ကလေးအဆင်သင့်ဖြစ်မှ စာသင်ပါ

ကလေးအဆင်သင့်ဖြစ်မှ စာသင်ပါ
Published 13 June 2015
မောင်တင်ဦး(မြောင်းမြ)

မိဘနှင့် ဆရာ ကလေးကို တကယ်သိရဲ့လား
 
ကလေးက စူးစူးရှရှအသံနဲ့ ငိုနေတယ်။ အမေကလည်း ကလေးကို ဆူပူကြိမ်းမောင်းနေတယ်။ ဒီအချိန်ဆို ဒီလိုအသံတွေကြားနေကျ။ ဘာဖြစ်လို့ပါလိမ့်။ သြော် ကျောင်းတွေပြန်ဖွင့်ချိန်ရောက်ပြီပဲ။ ကလေးတစ်ယောက်အတွက် အမိရင်ခွင်၊ အိမ်ပရဝဏ်က ကျော်လွန်ပြီး ကျောင်းပရဝဏ်ထဲကို စတင်ဝင်ရောက်ရတာဟာ အလွန်စိတ်လှုပ်ရှား ကြောက်ရွံ့စေတဲ့ အတွေ့အကြုံသစ်ဖြစ်တယ်။ ဒါကို မိဘနဲ့ ဆရာတို့က ကောင်းစွာ ကိုယ်ချင်းစာနားလည်ပေးရမယ်။
 
ကလေးကို စာတတ်စေချင်တဲ့ အသိစိတ်တစ်ခုတည်းနဲ့ ကလေးကို အတင်းအဓမ္မ စာမသင်ပေးသင့်ဘူး။ အချို့မိဘတွေက ကလေးကို နှစ်နှစ်ကျော် သုံးနှစ်အရွယ်ရောက်ရုံနဲ့ မူကြိုကျောင်း၊ နေ့ကလေးထိန်းကျောင်းတို့ကို ပို့တတ်ကြတယ်။ မူကြိုကျောင်းက ဆရာမ ခေါ်ရမလား။ ကလေးထိန်းခေါ်ရမလား။ ထိုထိုသော မိန်းမရွယ်တွေက ကလေးမထိန်းဖူးသူလည်းပါတယ်။ ကလေး စိတ်ပညာသိသူဆိုလို့ တည်ထောင်သူကိုယ်တိုင် သိပါ့မလားပဲ။ ထိုဆရာမလေးတွေက ကလေးကို ဘယ်လိုထိန်းကျောင်းပေးမလဲ။ ကလေးတစ်ယောက်ကို ထိန်းကျောင်းတာ၊ ကလေးတစ်ယောက်ကို စာသင်ပေးတာ လွယ်တယ် မထင်လိုက်ပါနဲ့။ အိုးကောင်းလိုချင်ရင် နာနာရိုက်ရတယ်ဆိုတဲ့ ဥပမာကို ကလေးကို ထိန်းကျောင်းရာမှာ မသုံးသင့်ဘူး။ အပြောကောင်း၊ အကြားကောင်းပေမယ့် မနှိုင်းကောင်းတာကို နှိုင်းယှဉ်တဲ့ ဥပမာဖြစ်နေတယ်။
 
စာမရတဲ့ကလေး ရိုက်ရုံနဲ့ စာမတတ်နိုင်ဘူး။ ခုံပေါ် မတ်တတ်ရပ်နေရုံနဲ့ စာမတတ်နိုင်ဘူး။ အပြစ်ပေးရုံနဲ့ စာမတတ်နိုင်ဘူး။ မိဘရဲ့အချစ်နဲ့မေတ္တာ၊ ဆရာ၊ ဆရာမ တို့ရဲ့ ဖြောင့်မှန်တဲ့ စေတနာ၊ မှန်ကန်တဲ့ သင်နည်း၊  သင်ရိုးများနဲ့ ဝိုင်းဝန်းပံ့ပိုးပေးမှသာ ကလေးတွေ စာသင်ယူလိုစိတ် ဖြစ်ထွန်းလာမှာပါ။
 
ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု
 
ကလေးဟာ သက်မဲ့မဟုတ်သလို အိုးလည်းမဟုတ်ဘူး။ ကလေးမှာ ခံစားတတ်တဲ့ နှလုံးသားနဲ့ မှတ်သားတတ်တဲ့ ဦးနှောက် ဉာဏ်ရှိသလို အသွေးအသားနဲ့တည်ဆောက်ထားတဲ့ လူသားတစ်ယောက်ဖြစ်တယ်။ လူသားတစ်ယောက်မှာ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု ( Physical Development )နဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု ( Mental Development ) ဆိုတဲ့ ဖွံ့ဖြိုးမှုနှစ်ခုရှိတယ်။
 
မိဘဟာ ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု ပုံမှန်ရှိရဲ့လား။ ဘာတွေချို့ယွင်းနေသလဲ။ ကလေးနဲ့ အနီးကပ်ရှိနေတဲ့သူများဖြစ်တဲ့အတွက် ကိုယ့်ကလေးအကြောင်း ကိုယ်ကောင်းကောင်းသိရမယ်။ စကားထစ်သလား၊ စကားပီပီသသ ပြောထွက်ရဲ့လား၊ စကားပြောထစ်သလား၊ နှေးသလား၊ မြန်သလား၊ မျက်စိအမြင်ကြည်လင်ရဲ့လား၊ မျက်စိမှုန်လား၊ အဝေးမှုန်လား၊ လက်တွေ၊ ခြေတွေ ပုံမှန်ရှိရဲ့လား၊ ခဲတံ ပေတံ မှန်မှန်ကိုင်တတ်ရဲ့လား၊ အကြားအာရုံကောင်းရဲ့လား စတဲ့ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကို မိဘက အနီးကပ်ကြည့်ရှုပေးရမယ်။
 
အချို့ကလေး နားကောင်းကောင်းမကြားရလို့ ဆရာမပြောတာတခြား ကလေးကြားတာတခြားဖြစ်ပြီး ပြဿနာဖြစ်ကြရတယ်။ ကျောက်သင်ပုန်း (Black Board) မှာရေးထားတဲ့စာကို မမြင်ရလို့ စာကူးမလာတဲ့ကလေးကို မိဘက ရိုက်နှက်နေတာမျိုးတွေ ရှိနေတယ်။ မိမိကလေး ပုံမှန်ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးနေမှသာ ကလေးကို စာသင်ပေးဖို့ဖြစ်တယ်။ ဒါဟာ ပထမအချက် အဆင်သင့်ဖြစ်မှုပဲ။
 
စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု
 
ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု ရှိ မရှိက သိဖို့ လွယ်ပေမယ့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုက အလွယ်တကူ မသိနိုင်ဘူး။ ကလေးအရွယ် (Infant) မှာ ငိုရုံ၊ ရယ်ရုံ သာမန်အပြုအမူပဲ ပြုလုပ်တတ်ကြလို့ ကလေးရဲ့စိတ်ကို သိဖို့ အတော်လေ့လာရမယ်။ တစ်နှစ်ကျော်အရွယ်မှာ ကလေးရဲ့စိတ်ဟာ အမေ၊ အဖေ ခင်တွယ်မယ်။ မိမိပိုင်တယ်ဆိုတဲ့ပစ္စည်းကို  သူတစ်ပါးကို မပေးချင်ဘူး။ စိတ်ဆိုးလွယ်မယ်။ စိတ်ကောက်လွယ်မယ်။ စိတ်ပြေလွယ်မယ်။ ကစားမယ်။ ခုန်ပေါက်ပြေးလွှားမြူး ထူးပျော်တတ်မယ်။ ဒါဟာ သာမန်ကလေး တစ်ယောက်ရဲ့အပြုအမူဖြစ်တယ်။ အဲဒီလိုမဟုတ်ဘဲ တစ်နေရာမှာ ငြိမ်ငြိမ်လေးနေတယ်။ အပြုံး၊ အရယ်၊ အငိုနည်းမယ်။ တည်တည်နေမယ်။ ဆော့ကစားတာ နည်းမယ်။ ဒါဆို ကလေးရဲ့စိတ်ဟာ ပုံမှန်မဟုတ်ဖို့ များနေပြီ။ ကလေးဟာ လူကြီးနဲ့မတူရဘူး။ ကလေးဟာ ကလေးလိုပဲ ကစားရမယ်။ လှုပ်ရှားနေရမယ်။
 
