ဒုတိယသမ္မတ တစ်ဦးစီကို ပြည်သူက ရွေးကောက်တင်မြှောက်သော ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များထဲမှသာ ရွေးချယ် တာဝန်ပေးအပ်သင့်ကြောင်း ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကို ဆွေးနွေး

ဒုတိယသမ္မတ တစ်ဦးစီကို ပြည်သူက ရွေးကောက်တင်မြှောက်သော ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များထဲမှသာ ရွေးချယ် တာဝန်ပေးအပ်သင့်ကြောင်း ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကို ဆွေးနွေး
Published 25 June 2015
စိုးမင်းထိုက်၊ ကျော်ဇင်ဝင်း၊ မျိုးမင်းထက်

ဒုတိယသမ္မတ တစ်ဦးစီကို ပြည်သူက ရွေးကောက်တင်မြှောက်သော ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များထဲမှသာ ရွေးချယ် တာဝန်ပေးအပ်သင့်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက ဆွေးနွေးတင်ပြသည်။သူရဦးအောင်ကိုက နေပြည်တော်၌ ဇွန် ၂၄ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (က) နှင့်ပတ်သက်၍ ဆွေးနွေးရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။“နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို အမှန်တကယ် ရှေးရှုမည်ဆိုပါက နိုင်ငံတော်သမ္မတကို ပြည်သူက တိုက်ရိုက်ရွေးချယ် တင်မြှောက်သော စနစ် ကျင့်သုံးသင့်ကြောင်း ထပ်လောင်း အကြံပြုလိုပါတယ်။ သို့ဖြစ်၍ အခြေခံဥပဒေ ပုဒ်မ ၆၀၊ ပုဒ်မခွဲ (ဂ) ပြဋ္ဌာန်းချက်ဖြစ်သော “သမ္မတရွေးချယ်တင်မြှောက်ရေး အဖွဲ့တစ်ဖွဲ့စီက ဒုတိယသမ္မတ တစ်ဦးစီကို လွှတ်တော်ကိုယ်စားလှယ်များထဲမှ ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲမှဖြစ်စေ ရွေးချယ်တင်မြှောက်ရမည်” ဟု ပြဋ္ဌာန်းချက်ကို လုံးဝပယ်ဖျက်သင့်ပါကြောင်းနှင့် ပြည်သူက ရွေးကောက်တင်မြှောက်သော ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များထဲမှသာ ရွေးချယ် တာဝန်ပေးအပ်သင့်ပါတယ်” ဟု သူရဦးအောင်ကိုက ဆွေးနွေးတင်ပြသည်။အင်အား ၅၀၀ ခန့်ရှိသော ပြည်ထောင်စုလွှတ်တော် အရွေးချယ်ခံ ကိုယ်စားလှယ်များ၌ အလွှာပေါင်းစုံမှ တတ်သိပညာရှင်များ ပါဝင်နေရာ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတတာဝန် ထမ်းဆောင်ရန် အရည်အချင်း ပြည့်မီသူများစွာ ပါဝင်မည်ကို သံသယမဖြစ်သင့်ကြောင်း၊ ထို့ကြောင့် ရွေးကောက်တင်မြှောက်ခြင်း ခံရသော ပြည်သူ့ကိုယ်စားလှယ်များထဲမှသာ ခန့်အပ်တာဝန်ပေးသင့်ကြောင်း အလေးအနက် တင်ပြသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူ့ဆန္ဒနှင့်အညီ ကျယ်ကျယ်ပြန့်ပြန့် ပြင်ဆင်ခြင်း မပြုနိုင်ပါက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ထာဝရငြိမ်းချမ်းရေး ရရှိရန် လွန်စွာခက်ခဲနိုင်ကြောင်း၊ အပစ်အခတ်ရပ်စဲရေးစာချုပ် ရေးဆွဲလက်မှတ်ရေးထိုးရန်ပင် ခက်ခဲနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက ဆွေးနွေးတင်ပြသည်။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြင်ဆင်ရန် လွန်စွာခက်ခဲသော၊ ပြင်ဆင်၍ မရနိုင်သော ဥပဒေဖြစ်ရာ တင်းမာလွန်းသော ဥပဒေဟု ခေါ်ဆိုနိုင်ကြောင်း သူရဦးအောင်ကိုက ဆိုသည်။ပုထုဇဉ်လူသားတို့ ရေးဆွဲခဲ့သည့် ဥပဒေ ဖြစ်သောကြောင့် ထာဝရမှန်ကန် တည်မြဲနေမည့် ဥပဒေ မဟုတ်ကြောင်း၊ အခြေခံဥပဒေကို ကျယ်ပြန့်စွာ ပြင်ဆင်ပေးရန် ပြည်သူတို့က လိုလားတောင်းဆိုနေကြပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။    ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ (က) နှင့် (ခ) တို့နှင့် ပတ်သက်၍ ယခုပြင်ဆင်ရန် တင်ပြချက်သည် လက်ရှိပကတိ အနေအထားအရ ဖြစ်သင့်သည့် အခြေအနေကို အဘက်ဘက်မှ တွက်ဆပြီး ဆောင်ရွက်ထားသည်ကို တွေ့ရမှာဖြစ်ကြောင်း ယင်းပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက ဆွေးနွေးပြောကြားသည်။“ဒီမိုကရေစီနိုင်ငံကို ချီတက်နေလျှင် ဒီမိုကရေစီစံနှုန်းကိုတော့ မမေ့သင့်ပါ။ ဒီမိုကရေစီစံနှုန်းကို စဉ်းစားရာတွင် အတိုင်းအတာ ပမာဏကို သေချာစွာ ရွေးချယ်သတ်မှတ်ရန်လည်း အထူးလိုအပ်လှပါတယ်” ဟု ဦးသိန်းထွန်းဦးက ပြောကြားသည်။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် NLD လွှတ်တော်ကိုယ်စားလှယ်များက ဖွဲ့စည်းပုံပြင်ဆင်ရေးကို လက်ခံသဘောတူသော်လည်း ပြင်ဆင်ပုံ ပြင်ဆင်နည်းလမ်းကို လက်မခံကြောင်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

Most Read

Most Recent