ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းကို လာမည့်ရက်ပိုင်းအတွင်း လွှတ်တော်သို့ တင်သွင်းနိုင်ရန် ကိုယ်စားလှယ် ရာခိုင်နှုန်း ၂၀ ၏ သဘောတူညီချက် စတင်ကောက်ခံ

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းကို လာမည့်ရက်ပိုင်းအတွင်း လွှတ်တော်သို့ တင်သွင်းနိုင်ရန် ကိုယ်စားလှယ် ရာခိုင်နှုန်း ၂၀ ၏ သဘောတူညီချက် စတင်ကောက်ခံ
Published 8 June 2015
ဝေယံဖြိုးဦး၊ မျိုးမင်းထက်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းကို လာမည့်ရက်ပိုင်းအတွင်း လွှတ်တော်သို့ တင်သွင်းနိုင်ရန် ကိုယ်စားလှယ် ရာခိုင်နှုန်း ၂၀ ၏ သဘောတူညီချက်များကို စတင်ကောက်ခံနေပြီဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းက ဇွန် ၈ ရက်တွင် သတင်းထောက်များအား ပြောကြားသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရန် လိုလားထောက်ခံသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ရာခိုင်နှုန်း ၂၀ ၏ သဘောတူ လက်မှတ်များ ရရှိပြီးပါက ဇွန် ၁၁ ရက်နှင့် ၁၂ ရက်များတွင် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းနိုင်ရန် စီစဉ်လျက်ရှိကြောင်းနှင့် အချိန်မမီပါက လာမည့် ဇွန် တတိယပတ်အတွင်း ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းမည်ဟု ဦးသိန်းထွန်းက ဆိုသည်။
“ဒီနေ့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းတင်ဖို့ လိုအပ်တဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ရာခိုင်နှုန်း ၂၀ ရဲ့ သဘောတူညီချက် လက်မှတ်တွေ စကောက်ပါတယ်။ မြန်ခဲ့ရင် ဒီတစ်ပတ် ကြာသပတေး၊ သောကြာမှာ တင်မယ်။ မမြန်ခဲ့ရင် နောက်တစ်ပတ်မှာ တင်မှာပေါ့။ ကိုယ်စားလှယ်တွေထဲက ရာခိုင်နှုန်း ၂၀ လက်မှတ်ရတယ် ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းတင်ဖို့ လွှတ်တော်ကို အဆိုတင်ရမှာပါ။ မရရင်တော့ ဆွေးနွေးစရာ အကြောင်းမရှိဘူးပေါ့” ဟု ပြည်သူ့လွှတ်တော ကိုယ်စားလှယ် ဦးသိန်းထွန်းက ပြောကြားသည်။
လွှတ်တော်သို့ တင်သွင်းမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်း၌ ပြည်သူအများ စိတ်ဝင်စားနေသည့် ပုဒ်မ ၅၉ (စ) နှင့် ပုဒ်မ ၄၃၆ (က)ကဲ့သို့သော ပုဒ်မများ ပါဝင်ဖွယ်ရှိကြောင်းနှင့် ၎င်းပုဒ်မများပါ ဥပဒေအကြောင်း ခြင်းရာများအား ဖြေလျှော့မှုများ ရှိလာနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အကောင်အထည်ဖော်မှု ကော်မတီ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောကြားသည်။
ပြီးခဲ့သည့် ၁၁ ကြိမ်မြောက် အစည်းအဝေး၌  ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅၊ ၄၃၆ တို့နှင့်အညီ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ တင်သွင်းဆွေးနွေး နိုင်ရေးအတွက် စီမံဆောင်ရွက်နိုင်ရေး အဆိုကို အတည်ပြုပြီး ဖြစ်သဖြင့် လက်ရှိအချိန်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းအား သက်ဆိုင်ရာ အဖွဲ့များက ရေးဆွဲဆောင်ရွက် ခဲ့ပြီးနောက် လွှတ်တော်သို့ တင်သွင်းနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်လေ့လာ သုံးသပ်နိုင်ရေးအတွက် ပြည်ခိုင်ဖြိုးပါတီမှ သူရဦးအေးမြင့်က ၂၀.၃.၂၀၁၃ တွင် အဆိုတင်သွင်းခဲ့သည်။ ၎င်းအဆိုအား ပြည်ခိုင်ဖြိုးပါတီမှ ဦးသိန်းဇော်က ထောက်ခံခဲ့ပြီးနောက် ပြည်ထောင်စု လွှတ်တော်၌ ဖွဲ့ စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းခဲ့သည်။ ၎င်းကော်မတီက ၃၁.၁.၂၀၁၄တွင် အစီရင်ခံစာ တင်သွင်းခဲ့ပြီး ၎င်းအစီရင်ခံစာအရ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီကို ဆက်လက်ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။
ပြည်ထောင်စု လွှတ်တော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီသည် ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အစီရင်ခံစာကို တင်သွင်းခဲ့ပြီး ၎င်းအစီရင်ခံစာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ စုစုပေါင်း ၄၅၇ ခုအနက် မှ ပုဒ်မ ၅၉ (စ) အပါအဝင် ပုဒ်မပေါင်း ၂၁၀ အား ပြင်ဆင်ရန် အကြံပြုခဲ့သည်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် ငါးလခန့်သာ အချိန်လိုအပ်တော့ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရန် အချိန်မှာ နည်းပါးနေပြီဖြစ်သဖြင့် လက်ရှိအချိန်တွင် လွှတ်တော်၌ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စများကို မဆောင်ရွက်နိုင်ပါက လက်ရှိ လွှတ်တော်သက်တမ်းအတွင်း ပြင်ဆင်နိုင်ရန် အခွင့်အလမ်း အလွန်နည်းပါး သွားမည်ဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် ပြင်ဆင်သင့် ပြင်ဆင်ထိုက်သည့် ပုဒ်မအချို့ကိုသာ ပြင်ဆင်နိုင်မည်ဟု ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက မေ ၂၉ ရက်တွင် နိုင်ငံရေးပါတီ ခေါင်းဆောင်များအား ပြောကြားထားသည်။
 

Most Read

Most Recent