ရတနာပုံ-ရန်ကုန်ပွဲတွင် ပရိသတ်များ၏ အလွန်အကြူး အားပေးမှုများ ရှိခဲ့ပြီး လုံခြုံရေးနှင့် ကွင်းအတွင်း အကာအရံများ၏ အားနည်းမှုကြောင့် အရာဝတ္ထုများ အလွယ်တကူ ဝင်ရောက်

ရတနာပုံ-ရန်ကုန်ပွဲတွင် ပရိသတ်များ၏ အလွန်အကြူး အားပေးမှုများ ရှိခဲ့ပြီး လုံခြုံရေးနှင့် ကွင်းအတွင်း အကာအရံများ၏ အားနည်းမှုကြောင့် အရာဝတ္ထုများ အလွယ်တကူ ဝင်ရောက်
Published 6 July 2015

ဇူလိုင် ၅ ရက်က မန္တလေးမြို့ရှိ ဗထူးကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၁၅ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပထမအကျော့ နောက်ဆုံးပွဲစဉ်ဖြစ်သည့် ရတနာပုံ-ရန်ကုန် ပွဲစဉ်တွင် ပရိသတ်များ၏ အလွန်အကြူး အားပေးမှုများ ရှိခဲ့ကြောင်း သိရသည်။ ယင်းပွဲတွင် ကွင်းတွင်းလုံခြုံရေး အားနည်းမှုများ ရှိခဲ့သည့်အပြင် ကွင်းအတွင်း၌ ကာရံထားသည့် ပိုက်ကွန်များမှာလည်း ပျက်စီးမှုများ ရှိနေသောကြောင့် အရာဝတ္ထုများမှာ အလွယ်တကူ ဝင်ရောက်ခဲ့ကြောင်း သိရသည်။ယင်းပွဲတွင် ရတနာပုံအသင်း ပရိသတ်အချို့မှာ ဒုတိယပိုင်း၌ ကွင်းအတွင်းသို့ အရာဝတ္ထုများဖြင့် ပစ်ပေါက်ခဲ့ကြပြီး ရေသန့်ဘူးများ၊ အထုပ်များအပြင် ခဲလုံးများ၊ ပုလင်းများဖြင့် ပစ်ပေါက်ခဲ့ရာ ရန်ကုန်အသင်းမှ ကစားသမားအချို့ ထိခိုက်မိခဲ့သည်။ ပရိသတ်များ၏ အလွန်အကြူး အားပေးမှုများကြောင့် မိနစ် ၇၀ ကျော်တွင် ပွဲကို သုံးမိနစ်ဝန်းကျင် ရပ်နားခဲ့ရပြီး ပရိသတ်များ၏ အပြုအမူကြောင့် ပွဲကို ကောင်းစွာ ကစားနိုင်ခြင်း မရှိခဲ့ပေ။ ထို့ပြင် ကွင်းအတွင်း ဆောင်ရွက်နေသည့် လုံခြုံရေးများမှာလည်း ထိရောက်သည့် တားဆီးမှုများ ပြုလုပ်နိုင်ခြင်း မရှိခဲ့ရာ ပရိသတ်များ၏ အပြုအမူမှာ ပိုမို ဆိုးရွာလာခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) သည် ယင်းဖြစ်ရပ်အတွက် အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ရတနာပုံအသင်းသည် ပြီးခဲ့သည့် ရာသီကလည်း ပရိသတ်များ၏ အပြုအမူကြောင့် ဒဏ်ကြေးငွေများ ချမှတ်ခံခဲ့ရပြီး MFF ၏ သတိပေးမှုကို ခံထားရကြောင်း သိရသည်။ “ပြည်တွင်းပြိုင်ပွဲက ပရိသတ်အားပေးနှုန်း ကျဆင်းနေတယ်။ ပရိသတ်ရှိတဲ့ ပွဲကျတော့လည်း အလွန်အကြူး အားပေးမှုတွေ ရှိပါတယ်။ မြန်မာ့ဘောလုံး တိုးတက်ဖို့ဆိုတာ အားလုံးဝိုင်းပြီး လုပ်ဆောင်မှ ရတာပါ။ အိမ်ရှင်လုပ်တဲ့ ပြိုင်ပွဲတွေမှာ ပရိသတ်တွေရဲ့ အပြုအမူကြောင့် သက်ဆိုင်ရာ အရေးယူမှုတွေ ခံထားရပြီးပါပြီ။ ကိုယ့်အသင်း ရှုံးတာနဲ့ ဒီလိုလုပ်မယ်ဆိုတဲ့ အပြုအမူတွေကို ရှောင်ရှားသင့်ပါပြီ။ ဒီက ပရိသတ်တွေ အနေနဲ့ ဆီးဂိမ်းပြိုင်ပွဲတုန်းက စင်ကာပူမှာရှိတဲ့ ပရိသတ်တွေရဲ့ အပြုအမူကို နမူနာယူသင့်ပါတယ်” ဟု မြန်မာဘောလုံး ပရိသတ်တစ်ဦးက ပြောကြားခဲ့သည်။MNL အမှတ်ပေးပြိုင်ပွဲ သမိုင်းတစ်လျှောက်တွင် ပရိသတ်များ၏ အလွန်အကြူး အားပေးမှုများ ရှိခဲ့ပြီး ပွဲချိန်အတွင်း ရပ်နားမှုများအပြင် ပွဲတစ်ပွဲလုံး ရပ်နားခဲ့ရမှုများ ရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent