မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိသည့် မြန်မာ ယူ-၁၈ အသင်း ကို တာဝန်ယူကိုင်တွယ်ရန်အတွက် မြန်မာ ယူ- ၂၀ အသင်းနည်းပြချုပ်ဖြစ်သူ ဂတ်ဖရိုင်းဒရစ် (ဂျာမနီ) ကို တာဝန်ပေးအပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဂတ်ဖရိုင်းဒရစ်သည် ခွင့်ဖြင့် နေရပ်ဂျာမနီသို့ပြန်နေပြီး ၎င်းပြန်လည်ရောက်ရှိမှသာ နည်းပြအဖွဲ့ကို ဆွေးနွေးမှုပြုလုပ်၍ ဖွဲ့စည်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဂတ်ဖရိုင်းဒရစ်သည် မြန်မာ ယူ -၂၀ အသင်းနှင့်အတူ နယူးဇီလန်နိုင်ငံတွင် ကျင်းပခဲ့သည့် ၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နောက်ပိုင်း၌ မြန်မာ ယူ-၁၈ အသင်းကို တာဝန်ယူကိုင်တွယ်ရန် ဆန္ဒရှိကြောင်း MFF ထံသို့ တရားဝင်တင်ပြခဲ့သည်။ ထို့ကြောင့် MFF တာဝန်ရှိသူများသည် ဂတ်ဖရိုင်းဒရစ်ကို မြန်မာယူ- ၁၈ အသင်းအား တာဝန်ယူကိုင်တွယ်စေမည့် ကိစ္စရပ်နှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ ဆွေးနွေးမှုများပြုလုပ်အပြီးတွင် ဂတ်ဖရိုင်းဒရစ်အား မြန်မာ ယူ-၁၈ အသင်းကို တာဝန်ယူကိုင်တွယ်ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်၌ မြန်မာ ယူ-၁၈ အသင်းကို ပဏာမလက်ရွေးစင် ကစားသမား ၃၄ ဦးဖြင့် ဖွဲ့စည်းထားပြီး နည်းပြချုပ်အဖြစ် KBZ အသင်း နည်းပြချုပ်ဟောင်းဖြစ်သူ ဦးသန်းထိုက်က တာဝန်ယူကိုင်တွယ်နေလျက် ရှိသည်။ မြန်မာ ယူ-၁၈ အသင်းသည် ယခုနှစ်အတွင်း၌ ၂၀၁၅ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲနှင့် ၂၀၁၆ အာရှ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲတို့ကို ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိနေကြောင်း သိရသည်။
မြန်မာ ယူ-၁၈ အသင်းသည် ၂၀၁၅ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲကို လာမည့် သြဂုတ်လအတွင်း၌ လည်းကောင်း၊ ၂၀၁၆ အာရှ ယူ-၁၉ ခြေစစ်ပွဲကို စက်တင်ဘာလအတွင်း၌ လည်းကောင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး MFF အနေဖြင့် ယင်းခြေစစ်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရန် ကြိုးပမ်းနေကြောင်း သိရသည်။ ဂတ်ဖရိုင်းဒရစ်သည် မြန်မာ ယူ-၁၉ အသင်းကို ကာလရှည် ကိုင်တွယ်ခဲ့ပြီး ယူ-၂၀ ကမ္ဘာ့ဖလားဝင်ခွင့်ရရှိစေရန် အဓိကစွမ်းဆောင်ပေးခဲ့သည့် နည်းပြတစ်ဦးလည်းဖြစ်သည်။
နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရန်ရှိသည့် မြန်မာ ယူ-၁၈ အသင်းကို ဂတ်ဖရိုင်းဒရစ် ကိုင်တွယ်မည်၊ လက်ရှိအချိန်၌ နေရပ်ဂျာမနီသို့ ပြန်နေပြီး ၎င်းပြန်လည်ရောက်ရှိမှသာ နည်းပြအဖွဲ့ကို ဖွဲ့စည်းမည်









