မိုနာကိုအသင်း၏ ကိုလံဘီယာ လက်ရွေးစင်တိုက်စစ်မှူး ဖယ်လ်ကာအိုသည် ပရီးမီးယားလိဂ်ချန်ပီယံ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ရန် သဘောတူလက်မှတ် ရေးထိုးခဲ့ပြီဖြစ်ကြောင်း ၎င်းမိသားစုများ၏ ပြောကြားချက်ကို ကိုးကား၍ ဗြိတိန်ထုတ် The Guardian သတင်းစာက ဖော်ပြခဲ့သည်။ချယ်လ်ဆီးအသင်းသည် ကိုပါအမေရိကဖလားပြိုင်ပွဲ မစတင်မီကတည်းက ဖယ်လ်ကာအိုအား ခေါ်ယူရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း ၎င်း၏ဖခင်ဖြစ်သူ ရာဒါမယ်လ်ဂါစီယာနှင့် ဦးလေးဖြစ်သူ ဟားဘတ်ကင်းတို့က အတည်ပြု ပြောကြားခဲ့သည်။ ချယ်လ်ဆီးအသင်းသည် ဖယ်လ်ကာအိုအား တစ်ရာသီ အငှားစာချုပ်ဖြင့် ခေါ်ယူသွားမည်ဖြစ်ပြီး လာမည့်ရာသီ၌ အပြီးသတ်ခေါ်ယူရန် စီစဉ်ထားကြောင်း သိရသည်။ ဖယ်လ်ကာအိုသည် ပြီးခဲ့သည့်ရာသီက မန်ယူအသင်း၌ ရရှိခဲ့သည့် လစာနှုန်းထားထက် လျော့နည်းသည့် တစ်ပတ်လစာ ပေါင် ၁၈၀,၀၀၀ သာ ရယူမည်ဖြစ်ပြီး ချယ်လ်ဆီးအသင်း အနေဖြင့် ၎င်းအား အငှားဖြင့် ခေါ်ယူသည့်အတွက် ပေါင်လေးသန်း ပေးချေရမည်ဖြစ်ကြောင်း သိရသည်။ ဖယ်လ်ကာအိုသည် လာမည့် ဇူလိုင် ၁၉ (သို့မဟုတ်) ၂၀ ရက်တွင် ကနေဒါနိုင်ငံ၌ ရာသီကြို လေ့ကျင့်ခန်း ပြုလုပ်မည့် ချယ်လ်ဆီးအသင်းနှင့် ပူးပေါင်းသွားမည်ဖြစ်ပြီး ဘာစီလိုနာ၊ PSG၊ နယူးယောက်ရက်ဘူးလ် အသင်းတို့နှင့် ကစားမည့် International Champions Cup ပြိုင်ပွဲ၌ ပါဝင်မည်ဖြစ်ကြောင်း ရာဒါမယ်လ်က ပြောကြားခဲ့သည်။ဖယ်လ်ကာအိုသည် ပြီးခဲ့သည့်ရာသီက မန်ယူအသင်း၌ ၂၆ ပွဲ ကစားခဲ့ရသော်လည်း လေးဂိုးသာ သွင်းယူနိုင်ခဲ့သလို ကိုပါအမေရိကဖလား ပြိုင်ပွဲတွင်လည်း ခြေစွမ်းပြ ကစားနိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းသည် ဖယ်လ်ကာအိုအပြင် အက်သလက်တီကို အသင်း၏ တူရကီလက်ရွေးစင် ကွင်းလယ်လူ အာဒါတူရန်ကိုလည်း ခေါ်ယူနိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။ အာဒါတူရန်မှာ အသင်းမှ ထွက်ခွာရန် ဆန္ဒရှိနေပြီး ချယ်လ်ဆီးအသင်း အနေဖြင့် ပေါင် ၂၉ သန်း ပေးချေရဖွယ်ရှိသည်။
ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ရန် ဖယ်လ်ကာအို လက်မှတ်ရေးထိုး အာဒါတူရန်ကိုလည်း ပေါင် ၂၉ သန်းဖြင့် ခေါ်ယူနိုင်ရန် နီးစပ်နေ









