NCA စာချုပ်နှင့်ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား အပြီးသတ် ညှိနှိုင်းအတည်ပြုနိုင်ခြင်းမရှိ၍ လော်ခီးလာထိပ်သီးအစည်းအဝေး ရက်ထပ်တိုး

NCA စာချုပ်နှင့်ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား အပြီးသတ် ညှိနှိုင်းအတည်ပြုနိုင်ခြင်းမရှိ၍ လော်ခီးလာထိပ်သီးအစည်းအဝေး ရက်ထပ်တိုး
Published 7 June 2015
အောင်ဇော်ထွန်း

တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် အတည်ပြု (မူကြမ်း) နှင့်ပတ်သက်ပြီး ဆွေးနွေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များအစည်းအဝေးကို ကရင်ပြည်နယ် လော်ခီးလာဒေသတွင် ဇွန် ၂ ရက်မှ ၆ ရက်အထိ ငါးရက်ကြာ ပြုလုပ်ခဲ့ရာ သတ်မှတ်ရက်အတွင်း အပြီးသတ်ဆွေးနွေးနိုင်ခြင်းမရှိ၍ ဆွေးနွေးပွဲရက်ကို ဇွန် ၇ ရက်အထိ တိုးမြှင့်ပြုလုပ်သွားမည်ဖြစ်ပြီး ဆွေးနွေးမှုမပြီးပြတ်ပါက ရက်ထပ်မံတိုးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့အကြား တစ်နှစ်ခွဲကြာ ညှိနှိုင်းပြီးနောက် ၂၀၁၅ ခုနှစ် မတ်လကုန်ပိုင်းက အတည်ပြုခဲ့သည့် အပစ်ရပ်မူကြမ်းအပေါ် NCCT အဖွဲ့က လော်ခီးလာဒေသတွင် အစည်းအဝေးခေါ်ယူကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များထံ ပြန်လည်တင်ပြပြီး စာချုပ်မူကြမ်း အပြီးသတ်နိုင်ရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်သည်။
 
UPWC နှင့် NCCT တို့အကြား အတည်ပြုပြီးဖြစ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် Single Text  အတည်ပြု (မူကြမ်း) နှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ချင်းစီ၏ သဘောထားများ တင်သွင်းခြင်းနှင့်  NCCT အဖွဲ့မှ ရှင်းလင်းခြင်း၊ အပစ်ရပ်မူကြမ်း အတည်ပြုနိုင်ရေး ဆောင်ရွက်ခြင်းကို အခန်းလိုက် ဆွေးနွေးညှိနှိုင်းရာ အဖွဲ့အစည်းများအကြား အမြင်မတူညီမှုများကြောင့် အပစ်ရပ်မူကြမ်းပါ အခန်း (၇) ခန်းလုံးကို အပြီးသတ်ညှိနှိုင်းအတည်ပြုနိုင်ခြင်းမရှိသေး၍  ယခုကဲ့သို့ ဆွေးနွေးပွဲရက်ကို ထပ်တိုးရခြင်းဖြစ်ကြောင်း သိရသည်။
 
ဇွန် ၆ ရက်ကပြုလုပ်ခဲ့သည့် လော်ခီးလာထိပ်သီး အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာက “ဒီနေ့ကတော့ အဲဒီမပြီးဆုံးသေးတဲ့ NCA (တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးသဘောတူစာချုပ်) ကိုပဲ ပြန်ပြီးတော့ ဆွေးနွေးတာပါ။ များသောအားဖြင့် ဝေါဟာရတွေကို နည်းနည်းပြန်ပြီးတော့ မေးမြန်းကြတယ်။ ပြင်ဆင်ဖို့တချို့ကလည်း အဆိုပြုကြတယ်။ အဲဒါတွေနဲ့ပဲ အချိန်ကုန်ပါတယ်လို့ ပြောရမှာပါ။  သိပ်ထူးထူးခြားခြား များများစားစားလည်း မဆုံးဖြတ်နိုင်သေးဘူးဗျ” ဟု ပြောကြားသည်။
 
NCCT အဖွဲ့ဝင် ဒေါ်စောမြရာဇာလင်း က “ဒီနေ့မှာ အခန်း(၃) က အဆက်တွေကို ဆွေးနွေးတယ်။ အခန်း(၄)ကို ဆွေးနွေးတယ်။  အခန်း(၅)ကို ဆွေးနွေးတယ်။ အခု အခန်း (၆)ကို ရောက်ပြီဖြစ်တယ်။ အခန်း(၃) မှာ စာသားတွေကို ညီလာခံရဲ့ လုပ်ထုံးလုပ်နည်း နဲ့အညီ ကျွန်မတို့  NCCT နဲ့ UPWC ကနေ အတည်ပြုထားတဲ့ မူကြမ်းမှာပါတဲ့ စကားလုံးတွေကို ကျွန်မတို့ခေါင်းဆောင်တွေက သူတို့ အစားထိုးသင့်တယ်လို့မြင်တဲ့ စကားလုံးတွေနဲ့ အစားထိုးဖို့အတွက် ပေးကြတယ်။ အဲဒီနေရာမှာ ကျွန်မတို့ ညီလာခံမှာ ဆွေးနွေးကြတယ်” ဟု ပြောကြားသည်။ 
 
အပစ်ရပ်စာချုပ် အတည်ပြု (မူကြမ်း) ပါ အခန်းခုနစ်ခန်းမှာ အခန်း(၁) အခြေခံမူများ၊ အခန်း(၂) ဦးတည်ချက်နှင့် ရည်ရွယ်ချက်များ၊ အခန်း(၃) အပစ်အခတ်ရပ်စဲရေးဆိုင်ရာအခန်းများ၊ အခန်း(၄)  အပစ်အခတ်ရပ်စဲရေးကို ခိုင်မာအောင်လုပ်ဆောင်မည့် နည်းလမ်းများ၊ အခန်း(၅) နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များ၊ အခန်း(၆) ရှေ့ ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ၊ အခန်း(၇) အထွေထွေ စသည်တို့ဖြစ်သည်။
 
တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းပါ အခန်း ခုနစ်ခန်းလုံး ဆွေးနွေးညှိနှိုင်းပြီးပါက NCCT မှ နုတ်ထွက်ရန် တင်ပြထားသည့် အဖွဲ့အစည်းများကိစ္စ၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကိစ္စ၊ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးချမှတ်ခြင်းကိစ္စများ ဖြစ်သည့် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး သဘောတူစာချုပ်ကို လူထုနှင့် နိုင်ငံတကာသို့ ချပြခြင်းအစီအစဉ်၊ အစိုးရနှင့် ဆက်လက်ဆွေးနွေးညှိနှိုင်းခြင်းအစီအစဉ်တို့နှင့် ပတ်သက်ပြီး ဆွေးနွေးသွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။       

Most Read

Most Recent