ပထမဆုံး စာစသင်ယူချိန်မှာ မှတ်သားရ ခက်ခဲနေမယ်။ (သင်ကြား-သင်ယူမှုမှန်ဖို့လည်း လိုအပ်တယ်) ကစားရမှာလည်း တက်တက်ကြွကြွမရှိသလို စာသင်ရာမှာလည်း တက်တက်ကြွကြွမရှိရင် ကလေးရဲ့စိတ်ကို ဂရုစိုက်လေ့လာရမယ်။ ကလေးစိတ် ဘယ်လိုရှိနေမှန်းမသိဘဲ မိဘရဲ့လောဘနဲ့ စာကို အတင်းသင်ပေးတာဟာ ကလေးအတွက် အန္တရာယ်ဖြစ်စေတယ်။ စာကြောက်တဲ့ ရောဂါ၊ ကျောင်းမသွားချင်တဲ့ရောဂါ စွဲကပ်သွားစေနိုင်တယ်။ ဆိုတော့ ကလေးရဲ့စိတ် ပုံမှန်ဖွံ့ဖြိုးနေမှသာ စာသင်ပေးသင့်တယ်။ ဒါက ဒုတိယအချက် အဆင်သင့်ဖြစ်မှု ဖြစ်တယ်။
 
ကလေး၏ ပတ်ဝန်းကျင်
 
ကလေးရဲ့ပတ်ဝန်းကျင်ဟာ စာသင်ယူလိုစိတ် ပိုဖြစ်စေတယ်။ အဲဒီပတ်ဝန်းကျင်မှာ မိဘ၊ ညီအစ်ကိုမောင်နှမ၊ အဒေါ်၊ ဦးလေး၊ အဘိုး၊ အဘွားအပြင် ကလေးရဲ့ ကစားဖော်များအထိ ပါဝင်တယ်။ မိဘက တီဗွီကြည့်ရင်း ကလေးကို စာကျက်ဖို့ ပြောနေတာမျိုး။ မိဘက တီဗွီက မျက်နှာမခွာဘဲ ကလေးကို လှည့်မကြည့်ဘဲ ပြောနေတာ။ ကလေးကို မသိဘူးလို့ မထင်လေနဲ့။ သူကလည်း မိဘကိုကြည့်ပြီး (အတုယူပြီး) လုပ်ချင်တာ လုပ်နေလိမ့်မယ်။ ကလေးမွေးနေ့လိုမျိုး ကလေးအမှတ်တရနေ့တွေမှာ စာအုပ်ဝယ်ပေးတာ၊ ခဲတံဝယ်ပေးတာ၊ ပန်းချီဆွဲတဲ့စာအုပ်၊ ရောင်စုံခဲတံ ဝယ်ပေးတာ။ မိဘနဲ့အတူ ပုံဆွဲတာ၊ စာရေးတာ လုပ်ပေးသင့်တယ်။ ကလေးကို ကျောင်းမထားမီ မိဘနဲ့အတူ ကျောင်းကို အလည်သွားသင့်တယ်။ အခြားကလေးတွေ စာသင်နေတာ၊ ကဗျာဆိုနေတာ၊ ကစားကွင်းထဲမှာ ရွယ်တူကလေးတွေ အတူတကွဆော့ကစားနေတာ လိုက်ပြသင့်တယ်။
 
ကျောင်းဆိုတာ ကလေးကိုရိုက်နှက်ပြီး ထားရတဲ့နေရာ မဟုတ်ဘူး။ ရွယ်တူ သူငယ်ချင်းတွေ ဆုံတွေ့တဲ့နေရာ၊ ဆော့ကစားတဲ့ နေရာလို့ ကလေးစိတ်ထဲ သိမြင်လာအောင်  မိဘက ဆွဲဆောင်ပေးရမယ်။
 
