မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ပြီးခဲ့သည့် ဇူလိုင် ၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် MNL အမှတ်ပေးပြိုင်ပွဲ ပထမအကျော့ နောက်ဆုံးပွဲစဉ်ဖြစ်သည့် ရတနာပုံ-ရန်ကုန် ပွဲစဉ်မှ ဖြစ်ရပ်များအတွက် အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။MFF စည်းကမ်းထိန်းသိမ်းရေး ကော်မတီသည် ပြိုင်ပွဲကြီးကြပ်သူနှင့် ဒိုင်လူကြီးတို့၏ အစီရင်ခံစာများ၊ ပွဲဗီဒီယို မှတ်တမ်းများကို ကြည့်ရှုကာ ယခုရက်ပိုင်းအတွင်း အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်သည်။ ယင်းပွဲစဉ်တွင် နှစ်ဖက်ကစားသမားအချို့မှာ ကြမ်းတမ်းစွာ ကစားခဲ့ပြီး အငြင်းပွားမှုများ ရှိခဲ့သလို နည်းပြအဖွဲ့ဝင် အချို့မှာလည်း အချင်းများခဲ့ကြသည်။ ထို့ပြင် လာရောက်ကြည့်ရှု အားပေးကြသော ရတနာပုံ ပရိသတ်များမှာ ကွင်းအတွင်းသို့ အရာဝတ္ထုများဖြင့် ပစ်ပေါက်ခဲ့ကြပြီး ကွင်းအတွင်းလုံခြုံရေး အားနည်းမှုကိုလည်း ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။ ပုလင်း၊ ရေဘူး၊ ခဲများကွင်း အတွင်းသို့ သယ်ဆောင်ခွင့် ရရှိခြင်းအပေါ် ဝေဖန်မှုများ ပြုလုပ်နေခြင်းဖြစ်ပြီး ကွင်းအတွင်း ကာရံထားသည့် ပိုက်ကွန်များ ပျက်စီးနေမှုကလည်း အရာဝတ္ထုများ ပစ်ပေါက်နိုင်ရန် လွယ်ကူစေခဲ့ကြောင်း သိရသည်။ ရတနာပုံ အသင်းသည် ပြီးခဲ့သည့် ရာသီကလည်း ပရိသတ်များ၏ အလွန်အကြူး အားပေးမှုကြောင့် ဒဏ်ကြေးငွေနှင့် MFF ၏ သတိပေးမှုကို ခံထားရပြီး ယခုထပ်မံ ဖြစ်ပေါ်ခဲ့သောကြောင့် ပြင်းပြင်းထန်ထန် အရေးယူခံရဖွယ် ရှိနေသည်။ရတနာပုံ အသင်းနှင့် ရန်ကုန် အသင်းတို့သည် MNL ပြိုင်ပွဲ စတင်ကတည်းက အဓိကပြိုင်ဘက်များအဖြစ် ရှိနေခဲ့ပြီး ယင်းနှစ်သင်း တွေ့ဆုံသော ပွဲစဉ်များတွင် ပြိုင်ဆိုင်မှု ပြင်းထန်လေ့ရှိသည်။ ပြီးခဲ့သည့်ရာသီက ရန်ကုန်ကွင်း၌ ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် ရတနာပုံအသင်း၏ကားကို ရန်ကုန်ပရိသတ်များက တိုက်ခိုက်မှုများ ရှိခဲ့ပြီး ဒဏ်ကြေးငွေလည်း ချမှတ်ခံခဲ့ရကြောင်း သိရသည်။
MNL အမှတ်ပေးပြိုင်ပွဲ ပထမအကျော့ နောက်ဆုံးပွဲစဉ်ဖြစ်သည့် ရတနာပုံ-ရန်ကုန် ပွဲစဉ်မှ ဖြစ်ရပ်များအတွက် စည်းကမ်းထိန်းသိမ်းရေးကော်မတီ အရေးယူမည်









