အစိုးရမှ တင်သွင်းသည့် ရုပ်/သံ ဥပဒေကြမ်းအား လွှတ်တော်ပြန်ကြားရေးဆိုင်ရာ ကော်မတီက အချက်ပေါင်း ၄၄ ချက် ပြင်ဆင်

အစိုးရမှ တင်သွင်းသည့် ရုပ်/သံ ဥပဒေကြမ်းအား လွှတ်တော်ပြန်ကြားရေးဆိုင်ရာ ကော်မတီက အချက်ပေါင်း ၄၄ ချက် ပြင်ဆင်
Published 13 June 2015

အစိုးရမှရေးဆွဲထားသည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းအား လွှတ်တော်ပြန်ကြားရေးဆိုင်ရာကော်မတီက အချက်ပေါင်း ၄၄ ချက်ကို ပြင်ဆင်ခဲ့ကြောင်း လွှတ်တော်ပြန်ကြားရေးဆိုင်ရာကော်မတီအဖွဲ့ဝင် ဦးခိုင်မောင်ရည်က ပြောကြားသည်။
 
အဆိုပါ ပြင်ဆင်ချက် ၄၄ ချက်အား ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ နှင့် ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီတို့ ညှိနှိုင်းပြင်ဆင်ထားခြင်းဖြစ်သည်ဟု ဦးခိုင်မောင်ရည်က ဆိုသည်။
 
ရုပ်/သံဥပဒေမူကြမ်း ပုဒ်မ ၅၂ ၌  “ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်မှုဇုန်တစ်ခုတွင် ပုဂ္ဂလိက သတင်းစာလုပ်ငန်းနှင့် ပုဂ္ဂလိက ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဝန်ဆောင်မှုလုပ်ငန်းများ ပူးတွဲပိုင်ဆိုင်ခြင်းကို ခွင့်မပြု ”ဆိုသည့်အချက်နေရာတွင် “ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်မှုဇုန်တစ်ခုတွင် ပုဂ္ဂလိက သတင်းစာလုပ်ငန်းကိုဖြစ်စေ၊ ပုဂ္ဂလိက ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်းကိုဖြစ်စေ ပူးတွဲပိုင်ဆိုင်ခြင်းနှင့် စပ်လျဉ်း၍လုပ်ငန်းတစ်ခုကို ရာနှုန်းပြည့် ပိုင်ဆိုင်ထားပါက အခြားလုပ်ငန်းတစ်ခုကို ရာခိုင်နှုန်း ၃၀ ထက်ပို၍ ခွင့်မပြု”ဟု အစားထိုးပြင်ဆင်ထားကြောင်း ဦးခိုင်မောင်ရည်က ဆိုသည်။
 
“ဆရာတို့ ပြန်ကြားရေးဆိုင်ရာကော်မတီက ပုဒ်မ ၅၂ ကို ဖြုတ်တယ်။ ဥပဒေကြမ်းကော်မတီက ပြန်ထည့်ထားတယ်။ အဲဒီကော်မတီနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်ပြီး ပြင်ဆင်ချက် ၄၄ ချက်ကို တင်သွင်းခဲ့တာ ဖြစ်ပါတယ်”ဟု အားကစား၊ယဉ်ကျေးမှုနှင့်ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီအဖွဲ့ဝင် ဦးခိုင်မောင်ရည်က ပြောကြားသည်။
 
အဆိုပါ လွှတ်တော် ပြန်ကြားရေးဆိုင်ရာကော်မတီ၏ ပြင်ဆင်ချက် ၄၄ ချက်ကို လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ သဘောတူညီချက်နှင့်အတူ ပြည်သူ့လွှတ်တော်မှလည်း အတည်ပြုခဲ့သည်။
 
ပြည်သူ့လွှတ်တော်သို့ ရောက်ရှိနေသည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်း၌ ကန့်သတ်ချက်အချို့ ပါဝင်နေကြောင်း၊ ၎င်းအချက်များအနက် တစ်ချက်မှာ သတင်းစာထုတ်ဝေနေသည့် မီဒီယာများသည် ရုပ်သံမီဒီယာလုပ်ကိုင်ခွင့် မရှိစေရဆိုသည့် ကန့်သတ်ချက်ဖြစ်ကြောင်း၊ ၎င်းအချက်သည် နိုင်ငံအများစု၌ မကျင့်သုံးကြောင်း ဦးခိုင်မောင်ရည်က မေ ၁၈ ရက်တွင် သတင်းထောက်များအား ပြောကြားသည်။
 
ရုပ်/သံ ဥပဒေမူကြမ်း ပုဒ်မ  ၅၂  ၌ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်မှုဇုန်တစ်ခုတွင် ပုဂ္ဂလိကသတင်းစာလုပ်ငန်းနှင့် ပုဂ္ဂလိက ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဝန်ဆောင်မှုလုပ်ငန်းများ ပူးတွဲပိုင်ဆိုင်ခြင်းကို ခွင့်မပြုဆိုသည့် အချက်ပါဝင်နေကြောင်း၊ ၎င်းအချက်မှာ မြဝတီနှင့် PSM (အများပြည်သူဝန်ဆောင်မှု မီဒီယာ)လုပ်ငန်းတို့အတွက် အဆင်ပြေစေရန် ရည်ရွယ်ထားသကဲ့သို့ဖြစ်နေကြောင်း ကျွမ်းကျင်သူများက သုံးသပ်ပြောကြားထားသည်။

Most Read

Most Recent