ဧကတစ်ထောင်ကျော် ကျယ်ဝန်းသည့် စလင်းမြို့ရှိ ဝက်သည်းကန်အား နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် အကြီးစားပြုပြင်မည်

ဧကတစ်ထောင်ကျော် ကျယ်ဝန်းသည့် စလင်းမြို့ရှိ ဝက်သည်းကန်အား နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် အကြီးစားပြုပြင်မည်
Published 14 June 2015
အောင်သူငြိမ်း (မကွေး)

၁၀၈၈ ဧက အကျယ်ရှိပြီး သားငှက်ဘေးမဲ့ ကြိုးဝိုင်းနယ်မြေအဖြစ် သတ်မှတ်ထားသည့် မကွေးတိုင်းဒေသကြီး စလင်းမြို့ရှိ ဝက်သည်းကန်အား နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် အကြီးစားပြုပြင်မှုများ ဆောင်ရွက်မည်ဖြစ်ပြီး ဇွန်လဆန်းပိုင်းက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ယင်းကန်အတွင်းရှိ ရွှေမုဋ္ဌောဘုရား အကျိုးတော်ဆောင်များနှင့် စလင်းမြို့နယ် သစ်တောဦစီးဌာန တာဝန်ရှိသူများထံမှ သတင်းရရှိသည်။ဝက်သည်းကန်ကို ခရစ်သက္ကရာဇ် ၁၁၉၄ ခုနှစ်တွင် နရပတိစည်သူမင်းကြီး၏ ကိုယ်လုပ်တော် ရှင်စောဝက တူးဖော်ခဲ့ကြောင်း၊ ၁၉၅၃ ခုနှစ်မှစတင်၍ ထိုကန်ကြီးကို သားငှက်ဘေးမဲ့ကြိုးဝိုင်းအဖြစ် စတင်သတ်မှတ်ခဲ့ကြောင်း၊ ယင်းကန်ကြီးအတွင်း နှစ်ပေါင်းများစွာ ပြုပြင်မှု မရှိခဲ့သောကြောင့် နုန်းနှင့်ရွှံ့နှစ်များပြား၍ အချို့နေရာများတွင် ပိတ်စွယ်နှင့် ကြာများ တိုးမပေါက်သည်အထိ တောထနေကြောင်း၊ ယခင်နှစ်က မိုးရွာသွန်းမှု နည်းခဲ့သောကြောင့် ကန်အတွင်းရေဝင်မှု လျော့နည်းခဲ့ကြောင်း၊ ထို့ကြောင့် ကန်အတွင်းမှ နုန်းထူထပ်သောနေရာများတွင် ကန်ဆယ်ရန်နှင့် ကန်ပတ်လည်ကို တာပေါင်အမြင့် တည်ဆောက်ရန် စီစဉ်ခဲ့ကြောင်း သိရသည်။“ကန်ကြီးက အရင်ကတော့ ဧကတစ်ထောင်ကျော်ရှိခဲ့ပြီး အခုလက်ရှိတော့ ဧက ၉၀၀ လောက်ပဲ ကျန်တော့တာပါ။ ဒီပတ်ဝန်းကျင်မှာ ကန်က အနိမ့်ဆုံးနေရာ ဖြစ်နေတော့ ကန်နဲ့ဆက်စပ်တဲ့ ကျေးရွာတွေက အမှိုက်နဲ့ အညစ်အကြေးတွေကို ကန်ဧရိယာထဲမှာပဲ စွန့်ပစ်ရာက နယ်မြေတွေ လျော့ကျလာတာပါ။ အဲဒါတွေကို ကာကွယ်နိုင်ဖို့ ကန်ပတ်လည်ပေါင်ကို မြှင့်ဖို့ စီစဉ်ထားပါတယ်။ ကန်ထဲကနုန်းတွေကို ဆယ်ဖို့ကတော့ မြို့မိမြို့ဖတွေနဲ့ ဒီမြို့က လွှတ်တော်အမတ်တွေ၊ အစိုးရတာ ဝန်ရှိသူတွေ တိုင်ပင်ကြပြီး မင်းဘူးခရိုင် ဆည်မြောင်းဌာနနဲ့ ချိတ်ဆက်လုပ်ကိုင်မယ်လို့ သိရပါတယ်” ဟု စလင်းမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ဝက်သည်းကန် အရှေ့ထိပ်ရှိ ရွှေမုဋ္ဌောဘုရား အကျိုးတော်ဆောင်တစ်ဦးက “ကန်ကြီးကို ပြုပြင်မှု မရှိခဲ့တာတော့ နှစ်ပေါင်း ၅၀ လောက် ရှိခဲ့ပါပြီ။ အခု ဒီမြို့က ဒေါက်တာဦးကံဇော်ရဲ့ ဦးဆောင်မှုနဲ့ ကန်ဆယ်ဖို့ ဆည်မြောင်းဌာနက ကွင်းဆင်းတိုင်းတာပြီး အလံတွေစိုက်သွားပါပြီ။ ရေလယ် ရွှေမုဋ္ဌောဘုရားရဲ့ ပင်မဆောင်နဲ့ အရန်ဆောင်တွေကိုတော့ အများလှူဒါန်းထားတဲ့ငွေနဲ့ ရေလယ်သစ်သားတိုင်တွေကို ကွန်ကရစ်တိုင်တွေ အစားထိုးပြီး တည်ဆောက်နေပါတယ်။ အခုလတ်တလော ဘုရားဖူးတွေ အဆင်ပြေဖို့ ရေလယ်ဘုရားဆီကိုဝင်တဲ့ လျှောက်လမ်းက တိုင်အဟောင်းတွေကို သစ်မာသား လေးထောင့်တိုင်တွေ အစားထိုးပြီး ပြုပြင်ထားပါတယ်” ဟု ဆိုသည်။ဝက်သည်းကန်သို့ လာရောက်လည်ပတ်သူတစ်ဦးက “ကန်ထဲမှာ ကြာတွေကလည်း မျက်စိတစ်ဆုံး ပွင့်နေပြီး ငါးတွေအများကြီးကိုလည်း မြင်တွေ့ခဲ့ရတော့ ကြည်နူးဖို့ကောင်းပါတယ်။ ဒါပေမဲ့ ကန်ထဲကငါးတွေကို အစာကျွေးတော့ ငါးတွေ အစာဟပ်လိုက်တာနဲ့ နုန်းနဲ့ဗွက်နှစ်တွေက ရေပေါ်တက်လာပြီး အစာတွေက ပျောက်ကုန်တယ်။ ကန်ပတ်ချာလည်မှာလည်း အမှိုက်တွေ စွန့်ပစ်ထားတာ တွေ့ခဲ့ရတယ်။ ကန်ပေါင်ပေါ် မြောက်ဘက်ထိပ်မှာ ဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်က အမှိုက်တွေကို ကန်ထဲကိုပဲ စွန့်ပစ်တာတွေ တွေ့ရတယ်။ ဒီလို ရှေးဟောင်းကန်လည်းဖြစ်၊ အကျယ်အဝန်းလည်းကောင်းတဲ့ သားငှက်ဘေးမဲ့ ကြိုးဝိုင်းနယ်မြေကို ထိရောက်တဲ့ ကာကွယ်မှုတွေ ဆောင်ရွက်သင့်ပါတယ်” ဟု ပြောကြားသည်။      

Most Read

Most Recent