လီဗာပူးလ် တောင်ပံကစားသမား စတာလင်သည် ဥရောပတစ်ဝန်းရှိ အသက် ၂၁ နှစ်အောက် တန်ဖိုးအမြင့်ဆုံး လူငယ်ကြယ်ပွင့် ၂၀ ဦးစာရင်းတွင် ထိပ်ဆုံး၌ ရှိနေခဲ့ကြောင်း သိရသည်။ ယင်းစစ်တမ်းကို ဘောလုံးစီးပွားရေးဆိုင်ရာ ကဏ္ဍများကို လုပ်ဆောင်နေသည့် လန်ဒန်အခြေစိုက် Soccerex အဖွဲ့အစည်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခုစာရင်းတွင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မတိုင်မီ အသက် ၂၁ နှစ်အောက် ကစားသမားများကိုသာ ထည့်သွင်းခဲ့ခြင်းဖြစ်သည်။Soccerex သည် သတင်းစာနှင့် သတင်းဝက်ဘ်ဆိုက်များတွင် ဖော်ပြခဲ့သည့် ကစားသမားများ၏ ဈေးကွက်တန်ဖိုးနှင့် လက်ကျန်စာချုပ်သက်တမ်းကို ချိန်ထိုးပြီး အနီးစပ်ဆုံး ဖြစ်နိုင်ခြေရှိသော ခြေစွမ်းနှင့် ထိုက်တန်သည့် ပြောင်းရွှေ့ကြေး ပမာဏကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ယခုနွေရာသီတွင် လီဗာပူးလ်အသင်းမှ ထွက်ခွာရန် သေချာသလောက် ရှိနေသည့် လူငယ်ကြယ်ပွင့် စတာလင်မှာ အပြောင်းအရွှေ့ဈေးကွက်တွင် ပေါင်သန်း ၅၀ ပမာဏအထိ ကောလာဟလများ ထွက်ပေါ်ခဲ့သော်လည်း Soccerex ၏ ထုတ်ပြန်မှုတွင် ပေါင် ၃၄ ဒသမ ၅ သန်းဖြင့်သာ ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့သည်။ ထိပ်ဆုံး ၂၀ ဦးစာရင်းတွင် အင်္ဂလန်နိုင်ငံသားလေးဦး အပါအဝင် ပရီးမီးယားလိဂ်တွင် ရှိနေသည့် လူငယ်ကစားသမား ကိုးဦး ပါဝင်ခဲ့ပြီး မန်ယူအသင်းမှ လုခ်ရှော၊ ဒီပိုင်းတို့မှာ အသင်းမှ ပေးချေခဲ့ရသည့် ပြောင်းရွှေ့ကြေးထက် ယခုစာရင်းတွင် လျော့နည်းနေလျက် ရှိသည်။ဥရောပ ဘောလုံးလောက၏ တန်ဖိုးအမြင့်ဆုံး ၂၀ ဦးစာရင်းတွင် စတာလင် (လီဗာပူးလ်၊ ၃၄ ဒသမ ၅ သန်း)၊ မာကွင်ဟို့စ် (PSG၊ ၂၇ ဒသမ ၈သန်း)၊ ဒီပိုင်း (မန်ယူ၊ ၂၃ ဒသမ ၅ သန်း)၊ ဘာရာဒီ (ဆာဆူအိုလို၊ ၂၁ ဒသမ ၃ သန်း)၊ ဟီမင်နက်ဇ် (အက်သလက်တီကို၊ ၂၁ ဒသမ ၁ သန်း)၊ ကယ်လ်ဟာနိုဂလူး (လေဗာကူဆင်၊ ၁၉ ဒသမ ၂ သန်း)၊ ကိုဗာချစ် (အင်တာမီလန်၊ ၁၈ ဒသမ ၃သန်း)၊ ဂါယာ (ဗလင်စီယာ၊ ၁၈ ဒသမ ၁သန်း)၊ လုခ်ရှော (မန်ယူ၊ ၁၇ ဒသမ ၈သန်း)၊ လာပေါ်တေ (ဘီလ်ဘာအို၊ ၁၆ ဒသမ ၈ သန်း)၊ ဇူးမား (ချယ်လ်ဆီး၊ ၁၅ ဒသမ ၉ သန်း)၊ တီလေးမန်းစ် (အန်ဒါလက်ချ်၊ ၁၃ ဒသမ ၆ သန်း)၊ မီထရိုဗစ် (အန်ဒါလက်ချ်၊ ၁၂ ဒသမ ၇ သန်း)၊ တာလစ်စကာ (ဘင်ဖီကာ၊ ၁၂ ဒသမ ၇ သန်း)၊ အမ်မရီချန် (လီဗာပူးလ်၊ ပေါင် ၁၁ ဒသမ ၉ သန်း)၊ စတုန်းစ် (အဲဗာတန်၊ ၁၁ ဒသမ ၈ သန်း)၊ မာတီယဲလ် (မိုနာကို၊ ၁၁ ဒသမ ၁ သန်း)၊ အော်ရီဂီ (လီဗာပူးလ်၊ ၁၀ ဒသမ ၇ သန်း)၊ ချိန်ဘာစ် (အာဆင်နယ်၊ ၁၀ ဒသမ ၅ သန်း)၊ ဘယ်လာရင် (အာဆင်နယ်၊ ၁၀ ဒသမ ၄ သန်း) တို့က အစဉ်လိုက် ရပ်တည်ခဲ့ကြသည်။
ဥရောပတစ်ဝန်းရှိ တန်ဖိုးအမြင့်ဆုံး လူငယ်ကြယ်ပွင့် ၂၀ စာရင်းကို ထုတ်ပြန်ကြေညာ၊ လီဗာပူးလ် တောင်ပံကစားသမား စတာလင် ထိပ်ဆုံး၌ ရှိခဲ့ပြီး ပရီးမီးယားလိဂ်မှ ကိုးဦး ပါဝင်









