မန်ယူအသင်းသည် နယ်သာလန်လက်ရွေးစင် တိုက်စစ်မှူး ဗန်ပါစီကို တူရကီကလပ် ဖီနာဘာချီအသင်းထံ ရောင်းချရန် သဘောတူလိုက်ပြီဖြစ်ကြောင်း ဗြိတိန်အခြေစိုက် SkySports သတင်းဌာနက ထပ်မံဖော်ပြခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းတွင် ဗြိတိန်ထုတ် The Guardian သတင်းစာက ဗန်ပါစီအတွက် မန်ယူနှင့် ဖီနာဘာချီအသင်းတို့ သဘောတူညီမှုရရှိထားပြီဟု ဖော်ပြခဲ့သော်လည်း ဗန်ပါစီ၏ အေးဂျင့်ဖြစ်သူ ကီးစ်ဗော့စ်က ငြင်းဆန်ခဲ့သည်။ သို့သော် ယင်းသတင်းကို SkySports သတင်းဌာနက ထပ်မံဖော်ပြခဲ့ပြီး ဖီနာဘာချီအသင်း ဒါရိုက်တာဖြစ်သူ တာရာနီယိုသည် ပြီးခဲ့သည့်ရက်ပိုင်းက လန်ဒန်မြို့သို့သွားရောက်၍ အပြောင်းအရွှေ့အတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။ ဖီနာဘာချီအသင်းသည် အစောပိုင်းက ဗန်ပါစီ အတွက် ပြောင်းရွှေ့ကြေး ပေါင် ၄ ဒသမ ၅ သန်းဖြင့် ကမ်းလှမ်းခဲ့ပြီး မန်ယူအသင်း အလိုရှိနေသည့် ပေါင် ၁၀ သန်း ဝန်းကျင်ဖြင့် သဘောတူညီမှုရရှိခဲ့ကြောင်း၊ သို့သော် ကစားသမားနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များ အပြီးသတ် ညှိနှိုင်းရန် ကျန်ရှိနေသေးကြောင်း၊ ယခု ရက်သတ္တပတ် မကုန်မီ အတည်ပြုကြေညာဖွယ်ရှိပြီး လေးနှစ်စာချုပ် ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။ ဗန်ပါစီ၏ စာချုပ်သက်တမ်းမှာ တစ်နှစ်သာကျန်ရှိတော့ပြီး မန်ယူအသင်းအနေဖြင့် ၎င်းအား ရောင်းချဖြစ်ပါက တိုက်စစ်ပိုင်းပြဿနာနှင့် ရင်ဆိုင်ရဖွယ်ရှိကာ အသင်းခေါင်းဆောင် ဝိန်းရွန်နီနှင့် လူငယ်တိုက်စစ်မှူး ဂျိမ်းစ်ဝီလ်ဆင်တို့နှစ်ဦးသာ ကျန်ရှိမည်ဖြစ်ကြောင်း သိရသည်။
မန်ယူအသင်းသည် နွေရာသီကာလအတွင်း ဒုတိယမြောက် ခေါ်ယူမှုအဖြစ် အီတလီကလပ် တိုရီနိုအသင်း နောက်ခံလူ ဒါမီယန်ကို ပေါင် ၁၂ ဒသမ ၇ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း သိရသည်။ တိုရီနိုအသင်းနည်းပြ ဗန်တူရာကလည်း ယင်းအပြောင်းအရွှေ့သတင်းကို အတည်ပြုခဲ့ပြီး “မတ်တီယိုဒါမီယန်က မန်ယူအသင်းနဲ့အတူ ချန်ပီယံလိဂ်မှာ ပါဝင်ကစားသွားမှာပါ။ ဒါက သူ့ရဲ့အိပ်မက်ပါပဲ” ဟု ပြောကြားခဲ့သည်။
ဗန်ပါစီအတွက် မန်ယူနှင့် ဖီနာဘာချီ သဘောတူညီမှုရဟု ထပ်မံဖော်ပြ ၊ ဒါမီယန်ကို မန်ယူအသင်းထံ ရောင်းချမည်ဟု တိုရီနိုနည်းပြ အတည်ပြု









