ဘိုင်ယန်မြူးနစ်အသင်း၏ဂျာမနီကွင်းလယ်လူ ရှဝိန်းစတိုင်ဂါသည် မန်ယူအသင်းသို့(၃)နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ရန်သဘောတူညီမှုရခဲ့ပြီဖြစ်ကြောင်း ဂျာမန်သတင်းစားများနှင့် ဗြိတိန်မီဒီယာများကဖော်ပြခဲ့သည်။
အသက်(၃၁)နှစ်အရွယ်ရှိ ရှဝိန်းစတိုင်ဂါအား မန်ယူအသင်းကကာလအတန်ကြာချိတ်ဆက်ခဲ့ပြီး လက်ရှိအချိန်တွင်မှသဘောတူညီမှုရခဲ့ခြင်းဖြစ်သည်။
ဘိုင်ယန်မြူးနစ်အသင်းတွင် စပိန်လူမျိုးနည်းပြဂွါဒီယိုလာသည် စပိန်ကွင်းလယ်လူ အလွန်ဆိုအားပိုမိုဦးစားပေး အသုံးပြုနေသဖြင့် ဘိုင်ယန်မြူးနစ်အသင်းနည်းပြဟောင်း လူးဝစ်စ်ဗန်ဟားလ်ကိုင်တွယ်နေသည့် မန်ယူအသင်းထံသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မန်ယူအသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့သည် စတိုင်ဂါ၏ပြောင်းရွှေ့ကြေးနှင့်ပတ်သတ်၍ အတိအကျထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း လစာမှာမူ တစ်နှစ်လုပ်ခ ပေါင်(၇ .၂)သန်းခန့်ပေးချေသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။မန်ယူအသင်းသည် ယခုနှစ်အပြောင်းအရွှေ့ရာသီတွင် တောင်ပံကစားသမားဒီပိုင်း၊ အီတလီနောက်ခံလူ ဒါမီယန်တို့ကိုခေါ်ယူထားပြီး စတိုင်ဂါမှာ မန်ယူအသင်း၏(၃)ဦးမြောက်ခေါ်ယူသောကစားသမားဖြစ်လာမည်ဖြစ်သည်။









