ဆီးဂိမ်းပြိုင်ပွဲ ခြင်းလုံးပြိုင်ပွဲမှ ချီးမြှင့်သည့် ရွှေလေးခုအနက် နှစ်ခုကို မြန်မာခြင်းလုံးအဖွဲ့ ဆွတ်ခူးရယူ

ဆီးဂိမ်းပြိုင်ပွဲ ခြင်းလုံးပြိုင်ပွဲမှ ချီးမြှင့်သည့် ရွှေလေးခုအနက် နှစ်ခုကို မြန်မာခြင်းလုံးအဖွဲ့ ဆွတ်ခူးရယူ
Published 8 June 2015

ဆီးဂိမ်းစ်ခြင်းလုံးပြိုင်ပွဲ ဒုတိယနေ့ ပွဲစဉ်များကို ဇွန် ၇ ရက်တွင် ဆက်လက်ယှဉ်ပြိုင်ကစားရာ မြန်မာခြင်းလုံးအဖွဲ့က ရွှေတစ်ခု ထပ်မံဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။ ခြင်းလုံးပြိုင်ပွဲတွင် ရွှေလေးခု ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး မြန်မာခြင်းလုံးအဖွဲ့က ရွှေနှစ်ခု ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ခြင်းလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် တစ်သင်းလျှင် ပြိုင်ပွဲနှစ်ခု၌သာ ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်ပြီး မြန်မာခြင်းလုံးအသင်းမှာ ရယူနိုင်သည့် ရွှေနှစ်ခုစလုံးကို ဆွတ်ခူးနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ခြင်းလုံးပြိုင်ပွဲ၏ Event-2 ပြိုင်ပွဲကို ဇွန် ၇ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာအသင်းနှင့်အတူ ထိုင်း၊ ဘရူနိုင်းနှင့် အိမ်ရှင်စင်ကာပူအသင်းတို့ ယှဉ်ပြိုင်ခဲ့သည်။ အုပ်စုပွဲစဉ်များ အပြီးတွင် ၂၄၀ မှတ် ရရှိသည့် မြန်မာအသင်းနှင့် ၂၁၁ မှတ် ရရှိသည့် ထိုင်းအသင်းတို့မှာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။ ဗိုလ်လုပွဲတွင် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ခဲ့ရပြီး မြန်မာအသင်းမှာ (၂၅၀-၁၉၅) မှတ်ဖြင့် အနိုင်ရရှိပြီး မြန်မာအားကစားအဖွဲ့အတွက် စတုတ္ထမြောက် ရွှေဆုလည်းဖြစ်ခဲ့သည်။ မြန်မာအားကစားအဖွဲ့သည် ပြိုင်ပွဲပထမနေ့တွင် ရွှေသုံးခုသာ ရယူနိုင်ခဲ့ပြီး ပြိုင်ပွဲဒုတိယနေ့တွင် ပထမဆုံးရရှိသည့် ရွှေဆုလည်း ဖြစ်ခဲ့သည်။ မြန်မာ့ရိုးရာ အားကစားနည်းဖြစ်သည့် ခြင်းလုံးပြိုင်ပွဲကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က စတင်ထည့်သွင်းကျင်းပခဲ့ပြီး ယခုနှစ်တွင် ထပ်မံပါဝင်လာခဲ့သော်လည်း အမျိူးသမီးပြိုင်ပွဲကို ထည့်သွင်းကျင်းပခဲ့ခြင်း မရှိပေ။ မြန်မာခြင်းလုံးအသင်းသည် ရိုးရာအားကစားနည်းဖြစ်သောကြောင့် ပြိုင်ဘက်အသင်းများထက် အသာစီးမှ ကစားကာ ယှဉ်ပြိုင်ကစားနိုင်ခဲ့သော်လည်း ပြိုင်ဘက်အသင်းများဖြစ်သည့် ထိုင်းအသင်းမှာလည်း တိုးတက်မှုများစွာ ရှိလာသည်ကို တွေ့ရသည်။ခြင်းလုံးပြိုင်ပွဲကို ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့်အတူ ထည့်သွင်းကျင်းပခြင်းဖြစ်ပြီး လာမည့် ၂၀၁၇ မလေးရှားဆီးဂိမ်းစ်ပြိုင်ပွဲတွင်လည်း ဆက်လက်ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာခြင်းလုံးအသင်းသည် ပြီးခဲ့သည့် ၂၀၁၃ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရွှေခြောက်ခုအထိ ဆွတ်ခူးရယူနိုင်ခဲ့ကြောင်း သိရသည်။