒဲလက်စ်ကောင်းဘွိုင်စ်
အမေရိကန်ရပ်ဘီ
၃.၂၀ ဘီလျံ
နယူးယောက်ယန်းကီးစ်
ဘေ့စ်ဘော
၃.၂၀ ဘီလျံ
ဘာစီလိုနာ
ဘောလုံး
၃.၁၆ ဘီလျံ
မန်ယူ
ဘောလုံး
၃.၁၀ ဘီလျံ