မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် မြန်မာ့လက်ရွေးစင်အသင်း၏ နည်းပြချုပ်အဖြစ် ဦးကြည်လွင်အား ခန့်အပ်ရန် စီစဉ်နေကြောင်း သိရသည်။ ဦးကြည်လွင်သည် ပြီးခဲ့သည့် (၂၈)ကြိမ်မြောက် စင်ကာပူဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာ ယူ-၂၃ အသင်းကို ငွေတံဆိပ်ရရှိအောင် စွမ်းဆောင်ပေးခဲ့သည့် နည်းပြတစ်ဦးလည်းဖြစ်သည်။
“ကျွန်တော်တို့အနေနဲ့ ဦးကြည်လွင်ကို လက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ်ဖို့ စီစဉ်နေပါတယ်။ ဒါပေမဲ့ ကာယကံရှင်ဖြစ်တဲ့ ဦးကြည်လွင်နဲ့ ညှိနှိုင်းမှုတွေပြုလုပ်ရဦးမှာဖြစ်တဲ့အပြင် MFF နည်းစနစ်ကော်မတီနဲ့လည်း ညှိနှိုင်းဆောင်ရွက်ရဦးမှာပါ။ လက်ရှိ မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်ဖြစ်တဲ့ အေဗရာမိုဗစ်ကို နည်းစနစ်ဒါရိုက်တာအဖြစ် ပြောင်းလဲခန့်အပ်ဖို့ စီစဉ်နေပါတယ်”ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာတာဝန်ခံ ဦးဇော်မင်းထိုက်က ပြောကြားခဲ့သည်။ MFF သည် ယခုလကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည့် ဆားဘီးယားလူမျိုးနည်းပြ အေဗရာမိုဗစ်ကို သက်တမ်းတိုးရန် ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိပြီး ဇွန်လ စတုတ္ထပတ်တွင် အပြီးသတ်နိုင်ဖွယ်ရှိနေကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ယခုနှစ်အတွင်း ကမ္ဘာ့ဖလားခြေစစ်ပွဲများကိုသာ ယှဉ်ပြိုင်ရန်ရှိနေပြီး လာမည့် သြဂုတ်နောက်ဆုံးပတ်နှင့် စက်တင်ဘာ ပထမပတ်တို့တွင် ယူအေအီးလက်ရွေးစင်အသင်း နယူးဇီလန်လက်ရွေးစင်အသင်းတို့နှင့် ခြေစမ်းကစားသွားမည် ဖြစ်သည်။ MFF သည် မြန်မာ့လက်ရွေးစင်အသင်း၏ နည်းပြအဖွဲ့ကို အပြောင်းအလဲပြုလုပ်ရန် စီစဉ်နေသည့်အပြင် ကစားသမားများကိုလည်း ယူ-၂၃ အသင်းနှင့် ယူ-၂၀ အသင်းတို့မှ ကစားသမားအများစုဖြင့် အစားထိုးရန် စီစဉ်လျက်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ယခုလအတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ နှစ်ပွဲတွင် နိုင်ပွဲမရရှိသေးဘဲ လာအိုအသင်းနှင့် အဝေးကွင်းတွင် နှစ်ဂိုးစီ သရေကျကာ အိမ်ကွင်းအဖြစ် ကစားခဲ့သည့် တောင်ကိုရီးယားအသင်းနှင့်ပွဲတွင် (၂-ဝ) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပွဲစဉ်(၃)အဖြစ် လာမည့် စက်တင်ဘာ ၃ ရက်တွင် ကူဝိတ်လက်ရွေးစင်အသင်းနှင့် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။