စင်ကာပူနိုင်ငံမှာ စာအုပ်ဆိုင်အတော်များများကို Shopping Mall တွေထဲမှာ ဖွင့်ထားကြတယ်။ စာအုပ်ဆိုင်ဆိုပေမယ့် စာအုပ်ကို ဝယ်ဝယ် မဝယ်ဝယ် ယူဖတ် (မြည်း) ကြည့်လို့ရတယ်။ လူကြီးတွေဖတ်နိုင်တဲ့ ကျမ်းစာအုပ်၊ အတွေးအခေါ်စာအုပ်တွေ မှ လေးဖက်ထောက် ကလေးတွေဖတ်လို့ (ကြည့်လို့) ရတဲ့စာအုပ်တွေအထိ အမျိုးစုံ တင်ထားတယ်။ စာအုပ်ကို ယူသွားပြီး ထိုင်ဖတ်နိုင်အောင် စားပွဲကုလားထိုင်တွေ အသင့်ပြင်ဆင်ပေးထားတယ်။ စာအုပ်တွေ ခိုးသွားလ့ိုမရအောင် သူတို့နိုင်ငံမှာက သိက္ခာနဲ့ စည်းကမ်းကို CCTV ကင်မရာတွေနဲ့ ထိန်းကျောင်းထားတယ်။
 
စာအုပ်ဆိုင်တစ်ဆိုင်မှာ ကစားစရာတွေကို ကြမ်းပြင်ပေါ်မှာ ချထားတယ်။ လေးဖက်ထောက်သွားတတ်တဲ့ကလေးကို ချပေးလိုက်တယ်။ ကလေးက ကစားစရာတွေကို ကိုင်ရင်းဆော့ရင်း ရှေ့ဆက်သွားရင်းနဲ့ တဖြည်းဖြည်းစာအုပ်တွေ ဖြန့်ချထားတဲ့နေရာ ကို ရောက်သွားတယ်။ ကလေးကို စာအုပ်လှမ်းဆွဲရင်း ဟိုလှန်ဒီလှန်နဲ့ စာအုပ်ကိုကြည့် ဖြစ်တယ်။ စာအုပ်ထဲမှာလည်း ကလေးသဘောကျစေတဲ့ ကိတ်မုန့်၊ ချောကလက်၊ ကြောင်၊ ခွေးပုံတွေကို ရောင်စုံပန်းချီနဲ့ရေး ဆွဲထားတယ်။ ဒီလိုနဲ့ ကလေးတွေဟာ စာအုပ်နဲ့ ယဉ်ပါးလာစေတယ်။ ကလေးတွေ စာဖတ်ဖို့၊ စာနဲ့ ယဉ်ပါးဖို့ တာဝန်ရှိ (အသိပညာရှိ) ပုဂ္ဂိုလ်များက စတင်ရမှာဖြစ်တယ်။ စာကြည့်တိုက်တွေ များများဖွင့်ပေးဖို့၊ ဖွံ့ဖြိုး ဖို့ဆောင်ရွက်ကြရမယ်။
 
ဆိုတော့ ကလေးတစ်ယောက် သုံးနှစ်သားအရွယ်မှ ဘဝတစ်သက်တာလုံး သင်ယူနေရမယ့် ကျောင်းစာ (လောကစာ၊ ဘဝစာ၊ တရားစာ)ကို အလောတကြီး မလုပ်ကြပါနဲ့။ ကလေးကို အတင်းအကျပ် မိဘလောဘနဲ့ စာမသင်ခိုင်းပါနဲ့။ မိမိကိုယ်တိုင်သည်ပင်လျှင် ကလေးအရွယ်က ဘဝပြန်သတိရပြီး ကိုယ်ချင်းစာစိတ်နဲ့ ကလေးကို စာသင်ယူဖို့ စီမံပေးပါ။ ပြိုင်ဆိုင်တာကောင်းပေမယ့် ပြိုင်ဆိုင်ပုံပြိုင်ဆိုင်နည်းမှားရင် မကောင်းတဲ့ဘက် ရောက်သွားတတ်တယ်။ ကလေးကို စာသင်ပေးဖို့အတွက် ကလေးမှာ အဆင်သင့် ဖြစ် မဖြစ် ဦးစွာလေ့လာကြဖို့ ကလေးများဘက်က ရှေ့နေလိုက်ပေးလိုက်ရပါကြောင်း။
 
 

Most Read

Most Recent